တနင်္သာရီတိုင်းအတွင်းက ရေစားကျက်လုပွဲများ

0
738

လငန်းဆလုံကျွန်းမှ ဆလုံမကြီး တစ်ဦးက အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင် ရာများ၊ ပုလဲမွေးမြူရေးကုမ္ပဏီ တာဝန်ရှိ သူများရှေ့သို့ထွက်လာကာ မိုက်ခရိုဖုန်း မှတဆင့် ပြောလိုက်သည်။
“ကျွန်မတို့ ဒီရွာက မပြောင်းနိုင်ဘူး။ ကျွန်မတို့ ဒီအလုပ်ပဲ လုပ်တတ်တယ်” ဆလုံအမျိုးသမီးကြီးပြောသော “ဒီရွာ” ဆိုသည်က မြိတ်ခရိုင်နယ်စပ်၊ ဘုတ်ပြင်းမြို့နယ် အစွန်ဘက်ဆုံး လငန်းကျွန်းပေါ်ရှိရွာ။

သူတို့ရွာသားများနှင့် အထက်ပါ ပုဂ္ဂိုလ်များ အောက်တိုဘာလ ၁၀ ရက် နေ့တွင် တွေ့ဆုံညှိနှိုင်းနေသည့်ရွာ။
“ဒီအလုပ်” ဆိုသည်က ဆလုံရိုးရာ လှေကလေးများဖြင့် ကျွန်းပတ်ငါးမျှား၊ ခရုရှာသည့်အလုပ်။
၎င်းအလုပ်က ကျွန်းအနီး ရေငြိမ် သည့် အော်ပိုက်နေရာများတွင် စခန်းချ လုပ်ကိုင်ရသော ပုလဲမွေးလုပ်ငန်းနှင့် ရေစားကျက် ထပ်တူကျနေသည်။
သူတို့၏ နေထိုင်မှုနှင့် မိရိုးဖလာ လုပ်ငန်းတို့ ရေရှည်တည်တံ့ရေးအား ပုလဲမွေးသည့်ကုမ္ပဏီတစ်ခု၏ လုပ်ငန်း ခွင် တိုးချဲ့လာမှုက ခြိမ်းခြောက်နေသည် ဟု ခံယူကာ သူတို့ရွာသားများနှင့် ဒေသခံငါးဖမ်းလှေပိုင်ရှင်များက လက်ရှိ တိုင်းအစိုးရထံ လက်မှတ်စုဆောင်း တိုင်ကြားခဲ့ကြသည်။
ထိုတိုင်ကြားမှုနှင့်အတူ ဘုတ်ပြင်း မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ကပါ ယင်းရွာအရေး လွှတ် တော်တွင် မေးခွန်းမေးလာသောကြောင့် တိုင်းအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး စောလုကာခေါင်းဆောင် သော ကွင်းဆင်းစိစစ်ရေးအဖွဲ့က ကုမ္ပဏီ တာဝန်ရှိသူများနှင့်အတူ ယင်းရွာသို့ ရောက်လာ စိစစ်ဆွေးနွေးကြခြင်း ဖြစ်သည်။

