အခိုးအငွေ့ဖြစ်သွားသော အနာဂတ်များ

0
489

ဝါဆိုကျောင်းပိတ်ရက်များအတွင်း ဇာတိရွာသို့ ပြန်ဖြစ်သည်။ အမေ့ အိမ်သို့သွားဖို့အရေး ဆန္ဒသာရှိပြီး လူက မရောက်ဖြစ်။ အရေးကိစ္စ ကြီးငယ်ရှိမှာ သာ သွားလာဖြစ်သည်။ ရွာရောက်ပြီဆို လျှင်လည်း တော်ရုံနှင့် အိမ်မပြန်ဖြစ် ပြန်။ ဟိုလူ့နှုတ်ဆက်၊ ဒီလူ့နှုတ်ဆက်ရင်း ရပ်ရေး ရွာရေး အခြေအနေများ မေးရင်း မြန်းရင်းနှင့်ပင်အချိန်လင့်မှ အိမ်ပြန်ဖြစ် သည်က များသည်။ ရွာထိပ်က လက်ဖက် ရည်ဆိုင်လေးကိုတော့ ရွာကိုရောက်တိုင်း သွားထိုင်ဖြစ်သည်။ ဆိုင်ပိုင်ရှင် အစ်ကို ကြီးက တနင်္သာရီဂျာနယ်ကို အပတ် စဉ်အားပေးနေကျ ဖောက်သည်လည်းဖြစ်၊ သူ့ဆိုင်တွင် ထိုင်ကြသူများကလည်း ကျွန်တော်တွေ့လိုသူများ ဖြစ်နေတတ် သဖြင့် မရမက သွားထိုင်ဖြစ်ခြင်း ဖြစ် သည်။

ဒီတစ်ပတ်သူ့ဆိုင်ရောက်ချိန် ဆွေး နွေးပြောဆိုဖြစ်ကြသည်က လူငယ်များ အကြောင်း၊ မူးယစ်ဆေးဝါးအကြောင်းက ခပ်များများ၊ အခြားအကြောင်းအရာများ က ခပ်ပါးပါး ဖြစ်သည်။ ကျွန်တော်ပြန် ထွက်လာချိန်တွင်တော့ သူ့ဆိုင်တွင် ပြောဖြစ်ခဲ့သည်များကို ဆောင်းပါးထဲတွင် ထည့်မရေးဖို့ ဆိုင်ရှင်အစ်ကိုကြီးက မှာလိုက်သေးသည်။ သို့သော်လည်း မရေးဘဲမနေနိုင်သည့် အကြောင်းအရာ ဖြစ်နေသောကြောင့် ရေးဖြစ်မိသည်။ လူငယ်တွေ၏အရေးမို့ နားလည်ပေးနိုင် လိမ့်မည် ထင်ပါသည်။

ကျွန်တော်ရွာပြန်ဖြစ်သည့် အပတ် က တစ်ဖက်ရွာမှ လူငယ်လေးယောက်ကို မူးယစ်ဆေးမှုဖြင့် ဖမ်းသွားသည်ဟု ပြောသည်။ သူတို့နှင့် ဆက်စပ်နေသည့် လက်ကြီးသမားတစ်ဦးကိုလည်း ထပ်မံ ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ ထို အဖမ်းခံရသူများအထဲတွင် ကျွန်တော့် တပည့် ဖြစ်ဖူးခဲ့သူများလည်း ပါသည်။ ထိုလူငယ်လေးများမှာ အသက် ၂၀ စွန်း စွန်းအရွယ်များ ဖြစ်သည်။ ပညာရှာဖို့ အကောင်းဆုံး၊ အလုပ်လုပ်ဖို့ အကောင်း ဆုံးသော အရွယ်တွေ ဖြစ်သည်။ သို့သော် လည်း ယခုအချိန်တွင်မူ သူတို့အနေဖြင့် ဘ၀၏ တန်ဖိုးအရှိဆုံးအချိန်များကို ထောင်ထဲတွင် နေထိုင်ရင်းဖြင့် အလဟ ဿကုန်ဆုံး ရပေတော့မည်။ အလွန် နှမြောဖို့ ကောင်းလေစွ။
၂၀၁၀ ခုနှစ်လောက်ထိ မူးယစ် ဆေးဝါးအကြောင်း ရွာဘက်တွင် မကြား မိသေး။ ကျွန်တော်ထွက်လာပြီးသည့် နောက် ၈ နှစ်ခန့်အတွင်းတွင် မူးယစ်ဆေး ပြဿနာက အတော့်ကို ဆိုးဆိုးရွားရွား ဖြစ်နေပေပြီ။ လူငယ်၊ လူကြီး မရွေး မူးယစ်ဆေး သုံးစွဲနေကြသည့်သတင်းက မကြားချင်မှအဆုံး။

