အဖြေလည်းရှာ ဖြစ်အောင်လည်း လုပ်ကြပါတော့

0
566

လောင်းလုံးမှာ လက်ထောက်ဆရာ ဝန် ညီငယ်တစ်ယောက် ကိုယ့်ကိုကိုယ် ဆွဲကြိုးချ သတ်သေသွားသည်ဟူသည့် သတင်းစကားက ကျွန်တော့်ကို ရုတ် ချည်းဆွံ့စေခဲ့သည်။ ကြေကွဲဖွယ်ထို အဖြစ်က ဒီဇင်ဘာ ၂၆ ရက်က ဖြစ်ခဲ့ သည်။
အနောက်နိုင်ငံများ၏ စစ်တမ်းအရ မိမိကိုယ်ကို သတ်သေနှုန်း မြင့်မားသော အသက်မွေးဝမ်းကျောင်းအလုပ်တွင် ဆရာဝန်အလုပ်က ထိပ်ဆုံးက ပါသည် ဟု သိရသည်။ ကိုယ့်နိုင်ငံ လူနေမှုစနစ် နှင့် ဘာသာတရား၏ အဆုံးအမအောက် တွင် ထိုစစ်တမ်းက မည်မျှမှန်သနည်း။

သည်နှစ်ပိုင်းထဲတွင်ပင် ကယားက လက်ထောက်ဆရာဝန် ညီမငယ်တစ် ယောက် ကိုယ့်ကိုကိုယ် သတ်သေသွား သေးသည်။ လတ်တလော ဖြစ်စဉ်အရ မိမိကိုယ်ကိုယ် သတ်သေကြရလောက် သည်အထိ စိတ်ဖိစီးမှုနှင့် ပတ်ဝန်းကျင် အခြေအနေတွေက အဘယ်သို့နည်း။ ကျွန်တော်တို့ အလုပ်ခွင်ဟာ ပျော်စရာ မဲ့ပြီး ဖိအားတွေ ပြည့်နှက်နေပြီလား။
လုပ်ငန်းခွင်၊ အလုပ်၊ တာဝန်နှင့် ဖိစီးမှုများက ကျန်းမာရေးဝန်ထမ်းများကို မိမိကိုယ်ကို သတ်သေစေလောက်သော ဖိအားများ ဖြစ်လာနေပြီလား။ ကျွန်တော် တို့ ဆန်းစစ်ဖို့ လိုအပ်လာပါသည်။

လုပ်ငန်းခွင် ဝန်အား
ပြီးခဲ့သည့်အပတ်က တနင်္သာရီ ဂျာနယ်ပါ သတင်းတစ်ပုဒ်အရ တနင်္သာ ရီတိုင်းက ပြည်သူ့ဆေးရုံများတွင် ခွင့်ပြု ကျန်းမာရေးဝန်ထမ်းအင်အား၏ ထက် ဝက်ခန့်သာ ခန့်ထားနိုင်သည်။
ထားဝယ်ဆေးရုံကြီးတွင် ခွင့်ပြု ၆၈ဦးဖြစ်သော်လည်း ခန့်ထားသည့် ဆ ရာဝန်ဦးရေမှာ ၃၁ဦး၊ မြိတ်ဆေးရုံကြီးတွင် ခွင့်ပြု ၆၈ဦးဖြစ်သော်လည်း ခန့်ထား ၃၃ ဦး၊ ကော့သောင်းဆေးရုံကြီးတွင် ခွင့်ပြု ၁၈ဦးဖြစ်သော်လည်း ခန့်ထား ၁၄ဦးသာရှိကြောင်း တိုင်းကုသရေးဦးစီး ဌာနကို ကိုးကားပြီး ဖော်ပြသည်။
အလုပ်ကြော်ငြာစာဖြင့် အလုပ်ခေါ် သော်လည်း ဆရာဝန်အချို့သာ လာ ရောက်လျှောက်ထားကာ အလုပ်ဝင်ကြ သည့်အတွက် လိုအပ်ချက် မပြည့်မီ။လစ်လပ် အလုပ်နေရာ ၁၇၀၀ကျော် လစ် လပ်သဖြင့် အလုပ်ခေါ်သော်ငြား လျှောက်လွှာလာတင်ပြီး အစိုးရအလုပ်ဝင် သူမှာ ၁၂၀၀ မပြည့်ပါ။ ယင်းခန့်ထားဦး ရေအနက်မှ အလုပ်ဝင်ကြသူတွေအနက် မှာမှ ကျန်းမာရေးမကောင်းသူ၊ ခွင့်ယူသူ ၊ ဘွဲ့လွန်သင်တန်း တက်ရောက်နေသူ များလည်း ရှိသည်။ ဘွဲ့လွန်သင်တန်းကို ရန်ကုန်တွင် တက်ရောက်နေသော်လည်း ဖွဲ့စည်းပုံလူအင်အားက လက်ရှိဌာနမှာ ပင် အမည်သာရှိလျက် လူကမရှိပါဘဲ လူက ဘွဲ့လွန်ဆေးပညာသင်တန်းကို ရန်ကုန်ရှိ ဆေးတက္ကသိုလ်များမှာ သင် ကြားနေကြသူ ဦးရေကလည်း မနည်း လှ။

