ဂွင်သမားများအတွက် ခေါင်းလောင်းသံ

0
509

မကြာသေးခင်ကမှ ကော့သောင်း မြို့မှာ ဆိုင်ကယ်ကယ်ရီ(Taxi)ခဈေး နှုန်းတွေ သက်ဆိုင်ရာဂိတ်အလိုက် စနစ် တကျဖြစ်အောင် ခရီးလမ်းကြောင်း အလိုက် သတ်မှတ်လိုက်ပါတယ်။ ဒေသခံ ခရီးသွားပြည်သူတွေနဲ့ အနယ်နယ်အရပ် ရပ်က ခရီးသွားဧည့်သည်များအတွက် အလွန်ကောင်းမွန်တဲ့ ရည်ရွယ်ချက်ပါ။
အခုလို ဈေးနှုန်း သတ်မှတ်တာကို အခြားဒေသတချို့မှာ တွေ့ဖူးပေမဲ့ ကော့သောင်းမှာတော့ အခုမှ သတ်မှတ် တာပါ။

ယခုလို သတ်မှတ်တာက စည်းမဲ့ ကမ်းမဲ့ “ဘယ်သူသေသေ ငတေမာရင်ပြီး ရော”ဆိုတဲ့ တစ်ဘို့တည်းသမားတွေရဲ့ အပြုအမူတွေကြောင့် သက်ဆိုင်ရာက ခုလို သတ်မှတ်လိုက်ရတာ ဖြစ်ပါတယ်။
မဝေးသေးတဲ့ ဆယ်စုနှစ်တွေက ကော့သောင်းမှာ ဘောလုံးခေတ်တစ်ခေတ် ဆန်းပြီး ကယ်ရီသမားတွေ ဂွင်ရိုက်တဲ့ ကာလတစ်ခု ရှိခဲ့ပါတယ်။ ဘောလုံးဆို တာ ထိုင်းဘက်ကို တရားမဝင်သွားမယ့် သူတွေကိုခေါ်တာ ဖြစ်ပါတယ်။

ဘောလုံးတွေကို ဂွင်ရိုက်တဲ့အထဲမှာ ကယ်ရီသမားတွေက နာမည်ကြီးတဲ့အထဲ ပါပါတယ်။ သူတို့ တောင်းသမျှ ခြောက် သမျှကို အဝေးကလာတဲ့ ခရီးသည်က ပေးရတာပါ။
၁၉၉၅ နောက်ပိုင်း ကာလတွေမှာ အဲ့လို ဂွင်ဖန်စီးပွားရှာကြတဲ့ ဆိုင်ကယ် ကယ်ရီသမားအချို့ ဝင်ငွေက သပိတ်ဝင် အိတ်ဝင်ပါပဲ။ KTV တွေ၊ စင်တင်တွေမှာ နေ့တိုင်းထိုင်ပြီး ပန်းကုံးစွပ်နိုင်သလို၊ ဘိလိယက်ခုံတွေမှာဆိုလည်း တစ်နေ ကုန်ဆိုင်ကယ်ထိုးထားပြီး အေးဆေး ကစားနေနိုင်ကြတယ်။

သူတို့တွေ သတိထားရမယ့်အချိန်က ထားဝယ် မြိတ်က ဝင်လာတဲ့ အမြန်ယာဉ် မြို့မတံတားကပ်ချိန်မျိုး၊ ၃ မိုင်ကားဝင်း ကို ဝင်လာတတ်တဲ့ အဝေးပြေးခရီးသည် ကားတွေ ဝင်လာချိန်မျိုး၊ လေယာဉ် ဆိုက်ချိန်မျိုးတွေပါပဲ။ အဲဒီချိန်ဆို ထိုး နေတဲ့ ဘိလိယက်ပွဲစဉ်တွေ သောက်နေတဲ့ လက်ဖက်ရည်တွေ အကုန်ရပ်နားပြီး ရေဆိပ်နဲ့ကားဂိတ်မှာ အလုအယက် လူလုကြတာပါပဲ၊
အဲဒီအချိန် သူတို့နဲ့သိတဲ့ အသိ ဒေသခံတွေဆို မမြင်ချင်ဟန်ဆောင်သလို၊ မအားသလိုနဲ့ ရှောင်လွှဲသွားတတ်ကြ တယ်၊
တစ်ခါတစ်ရံ အိတ်အတင်းဆွဲလို့ ကျွန်တော်ဒီမှာနေတဲ့သူလို့ ပြောပြီး ရှောင်ရတယ်။
“နင်တို့ မြို့က Taxi သမားတွေက အတော်ဆိုးတာပဲ ဓားပြတိုက်သလိုပဲ”လို့ ကို တစ်နယ်တစ်ကျေးက လူတွေက ပြန် ပြောကြသည်အထိ ဖြစ်ခဲ့ဖူးတယ်။