ထိုအထဲတွင် အဆိုးဆုံးအနေဖြင့် ပါဝင် နေကြသည်က အဖြူအစိမ်းဝတ် လေးတွေ။ အိမ်က ပေးလိုက်သည့်မုန့်ဖိုးကို တစ်ယောက် တစ်ထောင်စုပြီး ဆေးဝယ် သုံး လိုက်ကြသတဲ့။ တချို့ကလေးတွေဆို အတန်းထဲတွင် အချိန်ပြည့် မထိုင်နိုင် လောက်သည့်အထိ အခြေအနေဆိုးရွား နေပြီဖြစ်ကြောင်း အ.ထ.က ကျောင်းကြီး တစ်ကျောင်းမှ ကျွန်တော့်အသိ အထက် တန်းပြ ဆရာမတစ်ဦးက ပြောပြဖူးသည်။ အိမ်သာသို့ ထွက်သွားပြီး ပြန်ရောက် လာမှ အခြေအနေက တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားသည်ဟု ပြောသည်။
ဆရာမတွေမှာ ဆေးသုံးနေကြောင်း သိ သော်လည်း ဘာမှမလုပ်နိုင် မကိုင် နိုင်သည့် အနေအထား။ ကိုယ်ပြောသည် ကို မကျေနပ်၍ တစ်ခုခု ပြန်လုပ်လျှင် ကိုယ်ပဲခံရမည် မဟုတ်ပါလား။

ကျောင်း များတွင် ယောက်ျားဆရာဦးရေ နည်းပါး ခြင်းကလည်း မူးယစ်ဆေးကိစ္စကဲ့သို့သော ပြဿနာများကို ကိုင်တွယ်ရာတွင် အခက် အခဲ ဖြစ်စေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုကျောင်းသား လူငယ်လေးများ၏ အနာ ဂတ်သည် တိုင်းပြည်၏အနာဂတ်ပင် မဟုတ်ပါလော။ ဤသည်ကို ကျွန်တော် တို့ လူကြီးတွေအနေဖြင့် သော်လည်း ကောင်း၊ တာဝန်ရှိသူများအနေဖြင့် သော်လည်းကောင်း မျက်နှာလွှဲခဲပစ် လုပ်ပြီး ထားဖို့တော့ မကောင်း။ မိမိတို့၏သားသမီးများ မဟုတ်သောကြောင့် လက်ပိုက်ကြည့်နေကြဖို့တော့ မကောင်း။ အဖြူအစိမ်းလေးတွေ ပညာရှာကြသည့် အခြေခံကျောင်းများကို မူးယစ်ဆေး ရောင်းဝယ်သူများ၏ ပစ်မှတ်ထားခြင်း ဘေးမှ ကယ်တင်ဖို့လိုနေပေပြီ။ အားလုံး ဝိုင်းဝန်း တားဆီးကြရပေမည်။

ထားဝယ်အကျဉ်းထောင်ထဲတွင် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျနေ သူအများစုသည်တက္ကသိုလ် ကျောင်းသား များ ဖြစ်ကြသည်ဟု သိရသည်။ ထိုအထဲ တွင် တက္ကသိုလ် ကျောင်းသူများပင် ပါဝင်နေပေသေးသည်။ ဆိုရှယ်လစ်ခေတ် က တက္ကသိုလ် ကျောင်းသားများသည် ကျောင်းသွားတက်သည့်အချိန် အပိုဝင် ငွေရစေရန် မှောင်ခိုပစ္စည်းများကို ကယ်ရီ လုပ်ပေးကြသည်ဟု သိရသည်။ သူတို့ သယ်သည့်ပစ္စည်းများမှာ အချိုမှုန့်နှင့် အဝတ်အထည်များသာ ဖြစ်သည်။ ယခု ခေတ်တွင်တော့ တက္ကသိုလ်ကျောင်း သားများ ကယ်ရီလုပ်သည့် ပစ္စည်းများမှာ ပြောင်းလဲသွားပေပြီ။