အခြားမလိုအပ်ပါဘဲ ကိုယ်စား လှယ်တော်ကြီးတို့ တောင်းခံသဖြင့် ဖွင့် လှစ်ထားကြကုန်သော ဝန်ထမ်းမမြဲသော လစ်လပ်တိုက်နယ် ဆေးရုံများ၊ မိမိ ဝန်ကြီး ဌာနဆေးပေးခန်းတွင် လိုအပ် နေသော ဆရာဝန်ကို မိမိဌာန အစီအစဉ် ဖြင့် မခေါ်ပါဘဲ ကျန်းမာရေးဌာနသို့ ယာယီဆရာဝန် မကြာခဏတောင်းခံသည့် သတ္တုတွင်းဝန်ကြီးဌာနပိုင် ပုလဲကျွန်း ဆေးပေးခန်းစသည်တို့ကို ယာယီအလှည့် ကျ တာဝန်ပေးနေရာချ ထားခံရသူ စသဖြင့် အမှန် မိမိတာဝန်ကျရာဆေးရုံမှာ တာဝန်မယူနိုင်ကြသူ ဝန်ထမ်းဦးရေကို နုတ်သော် လက်ရှိ အလုပ်လုပ်နေသူမှာ သုံးပုံတစ်ပုံသာ ကျန်သည်။

အဆိုပါ သုံးပုံတစ်ပုံမျှသော အင် အားက ထမ်းဆောင်နေရသည့် တာဝန် က မည်မျှနည်း။ ဆေးရုံ၏ ခွင့်ပြု ကုတင် ၂၀၀ တွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေသူက ပျမ်းမျှ ၃၅၀ ရှိပြီး၊ ပြင်ပလူနာက တစ်နေ့တစ်နေ့ ပျမ်းမျှအားဖြင့် ထောင်ဂဏန်းနီးနီး ရှိသည်။ ဆိုလိုတာက မူလလုပ်ဆောင် နိုင်စွမ်း၏ နှစ်ဆခွဲကျော်ကျော်အထိ အလုပ်လုပ်နေကြရသည့်သဘော။ တစ်လလျှင် ၂၄ နာရီ တာဝန်ထမ်းဆောင် ရသည့်ရက် ၁၁ရက်အထိရှိပြီး အနား မရသဖြင့် ထမင်းကိုသော်မှ စားဖို့ တစ်ခါတစ်ရံ အချိန်မရကြောင်း လက်ထောက်ဆရာဝန်တစ်ဦးက ဆိုပါ သည်ဟု ယင်းသတင်းတွင်ပင် ဖော်ပြ ထားပါသည်။

စိတ်ပိုင်းဆိုင်ရာ ဖိအားများ
အဲသည်အနေအထားအထိ အလုပ် လုပ်နေကြသည့်ကြားမှ ရံဖန်ရံခါ ပြည် သူ့ဘက်က ဖိအားနှင့် မကျေမလည်မှုများ က အစိုးရဆေးရုံဆေးခန်းများတွင် လာ လာပေါက်ကွဲကြသည်။ ၂၀၁၇ ဩဂုတ်လ တွင် တစ်ကြိမ်၊ စက်တင်ဘာ လအတွင်း တစ်ကြိမ်၊ မြိတ်ဆေးရုံကြီးတွင် ဆေးရုံမှ တာဝန်ကျဆရာဝန်အား လူနာစောင့်၏ လက်ရောက် စော်ကားမှုများ၊ ထားဝယ် ဆေးရုံတွင် လူမှုကွန်ရက်အထိ ပျံ့နှံ့ ရောက်ရှိခဲ့သော ဆေးရုံပရဝုဏ် အတွင်း ကျန်းမာရေးဝန်ထမ်းများအား စော်ကား မှုများစသည်တို့က ထင်ရှားသော သက်သေဖြစ်သည်။

