ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့်ရသည့် အိမ်နှစ်ရာနီးပါးအထိ ရှိလာ

0
1133

တနင်္သာရီတိုင်းအတွင်း ဇီဝဇိုး ငှက်သိုက် စုဆောင်းထုတ်ယူခွင့်လိုင်စင်(စာချုပ်) ရှိသည့် အိမ်အရေအတွက်မှာ ယခုနှစ်အတွင်း နှစ်ရာနီးပါးအထိ ရှိ လာကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဩဂုတ်လအထိစာရင်း များအရ ဇီဝဇိုးငှက်ကို အိမ်တွင်မွေးမြူ ကာ ငှက်သိုက်ထုတ်လုပ်ရန် သစ်တော ဌာနနှင့် စာချုပ်ချုပ်ဆိုထားသည့် အိမ် ၁၇၀ အထိ ရှိလာကြောင်း တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်လှိုင်က ဆိုသည်။
ပင်လယ်အတွင်းရှိ ကျွန်းများတွင် နေထိုင်မှု အလေ့အထရှိသည့် ဇီဝဇိုးငှက် ငယ်များကို လူနေရပ်ကွက် နေအိမ် (တိုက်အိမ်)များတွင် ငှက်အော်သံအတု ထုတ်လွှင့်မှုကို အသုံးပြုကာ မွေးမြူ လျက်ရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငှက် သိုက်မွေးမြူထုတ်ယူခွင့်ရှိသည့် အိမ် ၁၀၅ လုံးမှ အခွန်အဖြစ် ငွေကျပ် သိန်းတစ်ရာကျော် ကောက်ခံရရှိခဲ့ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။
“စာချုပ်ချုပ်ထားတဲ့အိမ်တွေက အခွန်ကို တစ်နှစ်တစ်ကြိမ် ပေးသွင်းရ တယ်”ဟု လက်ထောက်မှူး ဦးထွန်းညွှန့် လှိုင်က ပြောသည်။
ဇီဝဇိုးငှက်မွေးမြူသူများအနေ ဖြင့် သစ်တောဌာနနှင့် စာချုပ်ချုပ်ဆိုထား ပါက ထွက်ရှိလာသည့် ငှက်သိုက်များကို လွတ်လပ်စွာသယ်ယူရောင်းချခွင့်ရှိပြီး ထွက်ရှိသည့် ငှက်သိုက်တန်ဖိုး၏ (ဒေသပေါက်ဈေး၏) ၁၀ ရာခိုင်နှုန်းကို အခွန်ပေးသွင်းရသည်။

အဆိုပါ စာချုပ်တွင် ဇီဝဇိုးငှက် သားပေါက်ရာသီဖြစ်သည့် မတ်လနှင့် ဇွန်လတွင် ငှက်သိုက်ထုတ်ယူခြင်းမပြု ရန်၊ ငှက်သိုက်အရွယ်အစားကို တစ် လက်မခွဲကျော်မှသာ ထုတ်ယူရန် အစ ရှိသည့် စည်းကမ်းချက် ၁၂ ချက်ပါ ဝင်ပြီး စာချုပ်သက်တမ်းက ငှက်မွေးမြူ နေသရွေ့ တည်မြဲနေမည်ဖြစ်သည်။
ဇီဝဇိုးငှက်များ အန်ရာမှ ဖြစ်လာ သည့် အန်ဖတ်များကို အသုံးပြုကာ အသိုက်များပြုလုပ်ကြခြင်းဖြစ်ပြီး အဆိုပါ အသိုက်ကို လူတို့က ဆေးဖက် ဝင်ငှက်သိုက်အဖြစ် ရယူသုံးစွဲကြခြင်း ဖြစ်သည်။

သစ်တောဌာနနှင့် သဘောတူစာ ချုပ် ချုပ်ဆိုထားခြင်းမရှိဘဲ ငှက်သိုက် ကို ကူးသန်းရောင်းဝယ်ပါက တောရိုင်း တိရစ္ဆာန် ကာကွယ်ရေးဥပဒေဖြင့် အရေး ယူမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇေယျ က ပြောဆိုခဲ့ဖူးသည်။
ပြီးခဲ့သည့် ရှစ်နှစ်ခန့်ကတည်းက ဇီဝဇိုးငှက်ကို မွေးမြူခဲ့ပြီး ယခုနှစ်တွင် သစ်တောဌာနနှင့် သဘောတူစာချုပ် ချုပ်ဆိုဖြစ်ခဲ့ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဇီဝဇိုးငှက်မွေးမြူရေသည့် အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။

“အခုလိုမျိုး (စာချုပ်)လုပ်လိုက် တော့ သယ်ယူရာမှာ ပြဿနာမရှိတော့လို့ စိတ်ရှင်းသွားတယ်”ဟု အဆိုပါ အမျိုး သမီးက ပြောသည်။
ဇီဝဇိုးငှက်များ အသိုက်လုပ်နိုင်စေ ရန် ပြင်ဆင်စရိတ်က ကျပ်သိန်းတစ်ရာ ကျော်ခန့် ကုန်ကျကြောင်း ၎င်းက ရှင်း ပြသည်။
ငှက်အမွေးပါသည့် ငှက်သိုက် တစ်ပိဿာလျှင် ကျပ်၂၅ သိန်း၊ အမွေး မပါသည့် ငှက်သိုက်တစ်ပိဿာလျှင် ၃၆ သိန်း ပေါက်ဈေးရှိကြောင်း အထက် ပါအိမ်ထံမှ သိရသည်။
ဇီဝဇိုးငှက်မွေးမြူခွင့်အတွက် မြို့နယ်သစ်တောရုံးများတွင် စုံစမ်း လျှောက်ထားနိုင်ပြီး လျှောက်ထားမှု အပေါ် အဆင့်ဆင့်စိစစ်ကာ တိုင်းဒေသ ကြီးအစိုးရ၏ သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုအစိုးရထံ တင်ပြရပြီး ပြည်ထောင်စုက ခွင့်ပြုနေကြောင်း အထက်ပါဌာနထံမှ သိရသည်။
တနင်္သာရီတိုင်း ရေပြင်တွင် လောင်းလုံးမြို့နယ်အတွင်းရှိ မော်စကို ကျွန်းအုပ်စု၊ ကျွန်းစုမြို့နယ်တွင် ရေ အေးကျွန်းအုပ်စု၊ ကော့သောင်းမြို့နယ် တွင် ကဆိုင်းလှနှင့် ကော့ငါးကျွန်း အုပ်စု၊ ပုလောမြို့နယ်တွင် မလိကျွန်း တို့တွင်လည်း ငှက်သိုက်စုဆောင်း ထုတ်လုပ်ခွင့်အတွက် ဈေးပြိုင်စနစ်ဖြင့် နှစ်စဉ်လေလံတင် ရောင်းချလျက်ရှိသည်။

 

မြို့နယ်အလိုက် ငှက်သိုက်မွေးမြူ ထုတ်ယူခွင့် စာချုပ်ချုပ်ထားသည့် အိမ် အရေအတွက်
မြို့နယ်                         အိမ်အရေအတွက်
ထားဝယ်                             ၃
မြိတ်                                  ၇၂
တနင်္သာရီ                           ၎
ကော့သောင်း                     ၂၁
ဘုတ်ပြင်း                           ၇၀