တနင်္သာရီ လူထုဗဟိုပြုစီမံကိန်း ၂ နှစ်တာကာလတွင် ကျပ်သိန်းပေါင်း နှစ်သောင်းနီးပါး သုံးစွဲ

0
380

တနင်္သာရီမြို့နယ် လူထု ဗဟိုပြု စီမံကိန်း ၂ နှစ်တာကာလတွင် ကျပ် သိန်းပေါင်း နှစ်သောင်းနီးပါး သုံးစွဲ ခဲ့ကြောင်း ယင်းစီမံကိန်း၏ ကျား/မ ရေးရာနှင့် သတင်းဆက်သွယ် ပြန်ကြားရေး ဝေဖန်အကြံပြု ဖြေရှင်းရေး တာဝန်ခံ ဒေါ်နွယ်နွယ်ဦးက ပြောကြားသည်။

လူထုဗဟိုပြုစီမံကိန်းသည် ရွာအ တွင်း လိုအပ်သည့် စာသင်ကျောင်း၊ လမ်း၊ တံတား၊ အစည်းအဝေးခန်းမများ၊ ရေရရှိရေး၊ မီးလင်းရေးစသည့် လုပ်ငန်းကို ကျေးရွာသားများကိုယ်တိုင် ဦးစီးဦးဆောင် ကာ အကောင်အထည်ဖော်ရသည့် စီမံကိန်းဖြစ်ကြောင်း တနင်္သာရီ မြို့နယ် ကျေးလက်ဦးစီးဌာနထံမှ သိရသည်။
စီမံကိန်း ပထမနှစ်ဖြစ်သည့် ၂၀၁၅ -၂၀၁၆ ခုနှစ်တွင် ကျေးရွာအုပ်စု ၁၈ စု က ရွာပေါင်း ၁၇၆ ရွာအတွက် ကျပ်သိန်း ပေါင်း ကိုးထောင်ကျော်နှင့် ဒုတိယနှစ် ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကျေးရွာအုပ်စု ၁၉ စုတို့မှ ရွာပေါင်း ၁၆၃ ရွာအတွက် ကျပ်သိန်းပေါင်း တစ်သောင်းကျော် အသုံးပြုကာ လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြောင်း ဒေါ်နွယ်နွယ်ဦးက ပြောသည်။

တတိယနှစ်တွင် ကျေးရွာနေလူဦး ရေ၏ အတိုးအလျော့အပေါ် မူတည်ပြီး ရန်ပုံငွေ အတိုးအလျော့ ရှိနိုင်မည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ များ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လူထုဗဟိုပြု စီမံကိန်းကို ၄ နှစ်တာ အကောင်အထည်ဖော်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
“ရွာက ကမ်းနားလမ်းဆိုရင် သိန်း ၉၀ ခန့်အကုန်ကျခံပြီး လုပ်ပေးခဲ့တယ်” ဟု တကူကျေးရွာနေ ဦးကျော်ငွေက ပြောသည်။
စီမံကိန်း၏ ၂ နှစ်တာ လုပ်ဆောင် ချက်များ ဓာတ်ပုံပြခန်းနှင့် စီမံကိန်းနှင့် သက်ဆိုင်သည့် မေးခွန်းများ ဖြေကြား ခြင်းတို့ ပါဝင်သည့် အခမ်းအနားတစ်ခု ကို ဒီဇင်ဘာလ ၂၇ ရက်က တကူ ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်များ အထောက် အကူပြုစေရန်အတွက် အဆိုပါ စီမံကိန်း များကို ကမ္ဘာ့ဘဏ်မှ ကူညီထောက်ပံ့ ငွေ နှင့် နည်းပညာပံ့ပိုး ကူညီမှုဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။