ဒီမိုကရေစီက ပျော်စရာလည်း မကောင်းဘူး၊ ပြီးတော့ ကြောက်စရာကြီး

0
603

အယုံအကြည်မရှိ အဆို
လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော် စာရေးသူ ခြောက်နှစ်သားအရွယ်။ အတိ အကျဆိုရလျှင် ၁၉၅၈ ခုနှစ် ဇွန်လ ၉ ရက် ဖြစ်ပါသည်။ ရပ်ကွက်ထဲက လူကြီးလူငယ်တွေသာမက ကျွန်တော်တို့ လို ကလေးတွေပါ ရပ်ကွက်အလယ်ရှိ “ကင်းတဲ”တွင် စုမိကြသည်။ ကင်းတဲပေါ် မှ လူအုပ်၏ အလယ်စားပွဲပေါ်တွင်ကား ဓာတ်ခဲရေဒီယိုလေးတစ်လုံး။…. နောက်မှ လူကြီးတွေ ပြောပြလို့ သိရသည်မှာ “တည်မြဲ” ခေါင်းဆောင် ဦးဗဆွေမှ ပြည် ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ (ဦးနု၏ “သန့်ရှင်း” အစိုးရ) ကို ပြည်သူ့ လွှတ်တော်တွင် အယုံအကြည်မရှိ အဆို တင်သွင်းသည့်နေ့မှန်း သိရသည်။ ဤ ရက်မတိုင်မီကပင် တည်မြဲဖဆပလက မဲဝယ်ခြင်း၊ အမတ်များကို ကားတင်ရန် ကြိုးစားခြင်းများ ရှိသည်။ ပမညတအမတ် ဦးဖေတင် (စစ်ကိုင်း) မှာ တည်မြဲဘက်ပါ သွားသည်ဟု ကြားရသည်။

သတ်မှတ်ချိန်ရောက်တော့ ရေဒီယို မှ တိုက်ရိုက်ထုတ်လွှင့်မှု စပါသည်။ အားလုံး၏ မျက်လုံးတွေမှာ ရေဒီယိုလေး ကို စိုက်ကြည့်နေကြသည်။ သတင်းကြေ ညာသူမှာ အနည်းငယ် စကားထစ်သလိုရှိ သည်ကို သတိပြုမိသည်။ နောက်မှ ဘော လုံးပွဲ ကြေညာနေကျ “အမ်ဘိုးချို” ဟု သိရသည်။ “ရုပ်မြင်သံကြား” မရှိသေး သောခေတ်ဖြစ်၍ အသံကြားရုံနှင့် ရုပ်ပါ မှန်းဆနိုင်လောက်အောင် အပြောကောင်း သူဟု နာမည်ကြီးသူဖြစ်သည်။ အမ်ဘိုး ချိုက ပါလီမန်အမတ်တစ်ယောက်၏ အမည်နှင့် မဲဆန္ဒနယ်ကို ကြေညာလိုက် သည်။ ရေဒီယိုနားထောင်နေသော ပရိသတ်က “ပမညတ”ဟု တညီတညွတ် တည်း အော်လိုက်ကြသည်။ အမ်ဘိုးချိုက ဆက်ပြောသည်။ “ပမညတ ကဆိုတော့ အစိုးရကို ထောက်ခံမှာပေါ့ ဗျာ။ ဟုတ်ပြီ … ညာဘက်ကိုသွားပြီ။” ထောက်ခံသူက ညာဘက်၊ ကန့်ကွက်သူက ဘယ်ဘက်ခွဲ ထားဟန်ရှိသည်။ သည်လိုနှင့် နောက်ဆုံး ဦးဖေတင်အလှည့် ရောက်လာသည်။…. ပရိသတ်ငြိမ်အကျတွင် အမ်ဘိုးချိုက ခပ်တည်တည် ပြောသည်။

“ဟော…. ဦးဖေတင် ….။ သူလည်း ပမညတဆိုတော့ ညာဘက်သွားမှာပေါ့။ ဟော….ညာဘက်ကို ကြည့်နေတယ် ….၊ သွားတော့မယ်….။ ဟာ …. ဘာဖြစ် တယ် မသိဘူး။ ဘယ်ဘက်ကြည့်ပြန်ပြီ။ ဟင်….ညာဘက်ကြည့်ပြန်ပြီ ….၊ ဟော ….ဘယ်ဘက်ကိုသွားပြီဗျ။….”
ကျွန်တော်တို့ရပ်ကွက်မှ လူကြီး လူငယ်အားလုံး “ဝေါ” ခနဲ ရယ်လိုက် ကြသည်။ (သူတို့က ဦးဖေတင်အကြောင်း ကြိုသိပြီးနေပြီလေ….) သည်လိုနှင့် နောက် ဆုံးတော့ ဦးနု၏ သန့်ရှင်းအစိုးရက ၁၂၇ မဲ၊ ၁၁၉ မဲဖြင့် ရှစ်မဲကပ်နိုင်သွား သည်။ ယနေ့ ၂၀၀၈ အခြေခံဥပဒေတွင် ကား ဆိုခဲ့ပါ “အယုံအကြည်မရှိ အဆို” မျိုး မရှိတော့ပါ။”စွပ်စွဲပြစ်တင်” သာရှိ တော့သည်။ စာရေးသူအနေနှင့်တော့ ခြောက်နှစ်သားက ရေဒီယိုတွင်နားထောင် ခဲ့ရသော ထိုပွဲလေးကို ယနေ့ထက်တိုင် မမေ့နိုင်သေး။

