နယ်စပ်ဝင်ပေါက်များမှ ဟင်းသီးဟင်းရွက်မျိုးစုံ စက်တင်ဘာလအထိ တင်သွင်းခွင့်ပြုမည်

0
423

တနင်္သာရီတိုင်းအတွင်းရှိ ထီးခီး၊ မောတောင်နှင့် ကော့သောင်းနယ်စပ် ဝင်ပေါက်များမှ ဟင်းသီးဟင်းရွက်မျိုးစုံ ကို လာမည့် စက်တင်ဘာလအထိ တင် သွင်းခွင့်ပြုလိုက်ကြောင်း တနင်္သာရီ တိုင်ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ကြွယ် စန္ဒာက ပြောသည်။

ဒေသလိုအပ်ချက်အရထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ဟင်းသီးဟင်းရွက် အမျိုးပေါင်းစုံကိုဇွန်လ ၂၈ ရက်မှ စက်တင်ဘာလအထိ နယ်စပ်ဝင်ပေါက် ၃ ခုမှ လွတ်လပ်စွာ တင်သွင်းခွင့်ပြုထား ကြောင်း ဒေါ်ကြွယ်စန္ဒာက ဆိုသည်။
“စက်တင်ဘာလ ကုန်ပြီးရင်တော့ သီးနှံပိုးမွှားရောဂါ ထိန်းချုပ်ရေး ဥပဒေ အရပဲ တင်သွင်းခွင့်ပြုမယ်”ဟု ၎င်းက ပြောသည်။
ယခင်ကဟင်းသီးဟင်းရွက်နှင့် သီးနှံ ၆ မျိုးသာ တင်သွင်းခွင့်ပြုရာမှ လက်ရှိတွင် သီးနှံအမယ်ပေါင်းစုံကို တင်သွင်းခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

လတ်တလောတွင် တင်သွင်းလာ သည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံများ ကိုမျက်မြင်စစ်ဆေးခြင်း၊ အနုကြည့်မှန် ဘီလူးဖြင့် စစ်ဆေးခြင်းများလုပ်ဆောင် နေကြောင်း ဒေါ်ကြွယ်စန္ဒာက ပြောသည်။
စက်တင်ဘာလ ကုန်ပြီးပါက ဓာတ်ခွဲ စမ်းသပ်ပြီးမှသာ တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး သီးနှံအမျိုးအမည် မည်မျှ တင်သွင်း ခွင့်ပြုမည်ကိုမူ မသိရသေး ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ကော့သောင်းနယ်စပ် ဝင် ပေါက်တွင် သီးနှံပိုးမွှားရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးစခန်းရှိပြီး မောတောင်နှင့် ထီးခီးတွင် တည်ဆောက်နေဆဲ ဖြစ်သည်။
ယခင်က ဟင်းသီးဟင်းရွက်နှင့်သီး နှံ ၆ မျိုးကိုသာတင်သွင်းခွင့်ပြုထား သော် လည်း ဈေးကွက်အတွင်းတွင်မူ ထိုင်း နိုင်ငံထွက် ဟင်းသီးဟင်းရွက် သစ်သီး ၀လံ အမျိုးစုံရောင်းချလျက် ရှိသည်။