ယင်းသို့ ကိုယ့်အလုပ်ခွင်နှင့် အ လုပ်ကို ထိပါးစော်ကားမှုများအပြင် လူမှု မီဒီယာပေါ်တွင်လည်း မကြာခဏဆိုသ လို ထိပါး စော်ကားခံရသည်။
ထို့အတွက် တိုင်းတွင်း ကျန်းမာ ရေး ဝန်ထမ်းပေါင်း ၂၇၀ကျော်က အခြား တိုင်းနှင့်ပြည်နယ်တို့မှ ကျန်းမာ ရေးဝန်ထမ်းပေါင်း တစ်ထောင်ကျော် တို့နှင့်အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ လိပ်မူကာ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး အတွက် ၂၀၁၇ ဒီဇင်ဘာလအတွင်း လက် မှတ်ရေးထိုး တောင်းဆိုခဲ့ကြသည်။

လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု ဆို သည်မှာ
ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်း တွေက လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန် ကြီးထံ လက်မှတ်ရေးထိုးတောင်းဆိုကြသည့်အခါ အချို့က ဆိုပါသည်။
“မင်းတို့ ကျန်းမာရေးဝန်ထမ်းတွေ အတွက်ချည်း လုံခြုံဖို့ မတောင်းဆိုနေကြ နဲ့ကွ၊ ပြည်သူတွေ၊ လူနာတွေရဲ့ ဘေး ကင်းလုံခြုံမှုအတွက်လည်း စဉ်းစားပေး ကြပါဦး”တဲ့။
မမှားပါ။

ပြည်သူတွေဖြစ်သော လူနာနှင့် အ လုပ်ခွင်၊ ဝန်ထမ်းဘေးကင်းလုံခြုံမှုသည် အပြန်အလှန် ဆက်စပ်နေသည်။ အလုပ် ခွင်ကို ဝင်သည်နှင့် ကျွန်တော်တို့တွေ ဘေးကင်း လုံခြုံမှုသုံးရပ်ကို သတိထား ဂရုစိုက်ကြရပါသည်။
ဘေးကင်းလုံခြုံမှု သုံးရပ် (Three Safety )ဟူသည်က အဘယ်နည်း။
၁) မိမိကိုယ်တိုင် ဘေးကင်းရမည်၊ ၂) မိမိ အလုပ်ခွင်ပတ်ဝန်းကျင် ဘေးကင်းရမည်၊ ၃) မိမိလူနာ ဘေးကင်း ရမည်ဟူ၏။ သေချာသည်က လုပ်ငန်းခွင် ဘေးကင်းမှ လူနာလည်း ဘေးကင်း မည်ဖြစ်သည်။

ပျော်စရာမကောင်းတော့သော အလုပ်ခွင်
ခေတ်နှင့် စနစ် အပြောင်းအလဲမှာ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းများ အနေအထားကလည်း အတန်အသင့် ပြောင်းလဲလာသည်။ ယခင်က လူတစ် ယောက်အသက်ကို ကယ်တင်နိုင်သည့် အတွက် လူ့အသက်ကို တစ်ဖန် ပြန် လည် ဖန်ဆင်းပေးနိုင်စွမ်းသော ဒုတိယ ဘုရားသခင်ဟု အလေးအမြတ်ထား လေး စားသမှု ရှိကြသည့် အနေအထားမှ ဝန် ဆောင်သူ (Service provider) နှင့် စားသုံးသူ (Customer) အဖြစ် ပြောင်း လဲကျင့်သုံး ခံယူလာကြသည်။
လူသည် တစ်ဦးကိုတစ်ဦး လေး စားသမှုရှိရမည်ဟု အခြေခံ လူ့ကျင့်ဝတ်ရှိ သော်လည်း လူတစ်ဦးချင်းစီ၏ စိတ်နေ သဘောထား၊ အမူအကျင့်အရ လက်တွေ့ တွင် မကျင့်သုံးကြပေ။

