လောင်းလုံးတွင် ငွေစုအမှု တစ်ထောင်ကျော်

0
467

လောင်းလုံးမြို့နယ်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ဇွန်လကုန်အထိ ငွေစုအမှု (အရပ်ခေါ် လေလံငွေစုငွေချေးအမှု)ပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့ကြောင်း လောင်းလုံးမြို့နယ်တရားရုံး သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးအောင်ခန့်က ပြောကြားသည်။
ငွေစု အမှုပေါင်း ၁၆၃၉ ဖြစ်ပွားခဲ့ ပြီး ငွေကြေးလိမ်လည်ကြောင်း စွပ်စွဲသည့် ရာဇဝတ်ကြီးအမှု၊ တရားခံပြေးအမှုဖြင့် စွဲဆိုသည့် ရာဇဝတ်အထွေထွေအမှု၊ ငွေရလိုမှု ဖြင့်စွဲဆိုသည့် တရားမကြီးအမှု စသဖြင့် အမှုအမျိုးအစား ငါးမျိုးပါဝင် ကြောင်း ယင်းတရားရုံး စာရင်းများအရ သိရသည်။
ယင်းအမှုများအနက် တရားမကြီး အမှုတွင် အမှုနိုင်သည့်သူက ၎င်းရရှိ မည့် ငွေပမာဏကို တရားရုံးမှတစ်ဆင့် တောင်းခံသည့် တရားမဇာရီအမှုကို စစ်ဆေးရန် အများဆုံးကျန်ရှိနေသေး သည်ဟု ဦးအောင်ခန့်က ပြောသည်။

တရားမ ဇာရီမှု ၁၃၄ မှု စစ်ဆေးရန် ကျန်ရှိနေခြင်း ဖြစ်သည်။
တရားမဇာရီအမှုကို ဖြေရှင်းရန် အများဆုံးကျန်ရှိနေခြင်းမှာ အမှုရှုံးသူ ပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို လေလံတင်ရောင်းချရန် ၀ရမ်းကပ် သောအခါ ပိုင်ရှင်များက မဖယ်ပေးခြင်း စသည့် အကြောင်းတို့ကြောင့် ကြန့်ကြာ နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
တရားရုံးမှ ၀ရမ်းကပ်ရာတွင် အမှု နှင့်မသက်ဆိုင်သော မိသားစုဝင်များ ပိုင်ဆိုင်သည့် နေအိမ်၊ မြေ စသည့် ပစ္စည်း များကိုလည်း ၀ရမ်းလာကပ်လေ့ ရှိသည် ဟု လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာ မှ ယင်းငွေစုအမှုဖြင့် တရားရင်ဆိုင်ခဲ့ဖူး သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ အမှုနှင့် မသက်ဆိုင် သူများပိုင်ဆိုင်သည့် ပစ္စည်းများကို ၀ရမ်းလာကပ်ပါက ၀ရမ်းခွာပေးရန် ဥပဒေကြောင်းအရ ပြန်လျှောက်ထားနိုင် ကြောင်း ဦးအောင်ခန့်က ပြောသည်။

“အဓိက ပြဿနာက အမှုကို ရုံးကို လာပြီး မရင်ဆိုင်ကြဘူး။ အမှုကို လာမရင်ဆိုင်တဲ့အတွက် သူတို့ (အမှုရှုံး သူ)မှာ တစ်ခြား တင်ပြစရာရှိရင် လည်း တင်ပြဖို့ရာ အားနည်းသွားတာပေါ့”ဟု ဦးအောင်ခန့်ကပြောသည်။
ငွေစုအမှုများနှင့်ပတ်သက်ပြီး ထောင်ဒဏ်၊ ငွေဒဏ် စသည်ဖြင့် ပြစ်မှု အလိုက် ပြစ်ဒဏ်ကျခံခဲ့သူများ ရှိသော် လည်း လူဦးရေမည်မျှကို ပြစ်ဒဏ်ချမှတ် ထားသည်ကိုမူ စာရင်းမပြုစုရသေး ကြောင်း လောင်းလုံးမြို့နယ် တရားရုံး ထံမှ သိရသည်။
လောင်းလုံးမြို့နယ်တွင် တရား မဝင်ငွေစု၊ ငွေချေးလုပ်ငန်း အများဆုံး လုပ်ကိုင်ကြသည်။

လောင်းလုံးမြို့နယ်တရားရုံးက ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ စစ်ဆေးစီရင်သော ငွေစုအမှု
စဉ် အမှုအမျိုးအစား တရားစွဲဆိုမှု ပြီးပြတ်အမှု လက်ကျန်အမှု
၁ ရာဇဝတ်ကြီးအမှု ၅၀၇ ၅၀၇ –
၂ ရာဇဝတ်အထွေထွေအမှု ၉၀ ၉၀ –
၃ တရားမကြီးအမှု ၄၅၄ ၄၅၃ ၁
၎ တရားမအထွေထွေအမှု ၅၂ ၅၂ –
၅ တရားမဇာရီအမှု ၅၃၆ ၄၀၂ ၁၃၄
စုစုပေါင်း ၁၆၃၉ ၁၅၀၄ ၁၃၅