ဏြ၄ ခေတ်စားသည့်ကာလက တက္ကသိုလ်တက်ပြီး ကျောင်းပိတ်၍ အိမ်ပြန်လာကြသည့် ကျောင်းသားများ တွင် ပါလာတတ်ကြသည်က အပြာကား များ ဖြစ်သည်။ ထိုအပြာကားများက လူငယ်တွေကို အထူးသဖြင့် ကျေးလက် နေ လူငယ်များကို ရိုက်ခတ်မှု အနည်း အကျဉ်းတော့ ရှိသည်။ ဆိုးဆိုးရွားရွားကြီး မဟုတ်ဟုဆိုသော်လည်း အရွယ်မတိုင် ခင် အိမ်ထောင်ပြုနှုန်းတော့ များလာ သည်။ လိင်ကိစ္စတွင် ပိုပြီးစိတ်ဝင်စားမှု များလာကြသည်။ နောက်ဆက်တွဲ ပြဿနာများလည်း ပိုများလာသည်။ ယခု အင်တာနက်ကို စမတ်ဖုန်းများဖြင့် အသုံးပြု၍ ရလာချိန်တွင်တော့ ထိုကိစ္စက ထိန်းမနိုင် သိမ်းမရသည့် အခြေအနေမျိုး ဖြစ်နေတော့သည်။
ယခု မျက်မြင်အနေအထားအရ ဆိုလျှင် ကျွန်တော်တို့ဒေသရှိ တချို့သော တက္ကသိုလ် ကျောင်းကြီးများ၏ အနီးဝန်း ကျင်သည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးသူတို့ မျက်စိကျသော နေရာများ ထဲတွင် တစ်ခုအပါအဝင်ဖြစ်နေသည်။

ထို့အပြင် တက္ကသိုလ်ကျောင်းသားများ နေထိုင်ကြသည့် ပြင်ပအဆောင်များသည် လည်း မူးယစ်ဆေးဝါး ရောင်းချသည့်၊ သုံးစွဲကြသည့် နေရာများထဲတွင် ပါဝင် လာသည်ကို တွေ့ရသည်။ အဆောင် ပိုင်ရှင်များက ပြုလုပ်ကြခြင်းတော့ မဟုတ်။ ထိုတက္ကသိုလ်ကျောင်းသားများ ကိုယ် တိုင်က ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းကို ပြုလုပ်ကြခြင်း ဖြစ်သည်။ ထိုအဆောင် နေ ကျောင်းသားများ ကျောင်းပိတ် အိမ်ပြန်ချိန်ဆိုလျှင် မူးယစ်ဆေးများကို သယ်ဆောင်လာတတ်ပြီး ရွာရှိ လူငယ် များကို တစ်ဆင့်ပြန်လည် ဖြန့်ဖြူးပေး တတ်ကြသည်။ သို့သော် အားလုံးတော့ မဟုတ်။ ကိုယ်တိုင်သုံးစွဲသည့် ကျောင်း သားများထဲမှ အချို့ဖြစ်သည်။ သူတို့ ဆေးသုံးဖို့၊ တစ်ခြားသုံးဖို့စရိတ်ကို မိဘများထံတွင် နားပူနားဆာလုပ်ပြီး တောင်း နေစရာမလိုတော့သောကြောင့် လည်း ယခုကဲ့သို့ လုပ်ဖို့ရွေးချယ်လိုက် ကြခြင်းလည်း ဖြစ်နိုင်သည်။

တချို့လူငယ်များမှာလည်း မိမိနှင့် အရွယ်တူ သူငယ်ချင်းများအနေဖြင့် ဆိုင်ကယ် အကောင်းစားစီး၊ ဝတ်ကောင်း စားလှများကိုဝတ်ကာ ပိုက်ဆံကို ဖော ဖောသီသီ သုံးနိုင်နေသည်ကို အားကျပြီး အလွယ်လမ်း လိုက်ကြခြင်းမျိုးလည်း ဖြစ်နိုင်သည်။ မိဘများအနေဖြင့် စီး ပွားရေးမပြေလည်သည့်အခါ ကျောင်း စရိတ်အတွက်ကိုပင်လျှင် အနိုင်နိုင် ဖြစ် နေချိန်တွင် လူငယ်များ၏ လိုအပ်ချက်ကဲ့ သို့ဖြစ်နေသည့်ဖုန်း၊ ဆိုင်ကယ်အစရှိ သည့် ပစ္စည်းများကို ပြည့်ပြည့်၀၀ ဖြည့် တင်းပေးရန်မှာ လွယ်ကူသည့် ကိစ္စမျိုး တော့မဟုတ်။ ဤကဲ့သို့သောအခြေအနေ တွင် တစ်ချို့သော မိဘများအနေဖြင့် မိမိတို့၏သားသမီးများမှာ မူးယစ်ဆေး နှင့်မကင်းသည်ကိုသိလျက်နှင့် မတား ဆီးနိုင်သည့် အနေအထားမျိုးတွင်လည်း ရှိကောင်းရှိနေနိုင်သည်။ ထိုမိဘများ အနေဖြင့် မိမိတို့သားသမီးများ၏အနာ ဂတ် မှေးမှိန်ပျောက်ကွယ်သွားမည်ကို သိပါလျက်နှင့် မတားဆီးနိုင်သည့် အနေ အထားက စီပွားရေး မပြေလည်သည့် မိမိ၏ဘ၀ပေးအခြေအနေကို အပြစ်တင် နေကြမလားမသိ။ မိမိတို့၏သားသမီး များအတွက် ရင်ထဲတွင် မချိတင်ကဲ ဖြစ် နေကြ မည်မှာတော့ ကျိန်းသေဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံတွင် ထိုကဲ့သို့သော မိဘပေါင်းမည်မျှလောက် ရှိနေကြသည် မသိ။ အတော့်ကိုဆိုးသည့် ဘ၀ပေး အခြေအနေဟုသာ ဆိုရပေတော့မည်။