တချို့ကလည်း လုစရာမလိုဘူး အင်္ကျီအရောင်၊ ကျောပိုးအိတ်အရောင် လေးတွေ ကြည့်ပြီးရှာကြတယ်၊ တွေ့တာ နဲ့အတင်းခေါ် တည်းခိုခန်းကို ပို့ကြ တာပါပဲ။ ရိုးရိုးတော့မဟုတ်ဘူး ရှယ်ပို့ ကြပါတယ်။ တစ်မိုင်လောက်တာ မောင်း ရတဲ့ တည်းခိုခန်းပေမဲ့ မြို့တစ်ပတ် လမ်း ကြိုလမ်းကြားတွေ လျှောက်မောင်းပြီး အဲ့ဒီခရီးသည် တက်လာတဲ့ရေဆိပ်နားက တည်းခိုခန်းကိုပဲ ပြန်ပို့ပေးကြတာပါ။ ၃၀ မိနစ်၊ တစ်ခါတလေ တစ်နာရီလောက် ကြာချင်လည်းကြာသွားအောင် မောင်း ပြီးမှ ခရီးသည်ထံက ငွေကို လိုသလို တောင်းကြတယ်။ မပေးရင် ရန်သူလို ဆက်ဆံ ရဲစခန်းပို့တော့မလိုလုပ်ခဲ့ကြတယ်။
ဒါတွေကို ခရီးသည်ကလည်း ပြန်မ ပြောရဲကြဘူး။ ကိုယ်က တရားမဝင် ထိုင်းကိုသွားမှာဖြစ်ပြီး ခေတ်ကာလက ဘယ်သူ့ ဆရာခေါ်ရမလဲမသိအချိန်ဆို တော့။

“ဘာမှမပြောရဲဘူးလေ၊ ကျွန်မတို့ ကလဲ ရှမ်းကမ်း(ထိုင်းဘက်ခြမ်း) သွား ကြမှာဆိုတော့ ရဲဖမ်းလည်းထောင်ကျမှာ ကြောက်တယ်၊ ဟိုဘက်ရောက်ရင်ရပြီ။ ငွေက ပြန်ရှာလို့ ရတယ်လေ၊ ဒါကြောင့် လတ်တလော အဖမ်းမခံရအောင် သူတို့ တောင်းသလို ပေးရတာပေါ့”ဟု ဒေါ်လှမြင့် က အဲဒီအချိန်က မော်လမြိုင်မြို့ကနေ ထိုင်းသွားဖို့ ကော့သောင်းကို ရောက်လာ ချိန်မှာ ကြုံတွေ့ရတာကို ပြော ပြပါတယ်။

တစ်ခါတလေ မော်တော်ပီကယ်က ဖမ်းတာလည်း ကြုံဖူးတယ်၊ ၃ ယောက် ခွလိုက်ရတာ မိန်းမတွေဖြစ်ပေမဲ့ မြန်မြန် တက် မြန်မြန်မောင်းပဲ၊ လမ်းတစ်ဝက် ရောက်တော့ ဦးထုပ်မဆောင်းလို့ဆိုပြီး ဖမ်းခံထိတယ်။ တက်ကတည်းက သူတို့ လည်း ဘာမှမပြောတော့ ဒီတိုင်းလိုက်လာ တာ၊ အဲတာလည်း ကိုယ်ကပဲ ဒဏ်ဆောင် ပေးရတယ်၊ စိတ်ပျက်စရာကောင်းတယ် အဲ့ဒီချိန်က၊ နောက်မှသိရတာက ပေါင်း စားကြတယ်ဆိုလား၊ ခုတော့ ဒီအဖြစ် ပျက်တွေ အတော်နည်းသွားပြီးဆိုပေမဲ့ လက်ကျန်လေးတွေရှိနေဆဲလို့ အဲဒီအချိန် က ကယ်ရီစီးဖူးတဲ့ သူတစ်ယောက်က ရင်ဖွင့်ပါတယ်။

အဲဒီအဖြစ်အပျက်တွေက အဲဒီအချိန် က ကယ်ရီလောကမှာ ဖြစ်ပျက်ခဲ့တဲ့ အပေါ်ယံ အဖြစ်အပျက်တွေသာဖြစ်ပြီး အဲဒီထက်ဆိုးရွားတာတွေလည်း ရှိတယ် လို့ သိရပါတယ်။
ကယ်ရီဈေးနှုန်းအတိအကျ သတ် မှတ်လိုက်ချိန်ကစပြီး ဂွင်ရိုက်သူတွေရဲ့ လုပ်စားကွက် မချောင်တော့သလို ဒီလုပ် ငန်းကောင်းမယ်အထင်နဲ့ အဆင်ပြေချိန် က မစုဆောင်း တခြားလုပ်ငန်းမပြောင်း လဲထားတဲ့အတွက် အခက်အခဲစတွေ့ နေကြသူတွေရှိတယ်လို့ ကယ်ရီအသိုင်း အဝိုင်းက သိရပါတယ်။

