ပျဉ်းပိတောက် သိက္ခာထပ်ပွဲ

0
379

ပျဉ်းပိတောက်သစ်အမျိုးအစား တွင် အကြီးဆုံး ဖြစ်နိုင်ဖွယ်ရှိသော သစ်ပင်ကြီး၏ သိက္ခာထပ်ပွဲကို ထီးခီး ဒေသရှိ ထိုသစ်ပင်ခြေရင်းတွင် ဇန်နဝါရီ လ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပ ခဲ့သည်။
နှစ်ပေါင်း ရာချီ သက်တမ်းရှိနိုင်ပြီး မြန်မာအစိုးရ သစ်တောဦးစီးဌာန၏ တိုင်းထွာချက်အရ အပင် ရင်စို့လုံးပတ် ၃၃ ပေရှိသော ယင်းပျဉ်းပိတောင်ပင် အထွတ်အမြတ်ထားခြင်း အခမ်းအနား ကို ကရင်လူမျိုးဌာနေ တိုင်းရင်းသားများ၊ မြန်မာတပ်မတော်၊ မြန်မာအစိုးရ သစ် တောဌာန၊ ကရင်အမျိုးသား အစည်း အရုံး (KNU) သစ်တောဌာနတို့ အပါ အဝင် အရပ်ဘက်အဖွဲ့စည်းပေါင်းတစ် ဒါဇင်ကျော်မှ စုစုပေါင်း လူပုဂ္ဂိုလ် တစ်ရာ ရှေ့မှောက်တွင် ကျင်းပခဲ့သည်။

သိက္ခာထပ်ပွဲတွင် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ တက် ရောက်၍ သစ်ပင်ကြီးအား သိက္ခာထပ် ဆုတောင်းခဲ့ကြသည်။
သစ်တောနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရန်အတွက် အစိုးရချည်း လုပ်ဆောင်၍ မရဘဲ ဒေသခံများပါ ပူးပေါင်းပါဝင်ရန် လိုကြောင်း ပြသ သည့်အနေနှင့် ထိုသို့သော အခမ်းအနား ကို စီစဉ်ကျင်းပခြင်း ဖြစ်ကြောင်း ပွဲကို ပူးတွဲစီစဉ်သည့် တနင်္သာရီမြစ်မကြီးနှင့် ဌာနေတိုင်းရင်းသားများ ကွန်ရက် (TRIP-NET)၏ ဒါရိုက်တာ စောဖရန်ကီက ပြောကြားသည်။

“ပြည်သူတွေရဲ့ နှလုံးသားကို Touch ဖြစ် (ထိ) မှ ပြောင်းလဲတာတွေ ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီး တနင်္သာ ရီမြစ်၏ အနောက်ဘက်ကမ်း ကရင် အမျိုးသားအစည်းအရုံး၏ လယ်နူထီး အမျိုးသားဥယျာဉ် ကယဲသူးချောင်းဖျား တွင် ၁၉၈၇ ခုနှစ်ကတည်းက တွေ့ရှိ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း KNU သစ်တောဦးစီးဌာနက ထုတ်ပြန် ထားသည်။

ကယဲသူးချောင်းဖျားတွင် တွေ့ရှိရ သော ထိုသစ်ပင်ကြီးမှာ ပျဉ်းပိတောက် အမျိုးအစားတွင် အကြီးဆုံးဖြစ်နိုင်ဖွယ် ရှိကြောင်း ထားဝယ်ခရိုင် သစ်တော ဦးစီးဌာန အရာရှိများက ခန့်မှန်းထား သည်။
ထိုသို့ အကြီးဆုံး သစ်ပင်ကြီးဖြစ် နိုင်သဖြင့် ထိုအပင်ထိန်းသိမ်းရေးကို ဌာနဆိုင်ရာ အဆင့်ဆင့် တင်ပြဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးက ပြောသည်။

ကရင်တိုင်းရင်းသားများက နော်ဘောကော်ဟု ခေါ်သော ပျဉ်းပိ တောက်ပင်များသည် တနင်္သာရီမြစ်နှင့် ထိုင်းနယ်စပ်အကြား အများအပြား ပေါက်ရောက်သော်လည်း ၁၉၈၈-၈၉ ခုနှစ်များတွင်း စစ်အစိုးရက သစ်ကွက် များ ချထားပေးပြီးနောက် ပျဉ်းပိတောက် အမြောက်အများ ခုတ်ယူခြင်း ခံလိုက်ရ ကြောင်း KNU သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယခု သိက္ခာထပ်ပွဲကျင်းပသော ပျဉ်းပိတောက်ပင်ကို ကရင့်အမျိုးသား သစ်ပင်အဖြစ် ထိန်းသိမ်းထားသည်။