ဝန်ဆောင်သူ (Service provider) နှင့် စားသုံးသူ(Customer) ကြားတွင် သာ၍ ဆိုးပါသည်။ ယင်းသို့ အပြန်အ လှန် လေးစားသမှု လျော့နည်းလာသည့် အနေအထားတွင် ဆေးရုံများကို အလုံးစုံ အခမဲ့အဖြစ် နိုင်ငံရေးသမားများက ထိုး ကျွေးကာ ခါတော်မီ လူပြိန်းကြိုက်လုပ် ဆောင်ကြသည့်အခါ ဝန်ထုပ်ဝန်ပိုးအား လုံးမှာ ဆေးရုံသို့ စုပြုံလာကာ ကျန်းမာ ရေးဝန်ထမ်းတို့အတွက် ဝန်နှင့်ဖိအားမှာ လုံးဝ မမျှတတော့။
ထိုသောအခါ ဆက်ဆံရေး၊ ဝန် ဆောင်မှုသည်လည်း ကောင်းမွန်မလာ သလို ဝန်ထမ်းတို့သည်လည်း အလုပ် ခွင်မှာ ပျော်စရာ မဖြစ်ကြတော့။ အားလုံး က ဂျာအေး သူ့အမေ့ရိုက်သလို ဖြစ်နေ သည်။

စားဝတ်နေရေး ဖိစီးမှုနှင့် လူနေမှု အနေအထား
ဟိုးယခင်က ဝန်ထမ်းလက်ထောက် ဆရာဝန်များအဖို့ မိမိတို့ ဝမ်းစာရေးအ တွက် အစိုးရလစာကို မမှီခိုကြ။ ပြင်ပ ဆေးပေးခန်းကလေးများ ကိုယ်စီဖွင့်ကာ ဝမ်းစာရေးအပြင် မိမိ မိဘဘိုးဘွားနှင့် မိသားစုအတွက်ပါ ဝမ်းလည်းဝခါး လည်းလှအောင် ဆင်နိုင်ကြသည့် အနေ အထား ဖြစ်သည်။ သို့သော် ယနေ့ မျက်မှောက်ခေတ် လက်ထောက် ဆရာဝန်ငယ်များအဖို့ ဝန်နှင့်အား မမျှ သောကြောင့် ပြင်ပဆေးပေးခန်း မထိုင် နိုင်ကြတော့။
ထို့ကြောင့်လည်း ဝန်ထမ်းဆရာဝန် အဖြစ် အလုပ်ဝင်ကြသူ အများစုမှာ ဆရာဝန်အလုပ်ကို အသက်မွေးဝမ်း ကျောင်းအဖြစ် ဝင်လာကြသည်ထက် အထူးကု ပညာဆက်လက် သင်ယူခွင့် အတွက်သာ ဝင်လာကြသူများ လာ သည်။ သည်အတွက် များသောအား ဖြင့် မိဘမိသားစု အခြေခံတောင့်တင်း ကြပြီး မိဘနှင့် မိသားစုကို ထောက်ပံ့ရန် မလိုကြရုံမက မိမိ အတွက်ပါ မိသားစုက ထောက်ပံ့ ပေးနိုင်ကြသူများသာ ဝင်လာ ကြသည်။

ထို့ကြောင့် ၎င်းတို့၏ရည်မှန်း ချက်ဖြစ်သည့် အထူးကုပညာရပ်များ သင်ယူလေ့လာခွင့်အတွက်သာ ရည်မှန်း ချက်ထားကြတော့သည်။ ထို့ကြောင့် ပြည်သူ့ ဝန်ဆောင်မှုတွင်လည်း အနည်း နှင့် အများဆိုသလို ထိခိုက်မှုဖြစ်ပြီး အလုပ်ကို လေးစားတန်ဖိုးထားမှုလည်း နည်းလာသည်။
တစ်ဖက်တွင်လည်း အဲသည် အသက် မွေးဝမ်းကျောင်း အလုပ်က Professional အလုပ်ဆိုစေကာမူ အလုပ်ဝင်လာသော ဆရာဝန်တို့မှာ မိမိ မိဘညီအစ်ကို မောင်နှမကို ထောက်ပံ့ နိုင်ဖို့မဆိုထားနှင့် မိမိမိသားစုကို ဝမ်းဝအောင် ခါးလှ အောင် ထောက်ပံ့နိုင်ရန် မဆိုထားနှင့် မိမိ တစ်ဝမ်း တစ်ခါးနှင့် မိမိအလုပ်ခွင်မှ အရာရှိဆိုးတို့ မနှိပ်ကွပ်အောင်၊ မိမိတို့ အတွက် သက်သာချောင်ချိသော နေရာ မှာ နေထိုင်လုပ်ကိုင်ခွင့်ရအောင်၊ အေးအေး ဆေးဆေး စာဖတ်ခွင့်ရအောင် မိဘတို့က ပြန်လည်ထောက်ပံ့ ကူညီနေ ကြရသည့် အနေအထား ဖြစ်သည်။