ကုမ္ပဏီဘက်ကလည်း ၎င်းတို့၏ ပုလဲမွေးလုပ်ငန်းမှ နိုင်ငံတော်အတွက် ဒေါ်လာသန်းချီ အခွန်ပေးဆောင်နေ ကြောင်း တင်ပြကြသည်။
လုပ်ပိုင်ခွင့်ရ နေရာအချို့ကို စွန့် လွှတ်ခြင်းနှင့်အတူ ရေချိုကို ခပ်ခွင့်ပြု မည်ဖြစ်ပြီး ပုလဲမွေးသည့် ကျွန်းများတွင် နေ့ဘက်ငါးဖမ်းခွင့်ပြုမည်ဟု ညှိနှိုင်း ကြသည်။
ညဘက် ငါးဖမ်းမည် ဆိုပါက ရိုးသားသည့် ဒေသခံဆလုံများသာမက အကြံရှိသူတို့ပါ ထိန်းမနိုင်သိမ်းမရ ငါး လာဖမ်းကြကာ ပုလဲထုတ်သည့် မုတ် ကောင်များ ပျောက်ဆုံးခြင်းကဲ့သို့သော မလိုလားအပ်သော အခြားပြဿနာများ တက်လာနိုင်ကြောင်း ပြောကြသည်။
ကျွန်းတွင်နေထိုင်ကြသူများကမူ မိမိတို့၏ လုပ်ငန်းကို အချိန်အခါ၊ နေရာ မရွေး ငါးဖမ်းခွင့်ကို တောင်းဆိုကြသည်။
ညဘက်တွင် ငါးမြူးသည့်၊ ငါးပိုရ သည့်နေ့ရက်များရှိသဖြင့် ယင်းညများ တွင် ငါးဖမ်းခွင့် ဆုံးရှုံးကြပါက စားဝတ် နေရေးအခက်အခဲ ရှိကြောင်း တင်ပြကြ သည်။
ထို့အပြင် ကုမ္ပဏီများ၏ စကားကို မယုံကြတော့ပေ။ ခေတ်အဆက်ဆက် ၎င်းတို့အပေါ် အနိုင်အထက်ပြုလာခဲ့ ခြင်း၊ ချုပ်ချယ်ကန့်သတ်မှုများစွာ ပြုခဲ့ ခြင်းတို့ကို သက်သေတိုင်ကြသည်။ ကန့်သတ်မှုကို ကျူးလွန်မိပါက နှိပ်စက် ခြင်း၊ လှေကို သိမ်းယူခြင်း၊ လုပ်အားပေး ခိုင်းစေခြင်း စသဖြင့် အနိုင်အထက်ပြု ခဲ့ကြကြောင်း ပြောကြသည်။

ကုမ္ပဏီများက လုပ်ငန်းစမ်းသပ် ကာလ၊ အစပျိုးကာလများတွင် စကား တစ်မျိုးပြောသော်လည်း လုပ်ငန်းအောင် မြင်လာပါက အကြောင်းအမျိုးမျိုးပြ ကန့် သတ်ချုပ်ချယ်ခြင်း အမျိုးမျိုး ပြုလာ ကြသဖြင့် ဆလုံလူမျိုးတို့ မကြာခဏ ရွာပြောင်းနေထိုင်ခဲ့ရသော ဖြစ်ရပ်များကို ပြန်လည်ဖော်ထုတ် ရင်ဖွင့်ကြသည်။
လုပ်ငန်းရှင်များက “နင်တို့ ထွက် သွား” ဟု နှင်ထုတ်ခြင်းမျိုး မဟုတ်ဘဲ ယင်းဒေသတစ်ဝိုက် ရပ်တည်ရခက် အောင် လုပ်ဆောင်လေ့ ရှိခဲ့သည်ကို ခံခဲ့ရသူများဟု ဆိုကြသည်။ သို့ကြောင့် ပုလဲလုပ်ငန်းတိုးချဲ့လာခြင်းကို ကန့် ကွက်ကြခြင်း ဖြစ်သည်ဟု ဦးဆောင်တိုင် ကြားသူတစ်ဦးဖြစ်သည့် လငန်းကျေးရွာ တာဝန်ခံ ဦးသိန်းဇံက ပြောသည်။