ကလေးငယ်တစ်ဦး ကျန်းမာသန် စွမ်းစွာ လူလားမြောက်လာဖို့ မိဘများ အနေဖြင့် မည်မျှလောက် အပင်ပန်းခံပြီး ပြုစုပျိုးထောင်ကြရသည်ကို သားသမီး ရှိသည့် မိဘတိုင်း သိကြပေမည်။ မိဘ တိုင်း၏အနာဂတ်အိပ်မက်သည် သား သမီးများအပေါ်တွင် ရာနှုန်းပြည့် မြှုပ်နှံ ထားကြ၏။ ထိုသို့ ပြုစုပျိုးထောင်လာ ပြီးကာမှ အရွယ်ကောင်းတုန်းတွင် ဖမ်း ဆီးထောင်ချခံလိုက်ရခြင်းမျိုးကို ဘယ် မိဘကမျှ ကြုံတွေ့လိုကြမည် မဟုတ် ပေ။

သို့သော်လည်း အရည်အသွေး ညံ့ဖျင်း လွန်းသည့် စနစ်တစ်ခု၏ အောက်တွင် ကြီးပြင်းလာရသော လူငယ်များ၏ အနာဂတ်သည် မီးခိုး ငွေ့များ နှင့်အတူ တစ်စစ ပျောက်ကွယ်လာနေ ကြရသည်။ မိမိကိုယ်ကျိုး အတ္တတစ်ခုတည်း ကိုသာ ကြည့်တတ်ကြသည့် တစ်ဘို့တည်း သမားများ ကြီးစိုးရာဖြစ်သည့် စိတ် ဓာတ်နုံချာလှသည့် တိုင်းပြည်တစ်ခု တွင် မွေးဖွားကြီးပြင်းလာရသည့် လူငယ် များအနေဖြင့် မကောင်းသည့်ပတ်ဝန်း ကျင်၏ ရိုက်ခတ်မှုဒဏ်များကို မလွှဲ မရှောင်သာ ခံကြရခြင်းလည်း ဖြစ်သည်။

စိတ်ဓာတ်မကောင်းသည့် လူကြီး အများစု နေထိုင်ရာ တိုင်းပြည်တစ်ခုတွင် တစ်ခုတည်းသော အားကိုးရာဖြစ်သည့် မျိုးဆက်သစ်လူငယ်လေးများ၏၊ တိုင်း ပြည်၏ အရင်းအမြစ်ဖြစ်သော အနာ ဂတ်သား ကောင်းရတနာလေးများ၏ ဘ၀များစွာမှာလည်း မူးယစ်ဆေးနှင့် အခြားသော ပယောဂများစွာတို့ကြောင့် အားကောင်းမောင်းသန်ဖြင့် ကြေမွပျက်စီး နေကြရသည်။
ဤကပ်ဆိုးကဲ့သို့ဖြစ်နေသော ပြဿနာကို စုပေါင်းအားဖြင့် ကာကွယ်မှ ရတော့မည်။ အစိုးရ တစ်ခုတည်းကို အားကိုးနေ၍တော့ မဖြစ်။ လူထုအား ဖြင့် မိမိရပ်ရွာကို မိမိတို့ကာကွယ်ကြရ တော့မည်။ မူးယစ်ဆေးရောင်းဝယ် နေကြသူများကို အားမနာတမ်း၊ မျက်နှာ ပျက်မှာကို မကြောက်တမ်း သတင်းပေး ဖော်ထုတ်မှ မိမိတို့သားသမီးများ၏ အနာဂတ်ကို ကာကွယ်နိုင်ကြပေလိမ့် မည်။
သို့တည်းမဟုတ်လျှင်တော့ မိမိ တို့ရင်သွေးလေးများ၏ အနာဂတ်မှာ မီးခိုးငွေ့များ၏ဝါးမြိုခံ ရခြင်းနှင့်အတူ ဆက်လက်ပျောက်ကွယ်နေကြပေ ဦး မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။