မေတ္တာစိတ်နဲ့ ကျန်းမာရေးဝန်ထမ်း တို့ ပြုံးနိုင်ကြရဲ့လား
သို့အတွက် တစ်လောက တနင်္သာရီ ဂျာနယ်ပါ လူမှုရေးဝန်ကြီး၏ ကျန်းမာ ရေးဝန်ထမ်းတို့ လူနာအပေါ် ပျူပျူငှာငှာ နွေးနွေးထွေးထွေး ဆက်ဆံကြရန် မေတ္တာရပ်ခံချက်သည် ယေဘုယျအား ဖြင့် မမှားပါ။ အကြောင်းနှင့် အကျိုး ဆီလျော်မှုတော့ ရှိပါသည်။ သို့သော် နေ့နှင့်ည ဆက်ကာ မနေမနား ဝန်ထုပ် ဝန်ပိုးကို ထမ်းနေကြရသော ကျန်းမာရေး ဝန်ထမ်းတို့အတွက် အဲသည်အထိ လုပ်နိုင်ဖို့ရာ အင်အားရှိကြပါရဲ့လား။
အဖြေကား ပါမလာ။ လုံခြုံသော ပတ်ဝန်းကျင်တွင် ဝန်ထမ်းများ စိတ် လက်ချမ်းမြေ့စွာ နေထိုင်အလုပ်လုပ်ကိုင် ခွင့် ရနေသလားဟူသည်ကိုမူ သူတို့ စိတ်မဝင်စားကြ။

ထို့အတွက် လက်မှတ်ရေးထိုး တောင်းဆိုကြသည်။ အဖြေမရ။ ကျန်း မာရေးဝန်ထမ်းများ လုပ်ငန်းခွင်လုံခြုံ ရေးအတွက် အကာအကွယ်ပေးရေးအဖွဲ့ ဖွဲ့ပေးသည်ဟု အပြောသာရှိပြီး အလုပ် ကားမပါ။ ဖိအားက များသထက်များ လာသည်။ ထိုအခါ အများစုသော ဝန် ထမ်းများက နည်းအမျိုးမျိုးဖြင့် အလုပ် ခွင်မှ စွန့်ခွာလာကြသည်။
ခရိုင်အဆင့် ဆေးရုံတစ်ရုံအဖို့ လုပ်ငန်းခွင်မှ စွန့်ခွာသွားသော ဝန်ထမ်း တို့ အတွက် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေး အရေးယူကြရသော အမှုတစ်လလျှင် အဘယ်မျှ ရှိနေပြီနည်း။ ကျွန်တော် သိသော ညီမငယ်၊ ညီငယ်အချို့ အဲသလိုပဲ အလုပ်က စွန့်သွားကြသလို အချို့က အလုပ်မှ ထွက်ခွာခွင့်တရားဝင် တင်လျက် စွန့်ခွာသွားကြတာလည်း များလှသည်။ မစွန့်ခွာနိုင်သေးသဖြင့်သာ အောင့်အည်း သည်းခံကာ အလုပ်လုပ်နေ ကြလေသော ဝန်ထမ်းတို့မှာလည်း အလုပ်ခွင်မှာ စိတ်လက်ချမ်းမြေ့ပျော်ရွှင် စွာ အလုပ်လုပ်နိုင်ကြလေသူ ရာခိုင်နှုန်း ဘယ်လောက်ရှိပါသနည်း။