ရွေးကောက်ပွဲ
စာရေးသူ ဆယ်နှစ်သားအရွယ် ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး ဒီမိုကရေစီကျောပြတ် သွားသည်။ ကျွန်တော့်မှာ မှတ်မိနေဆဲ ၁၉၆၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွေကို အိပ်ရာဝင်ပုံပြင်တွေလို စွဲနေသည်။ “သန့်ရှင်း ဖဆပလ” က အဝါရောင်ကား ကြီးနှင့် အဝါရောင်တူညီဝတ်စုံနှင့် “သန့် ရှင်းကို လူထုက မဲပေးကြသည်….” ဆို သော သီချင်းကို ဖွင့်သွားသည်။ “တည်မြဲ ဖဆပလ”က အနီရောင်…. ။ “တို့တောရွာ ….စည်ဗျောသံ….သာစေဖို့….” ဆိုလား ပင်….။ “ပမညတ”က အပြာ….။ “ဟေ့” ဘငြိမ်း….၊ ပါလီမန်သူရဲကောင်း ဘငြိမ်း ဆိုသော သီချင်း….။ နောက်တော့ ပါလီ မန်ပျောက်သွားသည်။ ရွေးကောက်ပွဲဆို၍ ဝတ္ထုတွေထဲမှာသာ တွေ့ရတော့သည်။ အထူးသဖြင့် ဆရာမြသန်းတင့် ဘာသာ ပြန်သည့် “ပါရီကျဆုံးခန်း။”
မူရင်းစာရေးဆရာ “အာရင်ဘတ်” က ဖက်ဆစ်စနစ်၏ ရှေ့မှောက်တွင် အဓိပ္ပာယ်ကင်းမဲ့နေသော ပြင်သစ်ပါ လီမန်ကို ထေ့ငေါ့ထားဟန် ရှိသည်။ ကျွန်တော်က စစ်ကြီးနှစ်ခုကြား ကျင်းပ သော “ပြည်သူ့တပ်ဦး” အနိုင်ရလိုက် သည့် ရွေးကောက်ပွဲကို လွမ်းနေသည်။ အားတိုင်းယားတိုင်း ဒီအပိုင်းကိုပဲ အကြိမ်ကြိမ် ဖတ်နေဖြစ်သည်။

ယခုလို …
ညနေခင်းက နွေးနွေးထွေးထွေး။ အနီးတစ်ဝိုက်က ဆိုင်များတွင် ဘီယာနှင့် လိမ္မော်ရည်ပုလင်းတွေရောင်း၍ပင် မ လောက်နိုင်။ အသံချဲ့စက်မှ ကြေညာသံ ကို ရုတ်တရက် ကြားလိုက်ရသည်။
“မောရစ်သောနက်ဇ်-နိုင်”ဆူညံ သည့်ကြွေးကြော်သံကြီး ထွက်လာသည်။
“ပီယာ ဖလန်ဒင်-နိုင်”
“ဖက်ဆစ်တွေ ကျဆုံးပါစေ…” “လီယွန် ဗလွန်း-နိုင်”
“ပြည်သူ့တပ်ဦးအဓွန့်ရှည်ပါစေ ”
အော်ဟစ်သံ၊ လက်ခုပ်သံများနှင့် လက်ခေါက်မှုတ်သံ၊ လှောင်ပြောင်သံများ ကို တစ်လှည့်စီကြားနေရသည်။….

