ထားဝယ်ဈေးကြီး ပျံကျနေရာ အမိုးသစ် ဈေးရောင်းသူများ အဆင်မပြေဟုဆို

0
557

ထားဝယ်မြို့ စည်ပင်သာယာ ဈေးကြီးအတွင်းရှိ ပျံကျနေရာများတွင် သံဖရိန်ဖြင့် အမိုးများ ဆောက်လုပ်ထား ခြင်းက ဈေးရောင်းသူများအတွက် အဆင်မပြေဖြစ်နေကြောင်း ဈေးရောင်း သူအများစုက ပြောသည်။
ခေါင်မိုးအစွန်းတိုလွန်းသည့်အတွက် မိုးရွာချိန်တွင် မိုးပက်ခြင်း၊ နေပူချိန်တွင် နေပူဒဏ်ခံရခြင်းများ ကြုံတွေ့နေရ ကြောင်း အသက် ၃၅ နှစ် အရွယ်ရှိ ဈေုးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။

“အမိုးမလုပ်ခင်နဲ့ အမိုးလုပ်ပြီးတဲ့ အခြေအနေက အတူတူပဲ၊ မိုးရွာထဲမှာ ရောင်းနေရသလိုဖြစ်နေတယ်” ဟု အဆို ပါ အမျိုးသမီးက ပြောသည်။
ပျံကျဈေးရုံ ၂ ရုံနှင့် အဖီတန်းဆွဲ ထားသည့် နေရာ ၂ နေရာတွင် သံဖရိန် အမိုးကို ငွေကျပ် ၂၅၇ သိန်း အကုန် အကျခံကာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်အမိုးထက် ၂ ပေခန့် မြင့် သွားသည့်အတွက် ပစ္စည်းများရောင်းချ ရာတွင် အဆင်ပြေသော်လည်း နေပူချိန် နှင့် မိုးရွာချိန်တွင် အဆင်မပြေဖြစ်နေ သည့်အတွက် နေကာပြားများ တပ်ဆင် ခွင့်ပေးစေလိုကြောင်း အထည်ရောင်းချ နေသည့် အသက် ၄၀ နှစ်အရွယ်ရှိ ဈေး သည် အမျိုးသမီးတစ်ဦးက ဆိုသည်။
“အလူမီနီယံဘောင်နဲ့ နေကာပြား လေးတွေ လုပ်ခွင့်ရရင် ဈေးရောင်းသူ အားလုံးက လုပ်ချင်နေကြတယ်၊ ဖြုတ် တပ်လို့ရအောင် အရှင်လုပ်ကြမှာပါ”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

နေကာပြားများတပ်မည်ဆိုပါက ယခင်ကဲ့သို့ အမြင်မတင့်တယ်ဘဲ ဖြစ် လာမည်ဖြစ်ပြီး မီးဘေးကြုံတွေ့ပါက မီးသတ်ကားများ ဝင်ထွက်နိုင်စေရန် တပ်ခွင့်မပြုခြင်းဖြစ်ကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိက ဆိုသည်။
ယင်းနေရာများတွင် မိုးရေနှင့်နေ အပူဒဏ် ခံနိုင်စေရန် စိုက်ပျိုးရေးလုပ်ငန်း သုံး အစိမ်းပြားအထူကို အဆောက်အအုံ နှစ်ခုကြား အပြည့်ဖုံးအုပ်ပေးမည်ဖြစ်ပြီး ဈေးသည်များထံမှ အခငွေကြေး ကောက် ခံမည်မဟုတ်ကြောင်း၎င်းက ပြောသည်။

“အုပ်ပေးလိုက်ခြင်းအားဖြင့် သူတို့ နေပူတာတွေ မိုးပက်တာတွေ အဆင် ပြေသွားမှာပေါ့နော်”ဟု အမှုဆောင် အရာရှိက ပြောသည်။
အဆိုပါ ပျံကျနေရာတွင် ယခင်က ထီးများ၊ တာလပတ်များဖြင့် မိုးထားပြီး ဈေးဆိုင်များက လူသွားလမ်းအထိ နေ ရာချဲ့ကာ ပစ္စည်းများ ခင်းထားသည့် အတွက် လူသွားလမ်းကျဉ်းမြောင်းခြင်း၊ အမြင်မတင့်တယ်ခြင်း အစရှိသည့် အကြောင်းများကြောင့် ဒေသခံများ အကြား ဝေဖန်မှုများရှိခဲ့သည်။