မြိတ်တွင် မူးယစ်ဆေး ပင်စည် တစ်ခု ဖမ်းမိဟုဆို

0
549

မြိတ်မြို့တွင် လေးရက်အတွင်း ဖမ်းမိသည့် ကျပ်သိန်းပေါင်း ထောင်ချီ တန် စိတ်ကြွဆေးပြားများ ဖမ်းမိမှု နှစ်ခုအနက်တစ်ခုမှာ စိတ်ကြွဆေးပြား ရောင်းဝယ် ဖောက်ကားသူများ၏ ပင် စည်တစ်ခုကို ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးက ပြောသည်။

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ ၁၁ ရက်က တန်ဖိုး ကျပ်သိန်းပေါင်း ၁၃၀၀ ကျော်ရှိသည့် စိတ်ကြွဆေးပြားများကို ဖမ်းမိခဲ့ပြီး ဒီဇင် ဘာလ ၁၄ ရက်နေ့တွင် ကျပ်သိန်းပေါင်း ၃၆၀၀ ကျော်တန်ဖိုးရှိသည့် စိတ်ကြွဆေး ပြားများ ဖမ်းမိခဲ့ခြင်းအပေါ် တိုင်းရဲတပ် ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ယင်းသို့ ပြော ဆိုခဲ့ခြင်း ဖြစ်သည်။

“အခုနောက်ဆုံး မိတဲ့သူက အလယ်လတ် မဟုတ်ဘူး။ ရန်ကုန်ကို အခြေစိုက်ပြီး အရင်းအမြစ်ထဲမှာ ပါတာ ပေါ့နော်။ လက်ရှိအနေအထားကတော့ အရင်းအမြစ်ထဲမှာပါတယ်၊ ပင်စည်ထဲ မှာ ပါတယ်။ ဒီကောင်က ရန်ကုန်ကို အခြေစိုက်ပြီး လုပ်တဲ့သဘောရှိတယ်”ဟု ရဲမှူးကြီးနေမျိုးက ဆိုသည်။

စိတ်ကြွဆေးပြား တန်ဖိုး ကျပ် သိန်းပေါင်း ၃၆၀၀ ကျော် ဖမ်းမိသည့် အမှုကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
“မြိတ်အဆင့်မှာတော့ ပင်စည်လို့ ပြောလို့ရနိုင်ပေမဲ့ ဒီထက်ကြီးတဲ့ အပင် တွေလည်း ရှိနိုင်သေးတယ်။ ရန်ကုန်မှာ မိတဲ့ ကွန်တိန်နာပုံးကမှ တစ်ကယ့် ပင်စည်လို့ ပြောနိုင်မယ်”ဟု မြိတ်မြို့ ဇေယျ သီရိရပ်ကွက်နေ အမျိုးသား တစ်ဦးက မှတ်ချက်ပြုသည်။

ယင်းကဲ့သို့ အရင်းအမြစ်များကို ဖမ်းမိရန်အတွက် ရဲတပ်ဖွဲ့ တစ်ခုတည်း ဖြင့် လုပ်ဆောင်ရန် မတတ်နိုင်ဘဲ ပြည်သူ လူထု၏ သတင်းပေးမှုလိုအပ်သည်ဟု ရဲမှူးကြီးက ဆိုသည်။