ပါဠိတော် လက်ရေးလှပြိုင်ပွဲ ကျောင်းသူကျောင်းသား ၂၀၀၀ခန့် ဖြေဆိုရန် လျာထား

0
605

ဆဌမအကြိမ်မြောက် ပါဠိတော် လက်ရေးလှပြိုင်ပွဲ ကျင်းပမည်ဖြစ် ကြောင်း ကော့သောင်းမြို့နယ် အဘိဓမ္မာပြန့်ပွားရေးအသင်းမှ သိရသည်။
ကော့သောင်းမြို့နယ် အခြေခံ ပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသူ ကျောင်းသား ဦးရေ ၂၀၀၀ ဝန်းကျင်ခန့် ဖြေဆိုနိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး အ.ထ.က (၁) တွင် ဇွန် ၂၃ရက်၌ ကျင်းပသွားမည်ဟု သိရသည်။

“ကလေးသူငယ်တိုင်း ပါဠိစာပေကို အရေးအဖတ် ကျွမ်းကျင်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို နှစ်စဉ် ကျင်းပလာခဲ့တာပါ၊ အများပြည်သူအလှူငွေနဲ့ ကျင်းပရတော့ အခက်ခဲအချို့တော့ ရှိနိုင်တာပေါ့”ဟု ကော့သောင်းမြို့နယ် အဘိဓမ္မာပြန့်ပွားရေးအသင်း ဥက္ကဋ္ဌ ဦးခင်လတ်ထွန်းက ပြောသည်။

မူလတန်းတွင် ငါးပါးသီလ၊ မေတ္တာသုတ် အလယ်တန်းတွင် ၈ ပါးသီလ၊ ဓါရဏပရိတ် အထက်တန်း တွင် ၁၀ ပါးသီလ၊ ပဗ္ဗဇနိယ ကမ္မာဝါစာ စသည့် ဘာသာရေးစာပေများ ဖြေဆိုရမည်ဖြစ်ပြီး ဆုပေါင်း ၁၂၉ ဆုအား အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာအောင် ဆုနှင်းသဘင် အခမ်းအနားနှင့် ပေါင်း၍ ဇွန် ၂၉ တွင် မဉ္ဇူသကခန်းမ၌ ကျင်းပပေးအပ်သွားမည်ဟု သိရသည်။

ကော့သောင်းမြို့နယ် အဘိဓမ္မာ အသင်းအား ၁၉၉၈ ခုနှစ်က စတင် တည်ထောင်ခဲ့ရာ လက်ရှိတွင် နှစ်ပေါင်း ၂၀ ရှိပြီ ဖြစ်သည်။