သရက်ချောင်းမြို့မြို့မရပ်ကွက် တွင် လမ်းဘေးပလက်ဖောင်း မြင့်နေ သဖြင့် ယင်းလမ်းဘေးရှိ နေအိမ်အချို့ အိမ်ခြံထဲဝင်ရန် ကွန်ကရစ်တုံးများကို ကိုယ်ထူကိုယ်ထ ခင်းနေကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။
မြို့မရပ်ကွက်ရှိ ထားဝယ်-မြိတ် လမ်းနံဘေး ပလက်ဖောင်းများသည် အမြင့် ၁၂ လက်မမှ ၁၈ လက်မ အကြား ရှိနေသဖြင့် နေအိမ်ထဲသို့ ဆိုင်ကယ်၊ စက်ဘီးများဝင်နိုင်ရန် ယင်းသို့ ကွန်ကရစ် တုံးများခင်းခြင်းဖြစ်ကြောင်း ဒေသခံ ဦးဇော်ဝင်းစိန်ကပြောသည်။
“လမ်းဘေးမှာရှိတဲ့အိမ် အခုဆို ၃၀ ရာခိုင်နှုန်းလောက်တော့ ကွန်ကရစ်တုံး တွေ တပ်နေရတယ်။ အိမ်တိုင်းလိုလိုတော့ မတပ်သေးဘူး။ တချို့ကလည်း ယာယီ သစ်သားတုံးတွေ တပ်နေကြတယ်”ဟု ဦးဇော်ဝင်းစိန်က ဆိုသည်။
ယင်းသို့ ကွန်ကရစ်တုံးများ၊ သစ် သားတုံးများခင်းနေခြင်းက လမ်းသွား လမ်းလာများအတွက် အန္တရာယ်ရှိနိုင် ကြောင်း သရက်ချောင်းမြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းမြင့် က ပြောသည်။
“လူတွေအတွက်ဆိုရင် ညရေး ညတာ မမြင်မစမ်းနဲ့ လာမယ်ဆိုရင်လည်း ဒီတုံးတွေကို တိုက်မိရင်လဲနိုင်တယ်။ အန္တရာယ်ရှိတာပေါ့ဗျာ။ ကြည့်တဲ့အချိန် မှာလည်း မျက်စိ ပသာဒလည်း မရှိဘူး ဗျာ”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်လက မြို့မရပ်ကွက်တွင် လမ်းနယ်နိမိတ်ချဲ့ခဲ့ရာ ရေမြောင်းပေါ် တွင် လူသွားပလက်ဖောင်း ဆောက်လုပ် လိုက်သဖြင့် မြင့်တက်သွားခြင်းဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးဝင်းမျိုးသိုက်က ပြောသည်။
လူနေအိမ်ထဲဝင်သည့် ပလက်ဖောင်း နေရာများကို နိမ့်ချပြီး ဆောက်လုပ်ပါ ကလည်း လမ်လျှောက်ရာတွင် အနိမ့်၊ အမြင့် တပြေးညီမဖြစ်သဖြင့် လမ်းသွား လမ်းလာများ အခက်တွေ့ နိုင်သဖြင့် ပလက် ဖောင်း တပြေးညီရရှိရေးကို ဦးစားပေး လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းမျိုးသိုက် က ပြောသည်။
“ပလက်ဖောင်းလည်းမဟုတ် မြောင်းလည်းမဟုတ် နှစ်ခုကို တွဲပြီး တော့လုပ်ကြည့်တာပေါ့နော်။ နှစ်ခုစလုံး အဆင်ပြေမလားလို့ ကြိုးစားကြည့်တာ ပေါ့။ မပြေရင်တော့ နောက်တစ်မျိုးစဉ်း စားရမှာပေါ့”ဟု ၎င်းကဆိုသည်။
ယင်းလက်ဖောင်းများကို မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူလုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။