ဌာနေတိုင်းရင်းသားတို့နှင့် ပုလဲ ကုမ္ပဏီများကြား ရေစားကျက်လုပွဲက ထိုနေရာ တစ်ခုတည်း မဟုတ်ပါ။
ဝန်ကြီး စောလုကာ၏ ကော့သောင်း ခရီးစဉ်တစ်ခုတွင်လည်း ဂျလန်းဆလုံ ကျွန်းမှ ဒေသခံများက ပုလဲမွေးကုမ္ပဏီ တစ်ခုက ငါးဖမ်းခွင့်၊ ရေချိုခပ်ယူခွင့် မပေးဟု တင်ပြခဲ့ရာ ဝန်ကြီးက ပုလဲ ကုမ္ပဏီအား ခေါ်ယူညှိနှိုင်းခဲ့ရဖူးသည်ဟု ဆိုသည်။ ထိုညှိနှိုင်းမှု တွင် ကုမ္ပဏီ ဘက်မှ လိုက်လျောခဲ့သဖြင့် အဆင်ပြေခဲ့ သော်လည်း နောက်ပိုင်းတွင် မည်သည့် ပြဿနာများ ကြုံလာမည်ကို မည်သူမျှ မပြောနိုင်သေးပေ။
“(အဲဒီနေရာကို) ပြန်မသွားသေး တော့ ရွာသားတွေကို တားမြစ်နေသေး လားဆိုတာ မသိဘူး” ဟု ဝန်ကြီး စောလုကာက ပြောသည်။
မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ ကျွန်းများတွင် နိုင်ငံပိုင်ပုလဲမွေးမြူရေးလုပ်ငန်းအပါအဝင် ပုလဲမွေးမြူရေး လုပ်ငန်း စုစုပေါင်း ၁၂ ခုရှိသည်။
ဆလုံတိုင်းရင်းသားများသည် မြိတ်ခရိုင်၊ ဒုံးကျွန်းအုပ်စုမှ ကော့ သောင်းခရိုင် ဇာဒက်ကြီးကျွန်းအကြားရှိ ကျွန်းအချို့တွင် နေထိုင်ကြပြီး ၎င်းတို့ ၏ မိရိုးဖလာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြသည်။

ဆလုံတိုင်းရင်းသားများ၏ ရေ ရှည်ရပ်တည်နိုင်ရန်အတွက် စိန်ခေါ်မှုမှာ ရေစားကျက်တစ်ခုတည်း မဟုတ်ပေ။
ခေတ်အဆက်ဆက် ၎င်းတို့နေထိုင် ရာ အိမ်ရာများကိုပင် ပိုင်ဆိုင်မှုအထောက် အထား ရယူထားရကောင်းမှန်း မသိကြ သော ဆလုံတိုင်းရင်းသားများ နေထိုင် ရာ ကျွန်းများနှင့် ၎င်းတို့ကျက်စားရာ ကျွန်းများတွင် ငှက်သိုက်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စသည့် လုပ်ငန်းရှင်များကလည်း ခြေကုပ်နေရာ ယူလာကြသည်။
ထိုလုပ်ငန်းများကြောင့် ၎င်းတို့ ကျက်စားနေသော ကျွန်းများအား ဝင်ထွက်သွားလာခွင့် ကန့်သတ်ခံလာရ သည့်အပြင် စုဝေးအခြေချနေထိုင်သည့် ရွာမြေများတွင် ရေရှည်ရပ်တည်နိုင်ရေး ကိုပင် ခြိမ်းခြောက်ခံလာနေရသည့် အခင်းအကျင်းများ ရှိလာသည်။
လုပ်ငန်းရှင်များနှင့် ပြဿနာ များ ဖြစ်ပေါ်နေသည်က ဆလုံတို့မျှသာ မဟုတ်ပါ။

ပင်လယ်ကို မှီခိုအသက်မွေးကြ သော တနင်္သာရီတိုင်းသားတိုင်းနှင့် အထက်ပါလုပ်ငန်းများကြား ရေစား ကျက်လုပွဲများ၊ ကျွန်းတွင် ခိုနားခွင့်၊ ရေချိုခပ်ခွင့် ပြဿနာများ ကြုံနေကြ သည်က တနင်္သာရီပင်လယ်တစ်ကြော တွင် လက်ညှိုးထိုးမလွဲပေ။
ယင်းပြဿနာများကို ဒေသခံများ လည်း အဆင်ပြေ၊ ကုမ္ပဏီများလည်း အလုပ်လုပ်နိုင်၊ နိုင်ငံ့အခွန်လည်း ရရေး အလေးအနက်ထား ဖြေရှင်းရမည်မှာ လက်ရှိအစိုးရ၏ စိန်ခေါ်မှုတရပ်ပင် ဖြစ်နေသည်။