နောင် ၂၈ နှစ်အကြာ ၁၉၉၀ တွင် ရွေးကောက်ပွဲကျင်းပပါသည်။ စာရေးသူ ထောင်ထဲရောက်နေသည်။ နောက်ထပ် အနှစ် ၂၀ ကြာ၊ ၂၀၁၀ ရောက်တော့မှ နောက်ထပ်ရွေးကောက်ပွဲ ကျင်းပဖြစ် သည်။ မဲဆွယ်တရားပွဲမရှိ။ လူတွေကြည့် လိုက်တော့လည်း မယုံသလို၊ ယုံသလို။ ခြောက်ခြောက်သွေ့သွေ့နှင့် ပြီးသွား သည်။ စာအုပ်ထဲကနှင့် ဘာမှမဆိုင်။ နောင်ငါးနှစ်အကြာ ၂၀၁၅ ရွေးကောက်ပွဲ ကတော့ နည်းနည်းလှုပ်လှုပ် ခတ်ခတ် ဖြစ်လာသည်။ သို့နှင့်တိုင် ထင်သလောက် တော့လည်း မပျော်မိချေ။ ဘာ့ကြောင့်ရယ် မသိ…..။

ဒီဘိတ်
၂၀၁၃ ခုနှစ်က ဖြစ်သည်။ ထိုစဉ်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကခေါ်သဖြင့် အမျိုးသား လွှတ်တော် “နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်” တွင် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ မိမိ ၁၀ နှစ်သား အရွယ်ကတည်းက ပျောက်ကွယ် သွားခဲ့ သော အင်စတီကျူးရှင်းတစ်ရပ် ပြန်လည် ဖော်ထုတ်ရေးတွင် မိမိတတ်စွမ်းသမျှ ပါဝင်ကူညီသင့်သည်ယူ၍ စိတ်ရှင်းရှင်း နှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဤတွင် လွှတ်တော်အမတ်များ၏ အဆိုတင်ပုံ၊ အထူးအဆိုတင်ပုံ၊ ကြယ်ပွင့်ပြ မေးခွန်း မေးပုံ၊ ဥပဒေပြုပုံများကို လေ့လာခွင့်ရခဲ့ ပါသည်။ စာရေးသူအတွက် ပထမဆုံး အတွေ့အကြုံပင်ဖြစ်ရာ အထူးစိတ်ဝင် စားခဲ့ပါသည်။

သို့တိုင်…. ကြာတော့လည်း တစ် မျိုးဖြစ်လာသည်။ တစ်ခုခုလိုသလို ခံစား ရသည်။ ဘာရယ်တော့မသိ။ စာအုပ်တွေ ထဲတွင် ဖတ်ခဲ့ဖူးသော ယခင်ပါလီမန်မှတ် တမ်းတွေနှင့် မတူတာတော့ သေချာ သည်။ ထိုစဉ်က အဆိုတစ်ခု သို့မဟုတ် မိန့်ခွန်းတစ်ခု သို့မဟုတ် ဝေဖန်ချက် တစ်ခု တင်ပြနေစဉ်မှာပင် အခြားသူ တစ်ဦးက ကြားဖြတ်ဝင်မေးလို့ရသည်။ Iညအနမခေအငလန သဘောပိုဆောင်သည်ဟု ထင်သည်။ ယခုဤလို ကြားဖြတ်ဝင် ပြောခွင့်မရှိ။ တစ်ယောက်ပြီးမှ တစ် ယောက်ပြောရသည်။ “ဒိုင်ယာလော့ခ်” သဘောထက် “မိုနိုလော့ခ်” သဘောကဲနေ သလား တွေးမိသည်။ သို့ဖြင့် အမတ် အချို့ ငြီးငွေ့လာကြဟန်တူသည်။ အချို့ အိပ်ငိုက်ကြသည်။
ဥပမာအနေနှင့် သာယာဝတီ သခင် ချစ်မောင် ဝိဓူရဘွဲ့ရသွားသော “ပါလီမန် ဒီမိုကရေစီဘယ်လဲ”မိန့်ခွန်းကို သာဓက တင်ပါမည်။ ယခုလို….
သခင်ချစ်မောင် (သာယာဝတီ)။ ။ပမညတဟာ ငြိမ်းချမ်းရေးအလားအလာ ကိုလည်းကောင်း၊ ဒီမိုကရေစီရေးအလား အလာကိုလည်းကောင်း မျှော်လင့်ပြီး သန့်ရှင်းကို မဲပေးခဲ့ပါတယ်။ လူရေးထက် မူရေးကို အဓိကထားခဲ့ပါတယ်။…..

သခင်ချစ်မောင် (ကြံခင်း) ။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ မူကိုသတ်မှတ်ပြီး မဲပေးတဲ့အတွက် ဖဆပလနှစ်ခြမ်းကွဲတယ် ဆိုတာ သတိပြုပါ။
ဦးထွန်းအောင် (ဒိုက်ဦး) ။ ။ ဖဆပလနှစ်ခြမ်းကွဲတာဟာ ပမညတ မြှောက်ပေးလို့ကွဲတာပါ။
ဗိုလ်ဘအောင် (ပဲခူးမြောက်ပိုင်း)။ ။ ဝေစုမတည့်လို့ ကွဲတာပါ။
ဦးသိန်းဖေမြင့် (ဘုတလင်) ။ ။ ဥက္ကဋ္ဌကြီးခင်ဗျား….၊ ဖဆပလနှစ်ခြမ်း ကွဲတာဟာ ပမညတ မြှောက်ပေးလို့ဆိုရင် ဖဆပလဟာ သနားစရာပါပဲ….။ ကျွတ် ….ကျွတ်…. ကျွတ် (ရယ်သံများ)

