ရပ်/ကျေးအုပ်ချုပ်ရေးမှူးသစ်များ ဇန်နဝါရီလတွင် တာဝန်လွှဲပြောင်း မည်

0
456

တိုင်ကြားမှု တစ်စုံတစ်ရာမရှိပါက ရွေးချယ်ခံရသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များကို လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် တာဝန်လွှဲပြောင်းသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောသည်။
ခရိုင်အုပ်ချုပ်ရေးမှူး အတည်ပြု ပြီးပါက တာဝန်လွှဲပြောင်းသွားမည် ဖြစ်ပြီး နောက်ဆုံးထား လွှဲပြောင်းမည့် အချိန်ကို မသတ်မှတ်ထားဟု ၎င်းက ဆိုသည်။

“တာဝန်အလွှဲအပြောင်းဖြစ်မှာက ဇန်နဝါရီလထဲ ဖြစ်သွားမယ်လို့ ယူဆ ရတယ်။ လက်ရှိထိတော့ အတည်ပြုချက်တွေ တင်လာတာ မတွေ့သေးဘူး” ဟု ဦးသိန်းအောင်က ပြောသည်။
အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ခံရမှု အပေါ် ကန့်ကွက်မှု ပေါ်ပေါက်လာပါက ပြန်လည် စစ်ဆေးမည်ဖြစ်ပြီး စစ်ဆေး ဆဲကာလတွင် လက်ရှိ အုပ်ချုပ်ရေးမှူး ကပင် တာဝန်ယူထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အုပ်ချုပ်ရေးမှူးသစ် အမည် စာရင်းကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးမှူးမှတစ်ဆင့် ခရိုင်အုပ်ချုပ်ရေးမှူး ထံ တင်ပြရပြီး ခရိုင်အုပ်ချုပ်ရေးမှူးက အတည်ပြုပေးရကြောင်း ဦးသိန်းအောင် က ရှင်းပြသည်။
တိုင်းအတွင်း ရပ်/ကျေးအုပ်ချုပ် ရေးမှူး ရွေးချယ်ပွဲများကို လက်ရှိ ဒီဇင် ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ရွေးချယ်ကြရန် ညွှန်ကြားထားသည်။
သို့သော် ကျွန်းစု၊ တနင်္သာရီကဲ့သို့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ရွာများတွင်မူ သတ်မှတ်ရက်ထက် ကျော်သွားနိုင်ကြောင်း ဦးသိန်းအောင်က ပြောသည်။

လက်ရှိ ပြင်ဆင်လိုက်သည့် ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ် ရေးဥပဒေအရ ရွေးချယ်မှုပုံစံ ပြောင်း လဲသွားသည့်အတွက် ရပ်/ကျေးအားလုံး တွင် ပြန်လည်ရွေးချယ်ရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင် မောင်ဇင်က ပြောသည်။
“ပြသာနာမရှိဘူးဆိုရင် ရွေးပြီး ရပ်ရွာက ဥပဒေနဲ့အညီ ကန့်ကွက်တာ စစ်ဆေးတာ မရှိဘူးဆိုရင် ဇန်နဝါရီလ ထဲမှာ တာဝန်လွှဲပြောင်းခိုင်းမယ်”ဟု ဦးမောင်မောင်ဇင်က ပြောသည်။

ထားဝယ်ခရိုင်အတွင်း ရပ်ကွက် ကျေးရွာအုပ်စု ၁၇၃ ခုရှိကြောင်း ခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ထားဝယ်မြို့ ပိန္နဲတောရပ်ကွက် အုပ်စုလက်ရှိ အုပ်ချုပ်ရေးမှူး ဦးအောင်ဌေး က အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရပြီး ၁၄ရက်ခန့်အကြာတွင် တာဝန် ထမ်းဆောင် ရပြီး အစပိုင်းတွင် အုပ်ချုပ်ရေးမှူး လုပ်ငန်းပိုင်းဆိုင်ရာများကို ရပ်/ကျေး စာရေးနှင့် တိုင်ပင်ပြီး လုပ်ခဲ့ကြောင်း၊ ထွေ/အုပ်မှလည်း သင်တန်းပေးခဲ့ကြောင်း ၎င်းအုပ်ချုပ်ရေးမှူး စဖြစ်ခဲ့စဉ်က အတွေ့ အကြုံကို ပြောပြသည်။

“ရွေးချယ်ခံ အုပ်ချုပ်ရေးမှူး ဖြစ် လာပြီဆို ခန့်အပ်လွှာပေးပြီးမှ အဟောင်း နဲ့ အသစ်လဲတာ”ဟု ဦးအောင်ဌေးက ဆိုသည်။
ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက လက်ရှိ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ပြည်သူစိတ်ဝင်စားမှု ပိုများသော်လည်း ရွေးချယ်မှုနှင့် ပတ်သက်၍ နားလည်သူ များ နည်းပါးနေသေးကြောင်း လောင်း လုံးမြို့နယ် မောင်းမကန်ရွာတွင် အုပ် ချုပ်ရေးမှူးအဖြစ် ဝင်ရောက် အရွေးခံ ခဲ့သည့် ဦးထွန်းကြည်က ပြောသည်။

လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာ လ ၁၅ ရက်နေ့အထိ ရပ်/ကျေးအုပ်စု ၇ ခုခန့် ရွေးချယ်ပြီးဖြစ်ကာ ကန့်ကွက် မှု မရှိသေးဟု လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူကပြောသည်။
“ဆယ်အိမ်မှူး ရာအိမ်မှူးရွေးတုန်း ကတော့ ကန့်ကွက်တာတို့ ကြီးကြပ်ရေး မှူးရွေးတာကို ကန့်ကွက်တာတို့ အဲ လောက်လေးတွေတော့ ရှိခဲ့တယ်”ဟု ဦးကျော်သူက ဆိုသည်။

လက်ရှိ ရွေးချယ်ပြီးသည့် ရပ်/ ကျေး ၇ ခုတွင် အုပ်ချုပ်ရေးအသစ် ရွေးချယ်ခံရသည့် ကျေးရွာအုပ်စု ၂ ခု သာရှိကြောင်း ၎င်းက ပြောသည်။
မြိတ်ခရိုင် မြိတ်မြို့နယ်တွင် ရပ် ကွက်ကျေးရွာ အုပ်စု ၃၄ ခုရှိသည့်အနက် ၂၆ ခုတွင် ရွေးချယ်ပြီးဖြစ်ကာ ကျွန်းစု မြို့နယ်တွင် ရပ်ကွက်ကျေးရွာ ၂၄ ခု အနက် ၂၀ ခုတွင် ရွေးချယ်ပြီးဖြစ် ကြောင်း သိရသည်။

ကော့သောင်းခရိုင်အတွင်း အုပ် ချုပ်ရေးမှူး ရွေးချယ်ရန် ၅၄ နေရာရှိနေ ကာ ကော့သောင်းမြို့နယ်၌ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ၁၄ နေရာရွေးချယ် ပြီးဖြစ်ကာ ကျန်မြို့နယ်များတွင် မရွေး ချယ်ရသေးဟု သိရသည်။
မြိတ်မြို့အတွင်း အုပ်ချူပ်ရေးမှူး ရွေးပွဲများနှင့် ပတ်သက်ပြီး တိုင်ကြားမှု ၉ ခုရှိကြောင်း သိရသည်။