လတ်တလော ထပ်ကြားရသော လက်ထောက်ဆရာဝန်တစ်ဦး မိမိကိုယ် ကိုယ်သေကြောင်း ကြံစည်မှုကို ကြုံ လာရချိန်မှာ လုပ်ငန်းခွင် ဘေးကင်းမှုနှင့် ဝန်ထုပ်ဝန်ပိုးသည် ကျွန်တော်တို့အတွက် ပြင်းပြင်းထန်ထန်ဖိစီးမှု ဖြစ်လာကြပြီ လားဟု ချင့်ချိန်ကြရန် လိုအပ်လာပြီ ဖြစ်သည်။ သည်ညီငယ်လို မိမိဘာသာ မိမိသတ်သေရသည်အထိ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ မည်မျှရှိနေခဲ့ ပါသနည်း။ အဖြေကရော ရှိပါပြီလား။
ပြည်ထောင်စုဝန်ကြီးဘက်ကတော့ အလုပ်က ထွက်ခွာခွင့် တင်သမျှခွင့်ပြု ပေးပါသည်ဟု သိရပါ၏။ ရှိရင်းစွဲ ဝန်ထမ်းမည်မျှလောက်အထိ စွန့်ခွာခြင်း အမျိုးမျိုးဖြင့် အလုပ်ဌာနကို စွန့်ခွာမှ အဖြေရှာရန် အလေးအနက်ထားမည် မသိ။ အဖြေကို တွေ့နိုင်မည်မသိ။ အလုပ်က ထွက်သူများပြီး ဝင်လာသူက နည်းသော အခါ တာဝန်ထမ်းဆောင် နေသူများတွင် ဝန်က ထပ်ကာထပ်ကာ ပိဦးမည်။

ပြည်ထောင်စုဝန်ကြီးကတော့ အဖြေအတွက် ကြိုးစားအားထုတ်မှုတစ်ခု အနေဖြင့် လာမည့် ၂၀၁၈ နှစ်သစ်တွင် ဝန်ထမ်းတို့အတွက် နေစရာအိမ်ရာကို အဓိကထားကာ ဆောင်ရွက်ပေးပါ မည်ဟု ဆိုသည်။ ယင်းအချက်က အဖြေ ဟုတ်ပါသလား။
လုပ်ခလစာနှင့် နေရာထိုင်ခင်းအ တွက် သည်ဝန်ထမ်းတို့အလုပ်တွင် မ ပျော်ရွှင်ကြတော့ခြင်း မဟုတ်သည်မှာ သေချာသည်။ မေတ္တာ၊ စေတနာ အရင်းခံ ကာ လူနာအား စိတ်ရောကိုယ်ပါ ယုယု ယယ ပြုစုကုသစောင့်ရှောက်ပေး ပါမည်ဟု ဆေးတက္ကသိုလ်တွေမှာ အားကြိုးမာန် တက်သံပြိုင်ဟစ်လျက် ဘွဲ့ယူခဲ့ကြလေသော သည်ဝန်ထမ်းတို့ အတွက် သည်အခွင့်အရေးနှင့် ရပိုင်ခွင့် ကို ချည်းငံ့လင့် နေကြတာလည်း မဟုတ်တာ သေချာပါ ၏။

မေတ္တာစေတနာနှင့် အကြင်နာ ပြွမ်းသော ဘေးကင်းလုံခြုံသော အလုပ် ခွင်ကို သည်နေ့အထိ ယုံကြည်စွာ မျှော်လင့်နေကြခြင်းသာ ဖြစ်သည်။
ယင်းအတွက် မူဝါဒချမှတ်သူများ ဆုံးဖြတ်ခွင့်ရှိသူများ အလေးအနက်ထား မစဉ်းစားလေသမျှ ဆွဲကြိုးချကာ လုပ် ငန်းခွင်ကို စွန့်ခွာရှာသည့် ညီငယ်ကဲ့သို့ ဆိုးရွားသည့်အဖြစ်မျိုးအပြင် လုပ်ငန်း ခွင်ကို နာကျည်းစွာ ကျောခိုင်းသွားသည့် မျိုးဆက်သစ်ပေါင်းများစွာ ဆုံးရှုံးရဦး မည်ဖြစ်ပါ၏။ ယာလည်း မညက်၊ ကြက်လည်းမပန်း၊ နေထိပန်းတို့ မနွမ်း ခင် အဖြေကိုလည်းရှာ၊ အလုပ်ကို အလုပ် လိုလုပ်နိုင်သော ပတ်ဝန်းကျင်ဖြစ်အောင် လည်း ကူညီကြပါတော့ဟု ဆန္ဒပြုမိပါ တော့သတည်း။