ကျွန်တော့်အမြင်အရတော့ ကယ်ရီ ဈေးနှုန်းသတ်မှတ်လိုက်တာက သတိ ပေးခေါင်းလောင်းသံပါ။
ဘာပဲဖြစ်ဖြစ် အဆိုးထဲက အကောင်းဆိုသလိုပဲ ကျန်တဲ့စီးပွားရေး ကဏ္ဍတွေမှာလည်း သတိထားမိစရာ ဖြစ်လာခဲ့ပါတယ်။ ဒီဒေသမှာ အကြောင်း အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ စီးပွားရှာရာမှာ သမ္မာအာဇီဝအပြင် ကြုံရင်ကြုံသလို“ဂွင်” ရိုက်လုပ်စားကြသူများအတွက် ကိုယ့် လုပ်ငန်းအပေါ် သတိထားရတော့မှာဖြစ် ပါတယ်။
ပုံမှန် ကိုယ်အဆင်ပြေသလို ယူနေ တဲ့ ဝန်ဆောင်မှုနှုန်းထားကို တာဝန်ရှိသူ များက သတ်သတ်မှတ်မှတ် တရားဝင်ဆုံး ဖြတ်လိုက်ပြီဆိုရင် ပုံမှန်လည်ပတ်နေတဲ့ ဝင်ငွေများ အပြောင်းအလဲဖြစ်လာမည်မှာ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် အပြောင်းအလဲကာလ မလာခင်ကတည်း က ကြိုစဉ်းစားသင့်နေပါပြီ။

ယခုဆိုလျှင် ကော့သောင်း-ရနောင်း ပဲ့ချိတ်များကိုလည်း ယခုလိုဈေးနှုန်း သတ်မှတ်ပေးသင့်သလို မော်တော်ယာဉ် များ၊ ဆိပ်ကမ်းခွန်များလဲ အများမြင်သာ ထင်သာနေရာများတွင် ဖော်ပြထားသင့် ပြီဖြစ်ပါတယ်။
ဆိပ်ကမ်းခွန်တွေက ဘယ်လိုကောက် နေမှန်းတော့ မသိဘူး၊ ဈေးနှုန်းသတ်မှတ် ထားရင်တော့လဲ အငြင်းပွားစရာ သိပ်မရှိ ဘူးပေါ့၊ နောက်ပြီး ပဲ့ချိတ်ဆိပ်တွေမှာ လူလုတာတွေလည်း စည်းကမ်းသတ်မှတ် သင့်ပါပြီ။

“ခုသွားမယ်အစ်မ တက်ထိုင်လေ ဆိုပြီး အကြာကြီး လှေထဲထိုင်နေရတယ်၊ ကမ်းမှာကတည်းက ကိုယ့်လက်ဆွဲထုပ်ကို အတင်းယူပြီး ပဲ့ချိတ်ထဲထည့်ထားတာ ကိုယ်လဲ ကိုယ့်အထုပ်ပါသွားတော့ သူ့ နောက်လိုက်ရတာပေါ့၊ ပြီးရင်လှေက ထွက်လိုက်ဝင်လိုက်နဲ့ ဟိုလူ့စောင့်သလို ဒီလူမလာသေးသလိုနဲ့”ဟု တစ်လတစ် ကြိမ် ရနောင်းသို့ ဈေးဝယ်ထွက်လေ့ရှိသူ မအေးဝင်းက ပြောပြပါတယ်။

ယခု ကယ်ရီဈေးနှုန်းများ တရားဝင် သတ်မှတ်တာကသည် ကောင်းမွန်သည့် စနစ် ဖြစ်ပါတယ်။
ပုံမှန်ကိုယ့်လုပ်ကွက်နဲ့ ကိုယ်လုပ် နေသူတွေအတွက် ဝင်ငွေအပြောင်းလဲ ရှိနေနိုင်ပေမဲ့ ကြိုတင်ပြင်ဆင်ပြီး လုပ် ငန်းချဲ့ထွင်ထားသူများအတွက်တော့ သိပ်ထူးခြားမှုရှိနိုင်မှာမဟုတ်ပါဘူး။

ခရီးစဉ်အလိုက် ဈေးနှုန်းတွေ အများသိအောင် ကပ်ထားသည့်အတွက် အငြင်းပွားစရာ မလိုတော့သလို ဘောလုံး ခေတ်ကလည်း တဖြည်းဖြည်းတိမ်ကော လာခဲ့ပြီဖြစ်ပါတယ်။ အခြားစီးပွားရေးလုပ် ငန်းတွေလည်း အခုလိုပဲဖြစ်ကောင်းဖြစ် လာနိုင်ပါတယ်။ ဒါကြောင့် တရားဝင် လမ်းကြောင်းများဆီသို့ ဦးတည်နေချိန်မှာ မိမိတို့လုပ်နေကျနားလည်မှုနဲ့ အဆင်ပြေ သလိုလုပ်နေတာတွေကို သတိထားပြီး ကြိုတင်ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။

အဲလိုမဟုတ်ဘူးဆိုရင်တော့ ကယ်ရီ သမားတွေလို ဘောလုံးခေတ်က အဆင် ပြေချိန်ကိုလွမ်းရင်း ရှေ့ဆက်ဘာလုပ် ရမှန်းမသိ ဖြစ်လာနိုင်ပါတယ်။
ကယ်ရီ ဈေးနှုန်း သတ်မှတ်တာက “ဂွင်”သမားများအတွက် ခေါင်းလောင်းသံ ဖြစ်ပါတယ်။