လျှပ်စစ်ကဏ္ဍ အစိုးရမူဝါဒ မဟုတ်ဘဲ ကုမ္ပဏီ၏မူဝါဒဖြင့် သွားနေသကဲ့သို့ ဖြစ်နေသည်ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ်ဝေဖန်

0
539

တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးမှုများကို အစိုးရမှ ရေးဆွဲထားသော မူဝါဒဖြင့် လုပ်ကိုင်နေခြင်းမျိုးမဟုတ်ဘဲ ထုတ်လုပ်ဖြန့်ဖြူးခွင့်ရသောကုမ္ပဏီ၏ မူဝါဒဖြင့် သွားနေသကဲ့သို့ ဖြစ်နေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ဝေဖန်လိုက်သည်။
မတ်လ ၂၉ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ယင်းသို့ ပြောကြား ခြင်း ဖြစ်သည်။

” ကျွန်တော်တို့တိုင်းမှာ သွားနေတဲ့ လျှပ်စစ်မူဝါဒက အစိုးရရဲ့မူဝါဒနဲ့ မဟုတ်ဘဲနဲ့ ကုမ္ပဏီရဲ့မူဝါဒနဲ့ သွားနေသလို ဖြစ်နေပါတယ်၊ ဒါအင်မတန် အန္တရာယ်ကြီးပါတယ်၊ နိုင်ငံရေးဆန်ပါတယ်” ဟု ဦးဗိုလ်ထွေးက ဝေဖန်ပြော ကြားခဲ့သည်။လျှပ်စစ်လုပ်ငန်းသည် အခြားသောလုပ်ငန်းများကဲ့သို့ ထုတ်လုပ်ဖြန့်ဖြူးသူနှင့် စားသုံးသူများအကြား တစ်ကြိမ်တစ်ခါတည်းသာ ဆောင်ရွက်ရသော လုပ်ငန်းမျိုးမဟုတ်ဘဲ အချိန်ပြည့် ထိတွေ့ဆက်ဆံနေရသော လုပ်ငန်းဖြစ်သောကြောင့် အရေးပါသော ဝန်ဆောင်မှုလုပ်ငန်း၊ တစ်နည်းအားဖြင့် နိုင်ငံရေးဆန်သော လုပ်ငန်းဖြစ်ကြောင်း ဦးဗိုလ်ထွေးက လွှတ်တော်တွင် ပြောကြားသည်။

တိုင်းအတွင်း ဖွဲ့စည်းထားသည့် မီးလင်းရေးကော်မတီအဆင့်ဆင့်ကို အစိုးရမှ တရားဝင်ဖျက်သိမ်း ထားခြင်းမျိုးမရှိဘဲ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် GGS ကုမ္ပဏီက ထားဝယ် ခရိုင်အတွင်း ရပ်ကျေးမီးလင်းရေး ကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်မှုမပြုဘဲ ၎င်းကုမ္ပဏီနှင့် အလျဉ်းသင့်သူများကိုသာ ရပ်ကျေးမီးလင်းရေး တာဝန်ခံခန့်အပ်လုပ်ဆောင်နေသည်မှာ မေးခွန်းထုတ် စရာဖြစ်ကြောင်း ဦးဗိုလ်ထွေးက ပြောသည်။
ထားဝယ်ခရိုင်အတွင်း ကျေးရွာမီးလင်းရေး ကော်မတီများကို ဒေသတွင်းလိုအပ်ချက်အရ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ်မီးလင်းရေး ကော်မတီများက ဖွဲ့စည်းထားခြင်းဖြစ်ပြီး လျှပ်စစ်မီး ရရှိရေးအတွက် ခေတ်အဆက်ဆက် ကိုယ်ထူကိုယ်ထ လုပ်ကိုင်လာခဲ့ကြသည်။

ကျေးရွာမီးလင်းရေး ကော်မတီအများက ကျေးရွာအတွင်းဓာတ်အားလိုင်းများကို ရွာသူရွာသားများ၏ စုပေါင်းငွေဖြင့် ကိုယ်ထူကိုယ်ထ သွယ်တန်းထားကြပြီး ရွာလျှပ်စစ်လိုင်း ပြုပြင်ထိန်းသိမ်းရန် လျှပ်စစ် ဝန်ထမ်းများလည်း ခန့်ထားကြသည်။ ယခင် လျှပ်စစ်ဖြန့်ဖြူးခွင့်ရ DDPC ကုမ္ပဏီ လုပ်ကိုင်စဉ်က ယင်းမီးလင်းရေးကော်မတီများနှင့် ချိတ်ဆက် (အကျိုးခံစားခွင့်ပေး) လုပ်ကိုင်ခဲ့ကြသည်။

လက်ရှိတွင် GGS ကုမ္ပဏီက ယင်းမီးလင်းရေး ကော်မတီများနှင့် လက်တွဲလုပ်ကိုင်ခြင်းမရှိတော့ပေ။
” ကုမ္ပဏီတွေကို ကျွန်တော်တို့က လုပ်ကိုင်ခွင့်ပေးလိုက်တာ၊ လုပ်ပိုင်ခွင့် ပေးလိုက်တာ မဟုတ်ပါဘူး” ဟု ဦးဗိုလ်ထွေးက လွှတ်တော်တွင် ပြောခဲ့သည်။
GGS ကုမ္ပဏီမှ လက်ရှိကောက်ခံနေသည့် လမ်းမီးကြေးကိစ္စနှင့် လမ်းမီးများ တပြေးညီတပ်ဆင်ရေး၊ ကျေးရွာများတွင် ငွေကောက်ခံသည့်နေရာ တိတိကျကျ သတ်မှတ်ထားရေး စသော နောက်ဆက်တွဲ ဝန်ဆောင်မှုများကို မည်ကဲ့သို့ အသေးစိတ်စီမံဆောင်ရွက်ထားသည်ကို ဦးဗိုလ်ထွေးက အစိုးရအဖွဲ့ အား မေးမြန်းခဲ့သည်။ ဦးဗိုလ်ထွေး၏ မေးခွန်းကို အသေးစိတ်အချက်အလက်များ စုဆောင်း၍ စာဖြင့် အကြောင်း ပြန်ပါမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ဖြေဆိုခဲ့သည်။

GGS သည် ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေပြီး ယာယီလျှပ်စစ် ဖြန့်ဖြူးခွင့်ပါရရှိထားကာ လူထုနှင့် ဆက်ဆံရေးတွင် အပေါ်စီးဆန်သည်ဟု ဝေဖန်မှုအချို့ ရှိနေသည်။