စစ်ဆေးရန် နမူနာယူထားသည့် မီးဖိုချောင်သုံးကုန်များကို စိုးရိမ်စိတ်ဖြင့် ရောင်းချနေရ

0
403

စားသုံးသင့်မသင့် စစ်ဆေးရန် နမူနာယူထားသည့် မီးဖိုချောင် သုံးကုန် များစစ်ဆေးချက် အဖြေမထွက်လာသေး သောကြောင့် စိုးရိမ်စိတ်ဖြင့် ရောင်းချ နေရသည်ဟု ကော့သောင်းမြို့ လေဟာပြင် ဈေးအတွင်းရှိ ကုန်စုံဆိုင်ရှင်များက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ကွင်း ဆင်းစစ်ဆေးရင်း တွေ့ရှိခဲ့သည့် ငပိ၊ အရောင်တင်မှုန့်နှင့် ငရုတ်သီးမှုန့် တံဆိပ် ၁၂ မျိုးကို ဈေးကွက်နမူနာယူကာ စားသုံး ရန် သင့်မသင့် ဓာတ်ခွဲစစ်ဆေးရန် ရန်ကုန် ရုံးခွဲသို့ ပို့ဆောင်ထားကြောင်း ကော့သောင်း ခရိုင် အစားသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနထံမှ သိရသည်။
“စစ်ဆေးချက်ထွက်လာမှ ဘာဆက် လုပ်မလဲသိရ မယ်ဆိုတော့ ဒီကြားထဲ အရေးယူမှာလဲ စိုးတယ်။ အမြတ်စွန်း ကလည်း သိပ်ရတာ မဟုတ်ဘူး။ စားသုံး သူတွေကလည်း လက်ခံနေတော့ ရောင်းနေ ရတာပဲ” ဟု လေဟာပြင်ဈေးတွင် ကုန်စုံ ရောင်းသူတစ်ဦးက ဆိုသည်။

အဆိုပါစစ်ဆေးထားသည့် မီးဖို ချောင်သုံး ကုန်များ၏ အဖြေကို လက် ရှိအချိန်ထိ မသိရသေးကြောင်း ကော့ သောင်းခရိုင် အစားသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာပြည့်ဖြိုးက ပြောသည်။

“အဲဒီက အဖြေထွက်လာရင်တော့ စားသုံးဖို့သင့်ရင်လည်း ဆက်ရောင်းပေါ့၊ လောလောဆယ် အရေးယူမှုတော့မလုပ် သေးဘူး”ဟု ၎င်းက ဆိုသည်။
အစားသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန အနေနှင့်၂၀၁၇ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးတွင် ခရိုင် ရုံး ၂၆ ရုံး စတင်ဖွင့်ခဲ့သည်။
သို့သော် စားသောက်ကုန်များကို နေပြည်တော်၊ မန္တလေးရုံးခွဲနှင့် ရန်ကုန် ရုံးခွဲတို့တွင်သာ ဓာတ်ခွဲစစ်ဆေးနိုင် သေးကြောင်း သိရသည်။