မတ်တတ်နှင့် ပက်လက်
ပါလီမန် ဒီမိုကရေစီခေတ်တွင် လည်း အဖမ်းအဆီးများ မရှိမဟုတ် ရှိခဲ့ သည်သာ ဖြစ်သည်။ ထိုခေတ်က နာမည် ကြီးသီချင်းတစ်ပုဒ်ကို “စာမြောင်”ကပ်ထားသော သီချင်းတစ်ပုဒ်ပင် ရှိခဲ့ ဖူးသည် မဟုတ်ပါလော….။ “တွေးမနေနဲ့ ရဲဘော်၊ ငေးမနေနဲ့ ရဲဘော်၊ ဒီမိုကရေစီ နိုင်ငံတော်၊ ခေါင်းဆောင်ငယ်သား မခွဲခြားဘဲ၊ ထောင်ထဲပို့တယ်နော်….၊ ပုဒ်မငါး….။” ထိုစဉ်ကတော့ “ပုဒ်မငါး”မှာ နိုင်ငံရေးသမားတွေကို အဓိက ဒုက္ခပေးသော ပုဒ်မဖြစ်လိမ့်မည်ထင် သည်။ “ဘယ် သူဖြင့် ငါးဆွဲသွားပြီ” စသဖြင့် ပြောစမှတ်ပြုကြရသည် မဟုတ် ပါလော….။ ခုခေတ်မှာတော့ ဒုက္ခပေး သော ပုဒ်မတွေ နည်းနည်းများဟန် တူသည်။ ၆၆ (ဃ)၊ နိုင်ငံတော် လျှိုဝှက် ချက်ပေါက်ကြား သည့်ဥပဒေ….၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု…. စသဖြင့် …. စသဖြင့် ….။
“နိုင်ငံတော်လျှိုဝှက်ချက်ပေါက် ကြားသည့်ဥပဒေ” အကြောင်းတော့ လူကြီးသူမတွေ ပြောဖူးတာကြားဖူး တယ်။ ဆရာဗန်းမော်တင်အောင်ကို ဒီပုဒ်မနှင့်ဆွဲဆိုသကိုး ….။ ဝန်ကြီးချုပ် ဦးနုက သီဟိုဠ်မှ စွယ်တော်ပင့်လာရာ သင်္ဘောဝမ်းထဲတွင် လက်နက်တွေပါလာ သည့်ကိစ္စ။ ဒါကို ဆရာဗန်းမော်က “ပြည်တော်သာခင်ခင်ဦး” လား၊ “သူပုန် ကြီး”ဝတ္ထုတွင်လားမသိ ဖွင့်ချရာမှ တရားစွဲခံရသည်ဟု ဆိုသည်။

“ဤကိစ္စမှာ လူထုတစ်ရပ်လုံး ဒုက္ခပင်လယ်ဝေစေမည့် ပြည်တွင်းစစ်နှင့် ဆက်စပ်နေရာ စာရေးဆရာ တစ်ယောက်အနေနှင့် ပြောဖို့တာဝန်ရှိသည်” လျှောက်လဲတော့မှ ဝန်ကြီးချုပ်က ပုဒ်မပြောင်းလိုက်သည်ဟု ကြားရသည်။ ဤသတင်းသာ မှန်လျှင် ဝန်ကြီးချုပ်၏ အမြော်အမြင်ကို အသိအမှတ်ပြုရမည်ထင်ပါသည်။ “အမှုအရ နိုင်ကောင်းနိုင် နိုင်သော်လည်း နိုင်ငံရေးအရ ရှုံးမည်”ကို သူ ကောင်းကောင်းသိသည်ပဲ …..။
“ဟိုလူ့ဖမ်းသွားပြီ၊ ဒီလူ့ဖမ်းသွား ပြီ ….စသဖြင့်” သတင်းတွေ ခပ်စိတ်စိတ်ကြားနေရရာ တစ်နေ့ စာရေးနေစဉ် ဇနီးသည်က တိတ်တိတ်လေးကပ်လာပြီး တိုးတိုးလေးကပ်ပြောသည်။ “ကြည့်ရေးနော်….၊ မလွတ်မကင်းတွေ မရေးနဲ့….။” သူ စိတ်ပူနေမှန်းသိ၍ စာရေးသူ အားပေးလိုက်ပါသည်။ “မပူပါနဲ့ဟာ ဒီတစ်ခါထောင်ကျရင် မတ်တတ်တော့ မထွက်တော့ဘူး။ ပက်လက်ပဲ ထွက်ရတော့မယ်။ …..”