ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲစေတီ ပြင်၊ မပြင် ပြည်ထောင်စုအစိုးရ အဆုံးအဖြတ်ရယူမည်

0
441

ရှင်ကိုးရှင်ဘုရားထဲတွင် တစ်ဆူ အပါအဝင်ဖြစ်သည့် ရှင်ဓာတ်ဝဲစေတီ ပြုပြင်မှု မည်ကဲ့သို့ ဆက်လုပ်မည်ကို ပြည်ထောင်စုအစိုးရ၏ အဆုံးအဖြတ်ကို ရယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာ ရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

စေတီတော်ကို ဆက်လက်ပြုပြင်ရန် သင့်/မသင့်ကို ပြီးခဲ့သည့် မေလ ၇ ရက် က အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ် တော်ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများနှင့် မြို့မိ မြို့ဖများပါဝင်သည့် လူပုဂ္ဂိုလ်များက ဆွေးနွေးခဲ့ကြပြီးနောက် မေလ ၉ ရက် နေ့တွင် မြို့နယ်သံဃနာယက ဆရာ တော်များ၊ စေတီတော်ဩဝါဒစရိယ ဆရာတော်များက ဆွေးနွေးခဲ့ကြသည်။
သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ၏ ဆွေးနွေးချက်များကို စုစည်းကာ မေလ ၁၁ ရက်တွင် ကျင်းပမည့် တိုင်း အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေး ကာ ပြည်ထောင်စုဝန်ကြီးထံ တင်ပြမည် ဖြစ်ကြောင်း ဝန်ကြီးဦးဟိုပင်က ဆိုသည်။

“ပြည်ထောင်စုဝန်ကြီးရဲ့ ဆုံးဖြတ် ချက် ပြန်ယူမယ်၊ တိုင်းလွှတ်တော်ကို အသိပေးမယ်”ဟု ဝန်ကြီးဦးဟိုပင်က ပြောသည်။
လက်ရှိစေတီတော်မှာ ယိုယွင်းလာ သည့်အတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက လက်ရှိစေတီတော်ကို ငုံပြီး အသစ်တည်ဆောက်ရန် စေတီ တော်အောက်ခြေတွင် ကွန်ကရစ်လောင်း ခြင်း၊ RC ကွန်ကရစ်လောင်းရန်အတွက် သံတိုင်များ စိုက်ခြင်းကို လုပ်ဆောင်ခဲ့ သည်။

ရှေးမူလက်ရာပြုပြင်ခြင်းမဟုတ်ဟု ဆိုကာ ယင်းကဲ့သို့ ပြုပြင်မှုကို ထားဝယ် ဒေသခံအချို့က သာသနာရေးနှင့် ယဉ် ကျေးမှု ပြည်ထောင်စုဝန်ကြီးထံ တိုင် ကြားစာ ပေးပို့ခဲ့ကြသည်။
ယင်းနောက် ၂၀၁၇ ခုနှစ် ဇွန်လ တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ် တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ရှင်ဓာတ်ဝဲစေတီ ပြုပြင်နေမှုကို ဥပဒေ၊ နည်းဥပဒေများအတိုင်း မလုပ်ဆောင် နိုင်မီ လုပ်ငန်းရပ်ဆိုင်း သင့်/မသင့်ကို မဲခွဲ ဆုံးဖြတ်ခဲ့သည်။
မဲခွဲရာတွင် ထောက်ခံမဲ ၁၇ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေမဲ ၃ မဲဖြင့် စေတီတော်ပြုပြင်မှုရပ်ဆိုင်းထားရန် မဲခွဲ ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လတွင် နိုင်ငံတော် သံဃနာယကအဖွဲ့ အစည်းအဝေးတွင် ဆရာတော်များက ဆုံးဖြတ်ချက် ၄ ခုကို ချမှတ်ခဲ့သည်။
စေတီတော်ကို ရှေးမူမပျက် တည်ဆောက်သွားရန်၊ တိုင်းဒေသကြီးမှ တာဝန်ရှိသူများပါဝင်သည့် စေတီတော် ပြုပြင် တည်ဆောက်ရေး အဖွဲ့အစည်း တစ်ရပ် ဖွဲ့စည်းရန်၊ စေတီတော်ကြီးနှင့် အရန်စေတီတော်များကို မူလအနေ အထားအတိုင်း ပြန်လည်ထားရှိနိုင်ရေး နှင့် မပျက်မစီး တည်ရှိစေရေးအတွက် ခေတ်မီနည်းပညာဖြင့် တာဝန်ရှိသူများ က အချိန်ပြည့်သတ်မှတ်ရန် စသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

နိုင်ငံတော်သံဃနာယကအဖွဲ့၏ ရှေးမူမပျက် တည်ဆောက်ရန်ဆိုသည့် စကားလုံးက ဝိဝါဒကွဲစရာ ဖြစ်နေ ကြောင်း တိုင်းလူမှု/စည်ပင်ဝန်ကြီးဦးဟိုပင်က ဆိုသည်။
“ရှေးမူမပျက်ဆိုတာသည် ပုံသဏ္ဌာန် ကိုပြောတာလား၊ အရွယ်အစား ကိုပြော တာလား၊ အခု ဒါက ဝိဝါဒ ကွဲနေတယ်” ဟု ဦးဟိုပင်က ပြောသည်။

ယင်း ရှေးမူမပျက်ဆိုသည့် စကား လုံးကို ရှင်းရှင်းလင်းလင်း သိနိုင်ရန် နိုင်ငံတော်သံဃနာယကအဖွဲ့ထံ ပြန် လည်မေးမြန်း သင့်ကြောင်း ထားဝယ် မြို့နေ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။
မေလ ၈ ရက်နေ့က တိုင်းဒေသ ကြီးလွှတ်တော်၏ တရားဝင်ဖေ့စ်ဘုတ် စာမျက်နှာတွင် နိုင်ငံတော်သံဃနာယက အဖွဲ့၏ အစီရင်ခံစာအတိုင်းသာ ဆောင် ရွက်ရန်၊ ဆရာတော်ကြီးများ၏ ဆုံးဖြတ် ချက်ကို လိုက်နာက ဥပဒေနှင့် ညီညွတ် ကာ တရားဥပဒေစိုးမိုးရေးကို အထောက် အကူပြုလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
ယင်းသို့မဟုတ်ပါက ဆောင်ရွက် သည့်ကိစ္စအရပ်ရပ်အတွက် ဥပဒေလေး စားလိုက်နာမှုနှင့် တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်ကို နာခံမှုမရှိဟု လွှတ်တော် က အဆိုပြုရန်သာရှိကြောင်း ထုတ်ပြန်ခဲ့ သည်။

“သဒ္ဓါကျွံ၍ ကျူးလွန်မိသည်များ ကို ပြန်လည်သိမ်းဆည်းခြင်းဖြင့် ကု သိုလ်ယူကာ စေတီတော်အား မူလ အတိုင်း တင့်တယ်စွာ ပူဇော်ကြပါစို့”ဟု ရေးသားဖော်ပြထားသည်။
ရှင်ဓာတ်ဝဲစေတီတော်၏ လက်ရှိ ဥာဏ်တော်အမြင့်မှာ ၇၂ ပေရှိပြီး အသစ် တည်ဆောက်မည့် ဥာဏ်တော် အမြင့်မှာ ၉၂ ပေ ရှိမည်ဖြစ်ကြောင်း အဆိုပါ စေတီတော် ဂေါပကအဖွဲ့ထံမှ သိရ သည်။