ထားဝယ်အထူးစီးပွားဇုန်စီမံကိန်း လုပ်ငန်းအခွင့်အလမ်း သတင်းမှားများ မယုံပါနှင့်

0
963

ယခုနှစ်အတွင်း လုပ်ငန်းပြန် စ တင်ရန် ပြောဆိုထားသည့် ထားဝယ် အထူးစီးပွားဇုန်စီမံကိန်းနှင့် ပတ်သက် ၍ အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ရမည်ဟူသော သတင်းအမှားများကို မယုံကြည်ကြရန် ထားဝယ်အထူး စီးပွား ဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေး မှူး ဒေါက်တာတင်ထူးနိုင်က ပြောသည်။

ကုမ္ပဏီအချို့နှင့် လူပုဂ္ဂိုလ် တချို့က ဆောက်လုပ်ရေး လုပ်ကွက် များ၊ လုပ်ငန်းများရရှိရန် လုပ်ငန်းချ ထားပေးနိုင်သည့် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ပြောဆို ညှိနှိုင်းခြင်း၊ စီမံကိန်းတွင် အလုပ်ရရန် စီစဉ်ပေးမည်ဆိုကာ လျှောက်လွှာပုံစံကို အခကြေးငွေဖြင့် လိမ်လည်ရောင်းချခြင်း များ လုပ်ဆောင်နေသည်ဟု ကြားသိရ ကြောင်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်က ပြောသည်။
“ဒါတွေဟာ မဟုတ်ဘူးလို့ပဲ ဖြေ ရှင်းရမှာပါ။ ဒေသခံတွေ ဒီအထူးစီးပွား ရေးဇုန်ကို ခုတုံးလုပ်ပြီးတော့ အကျိုး အမြတ် ဖန်တီးတာမျိုး မခံရအောင် မနစ်နာ မဆုံးရှုံးရအောင် ဒီလို သတင်း ပေးရခြင်း ဖြစ်ပါတယ်”ဟု ဒေါက်တာ တင်ထူးနိုင်က ပြောဆိုသည်။
ပြည်သူအများ သိသင့်သိထိုက် သော သတင်းများကို ကော်မတီမှ ထုတ် ပြန်ခြင်း၊ ဒေသခံများကို အခါအား လျော်စွာ လာရောက် ရှင်းပြခြင်းများ ပြုလုပ်သွားမည်ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီလ အစောပိုင်းက ထိုင်းနိုင်ငံသူဌေးတစ်ဦး၏ အဆက်အသွယ်ဖြင့် ထားဝယ်အထူး စီးပွားရေးဇုန်တွင် အလုပ်ရမည်ဟု အာမ ခံကာ လျှောက်လွှာရောင်းချသူ ထားဝယ် တွင် ပေါ်ပေါက်ခဲ့ဖူးပြီး နောက်ပိုင်းတွင် အသံမကြားရတော့ပေ။
အကယ်၍ စီမံကိန်းနှင့် ဆက်နွယ် သောအလုပ်အကိုင်အခွင့်အလမ်းများအတွက် မိမိထံ လာရောက် ညှိနှိုင်းဆွဲ ဆောင်ခြင်း များရှိခဲ့ပါက ထားဝယ်အထူး စီးပွားဇုန် စီမံခန့်ခွဲရေးကော်မတီတာဝန် ရှိသူများထံသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း ဒေါက်တာ တင်ထူးနိုင်က ပြောသည်။

ထို့ပြင် စီမံကိန်းနှင့် ပတ်သက် သည့် သတင်းအချက်အလက်အမှန်များ သိရှိလိုပါက စီမံကိန်း ဇုန်အတွင်းရှိ OSSC(One Stop Service Centre) ရုံးတွင် အချိန်မရွေး လာရောက် မေးမြန်းနိုင်ကြောင်း ၎င်းက ဆိုသည်။

ယခင်အစိုးရလက်ထက်က OSSC(One Stop Service Centre) သို့ သွားရောက်ခဲ့ဖူးသော်လည်း ရုံးတွင် တာဝန်ခံ ဖြေကြားမည့်သူ မရှိခြင်း၊ သတင်းအချက်အလက် မထုတ်ပြန် နိုင်ခြင်းတို့နှင့်သာ ကြုံခဲ့ရကြောင်း ဒေ သခံအချို့က ပြောသည်။
“One Stop ရုံးမှာ အချိန်မရွေး လာမေးလို့ရတယ် လာဖြေလို့ရတယ်လို့ ပြောတယ်။ အခုအစိုးရ လက်ထက်မှာ တော့ မလာဖူးသေးဘူး။ အရင်အစိုးရရုံး လာဖူးတယ်။ အရင်တုန်းက ကတိတွေ အကြိမ်ကြိမ်ပေးပြီး ကတိဖျက်တာပဲ ရှိတယ်။ အခုတော့ မလာဖူးသေးဘူး” ဟု ရေဖြူမြို့နယ် ပုဂေါဇွန်းရွာမှ ဦးရီစွမ် က ပြောသည်။