သစ်ခိုးထုတ်မှု တားဆီးရေးလိုအပ်က တပ်မတော် အကူအညီယူမည်

0
393

တရားမဝင် သစ်ခိုးထုတ်မှုများကို တားဆီးနိုင်ရေးအတွက် လိုအပ်ပါက တပ်မတော်၏ အကူအညီယူမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
လက်ရှိအချိန်တွင် စီးပွားရေးသမား များ သစ်ခိုးထုတ်မှုများ၌ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၏ တပ်ဖွဲ့ဝင်အချို့ ပါဝင် ပတ်သက်မှုများရှိနေသည့်အတွက် တရားမဝင် သစ်ဖမ်းဆီးရေးကို လုပ်နေ သည့် သစ်တောဦးစီးဌာနအနေဖြင့် အခက်အခဲများဖြစ်နေကြောင်း ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။

ယင်းကြောင့် တရားမဝင် သစ် ဖမ်းဆီးရန် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ အကူအညီကို ရယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“သစ်တောအနေနဲ့ သွားပြီး အရေး ယူဆောင်ရွက်ဖို့ကျတော့ အခက်အခဲ အများကြီး ရှိတယ်၊ ရှိတော့ ရဲတပ်ဖွဲ့ အကူအညီပေါ့၊ နောက်ပိုင်းလိုအပ်လာ ရင် တပ်ရဲ့ အကူအညီ ယူသင့်ရင်လည်း ယူမှာပေါ့”ဟု ဝန်ကြီးဦးမြင့်မောင်က ပြောသည်။
သစ်ခိုးထုတ်မှုများကို တားဆီး နိုင်ရန်အတွက် ဝန်ကြီးဦးမြင့်မောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး တိုင်းရဲတပ် ဖွဲ့မှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးများ၊ တိုင်း သစ်တောဦးစီးမှူးနှင့် မြန်မာ့သစ်လုပ် ငန်းမှ တာဝန်ရှိသူများပါဝင်သည့် တနင်္သာရီတိုင်း တရားမဝင် သစ်ထုတ် ယူမှု တားဆီးကာကွယ်ရေးကော်မတီကို ဇွန်လ ၁၃ ရက်က စတင်ဖွဲ့စည်းခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် သစ် တောများ မပြုန်းတီးရေးတို့အတွက် တရားမဝင် သစ်ခုတ်ယူ ထုတ်လုပ်မှုများ ကို စိစစ်တားဆီးရန်အတွက် ရည်ရွယ်ဖွဲ့ စည်းခဲ့ကြောင်း ဝန်ကြီးဦးမြင့်မောင်က ဆိုသည်။
ယင်းကဲ့သို့ ဖွဲ့စည်းလိုက်ခြင်းကို လက်ခံကြိုဆိုပြီး ထိရောက်စွာတားဆီး နိုင်ရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ် ကိုင်နေသည့် ထားဝယ်မြို့နေ ဦးဘိုဘို အောင်က ပြောသည်။

“ဖွဲ့ပြီးနောက်ပိုင်းမှာ အသက်ဝင် ပြီး ထိရောက်မှုရှိအောင် သွားစေချင် တယ်ပေါ့”ဟု ဦးဘိုဘိုအောင်က ဆို သည်။
အထက်ပါ ကော်မတီဝင်များအနေ ဖြင့် လစဉ်တွေ့ဆုံပြီး ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ကာ လိုအပ်သလို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တိုင်း ဒေသကြီးသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ဆိုသည်။