အထက်ဖော်ပြပါ လငန်းကျေးရွာ တွေ့ဆုံညှိနှိုင်းပွဲတွင်ကား တစ်စုံတစ်ရာ အဖြေ မထွက်ခဲ့ပေ။ ပုလဲကုမ္ပဏီဘက်က လည်း ညဘက်ငါးဖမ်းခြင်းကို လုပ်ငန်း လုံခြုံရေးအရ ခွင့်မပြုလို။
ရွာသားတို့ကလည်း မိရိုးဖလာ အလုပ်ကို လွတ်လပ်စွာ လုပ်ကိုင်လိုကြ သည့် ရေစားကျက်လုပွဲတစ်ခု ဖြစ်နေ သည်။
ကွင်းဆင်းစိစစ်ရေးအဖွဲ့ခေါင်း ဆောင်ဝန်ကြီးစောလုကာကမူ ကုမ္ပဏီ နှင့် ရွာသားများ နှစ်ဘက်တင်ပြချက်များ ကို စုစည်းကာ အဖွဲ့အစည်းအဝေးပြန်ထိုင် ပြီး ဆုံးဖြတ်ချက်ချမှတ်၊ အစီရင်ခံစာရေး သားကာ တိုင်းအစိုးရအား တင်ပြ အတည်ပြုချက် ရယူသွားမည်ဟု ဆို သည်။
အဖွဲ့အစည်းအဝေး မထိုင်ရသေး သောကြောင့် ထိုဆုံးဖြတ်ချက်က မည် သို့ ထွက်ပေါ်လာမည်ကို မသိသေးပေ။

ရွာသားများ စိုးရိမ်နေသော ကျေးရွာပြောင်းရွှေ့ရမည့်အရေးကမူ ရွာသားများဘက်က ရပ်တည်ကာကွယ် ပေးသွားမည်ဟု ဝန်ကြီးစောလုကာက ပြောသည်။
“ကျွန်တော့်ရဲ့ အာမခံချက်အနေနဲ့ ပြောချင်တာကတော့ တိုင်းရင်းသား ဝန်ကြီး ဖြစ်နေတဲ့ကာလမှာ ဒေသခံ တိုင်းရင်းသားတွေ ပြောင်းဖို့ကို လက်မခံ ဘူး၊ အတတ်နိုင်ဆုံး ကာကွယ်ရမယ်” ဟု စောလုကာက ပြောသည်။
လငန်းကျေးရွာတာဝန်ခံ ဦးသိန်းဇံ ကမူ “နေလို့တော့ ရတယ်၊ လုပ်စားစရာ မရှိတော့ ဘယ်လိုနေမလဲ” ဟူ မေးခွန်း ထုတ်သည်။
လုပ်ကိုင်စားသောက်ရန် ရေစား ကျက်မရှိ၍ တခြားနေရပ်ရွှေ့ရန်မှာ လည်း ဆလုံများအတွက် ရွှေ့ရန်နေရာ၊ လုပ်စရာ ရေစားကျက် မရှိတော့ဘဲ လငန်းကျွန်းသည် နောက်ဆုံးနေရာ ဖြစ် နေပြီး ဆလုံများ အေးချမ်းလွတ်လပ်စွာ လုပ်ကိုင်စားသောက် နိုင်ရေး အစိုးရမှ တစုံတရာ အကာအကွယ်ပေးလိမ့်မည်ဟု ဦးသိန်းဇံက မျှော်လင့်နေသည်။

တနင်္သာရီအပတ်စဉ်မှ တစ်ဆင့် စာဖတ်ပရိသတ်နှင့် အစိုးရအား မည်သို့ ပြောကြားချင်ကြောင်း မေးသောအခါ ဦးသိန်းဇံက အောက်ပါအတိုင်း ပြောပါ သည်။
“လူမျိုးသုဉ်းသတ်တယ်၊ လူမျိုး သျဉ်းသတ်တယ်ဆိုတာ သေနတ်တွေနဲ့ ပစ်ဓားတွေနဲ့ခုတ်မှ သတ်တာ မဟုတ်ပါ ဘူး၊ သူတို့ရဲ့ လုပ်စားကွက်လေးတွေ ပိတ်ပင်လိုက်ရင်လည်း လူမျိုးသျဉ်း သတ်လိုက်တာနဲ့ အတူတူပါပဲ”