တနင်္သာရီအပတ်စဉ်ပါ သရော်စာကိစ္စ ရဲတပ်ဖွဲ့က တာဝန်ခံအယ်ဒီတာကို ဆင့်ခေါ်

0
1205

တနင်္သာရီတိုင်းအတွင်း အခြေစိုက် ထုတ်ဝေလျက်ရှိသည့် တနင်္သာရီအပတ် စဉ်တွင် ဖော်ပြပါရှိသော မဲဆွယ်အပြုံး သရော်စာကိစ္စကို စစ်ဆေးရန် တာဝန်ခံ အယ်ဒီတာကို ဆင့်ခေါ်လိုက်ပြီ ဖြစ်သည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီအပတ်စဉ် အတွဲ ၅ အမှတ် ၁၇ တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ် ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ် သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေး ယူပေးရန်အတွက် နိုဝင်ဘာလ ၂၃ ရက် နေ့တွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည်။

တိုင်းအစိုးရ၏ ဦးတိုက်လျှောက် ထားမှုနှင့် ပက်သက်၍ အမှုအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် စုံစမ်းစစ်ဆေးရန် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တရားရုံးက ထားဝယ် မြို့မရဲစခန်းသို့ စာပို့ခဲ့ပြီးနောက် ဒီဇင် ဘာလ ၁ ရက်နေ့တွင် တနင်္သာရီ အပတ်စဉ်၏ တာဝန်ခံအယ်ဒီတာကို ရဲစခန်းက ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ဦးတိုက်လျှောက်ရာမှာ တိုင်ထား တဲ့အပေါ် စစ်မှာပါ၊ (ဒီဇင်ဘာလ) ၇ ရက်နေ့အမီတော့ တင်ပေးမှာပေါ့” ဟု ထားဝယ်ရဲစခန်းမှူး ဒုရဲမှူး အောင်နိုင်မိုး က ပြောသည်။
သရော်စာနှင့်ပတ်သက်၍ တိုင်း အစိုးရက ဦးတိုက်လျှောက်ထားသည့် တိုင်ကြားချက်အပေါ် ရှင်းရှင်းလင်းလင်း သိနိုင်ရန် တနင်္သာရီအပတ်စဉ်၏ တာဝန်ခံ အယ်ဒီတာကို ဆင့်ခေါ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မည်သည့်ဥပဒေ၊ ပုဒ်မများဖြင့် အရေးယူမည်ဆိုသည်ကို လက်ရှိအချိန် တွင် မဆုံးဖြတ်ရသေးဘဲ ရဲတပ်ဖွဲ့က တင်ပြလာသည့်စုံစမ်းချက်များအအပေါ် တွင် မူတည်ပြီး အရေးယူ၊ မယူနှင့် အရေးယူမည်ဆိုပါက မည်သည့်ဥပဒေ၊ ပုဒ်မဖြင့် အရေးယူမည်ဆိုသည်ကို ဆုံး ဖြတ်မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က နိုဝင်ဘာ ၂၇ ရက်နေ့တွင် ပြောသည်။
“သတင်းမီဒီယာဥပဒေနဲ့ ဦးတိုက် လျှောက်ထားပေမယ့် ဘယ်ဥပဒေ၊ ပုဒ်မနဲ့ အရေးယူမလဲဆိုတာ စစ်ဆေး ပေါ်ပေါက်ချက်အရပဲ အရေးယူမှာပါ”ဟု မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ပြောသည်။

ရဲစခန်းက စစ်ဆေးရန် ဆင့်ခေါ်ချိန် တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် အတွက် ဒီဇင်ဘာလ ၇ ရက်နေ့အမီ လာရောက်အစစ်ခံမည်ဟု ရဲစခန်းတာဝန် ရှိသူကို အကြောင်းပြန်ထားကြောင်း တနင်္သာရီအပတ်စဉ်၏ တာဝန်ခံအယ်ဒီ တာ ဦးဟန်ထက်က ဆိုသည်။
“စစ်ဆေးဖို့ ဆင့်ခေါ်တာပါ၊ လာခဲ့ ပါ့မယ်လို့လည်း ရဲစခန်းက တာဝန်ရှိသူ ကို အကြောင်းပြန်ထားတယ်” ဟု ဦးဟန်ထက်က ပြောသည်။
အဆိုပါ သရော်စာဆောင်းပါးမှာ သတင်းမီဒီယာဥပဒေနှင့် ကျင့်ဝတ်ကို ဖောက်ဖျက်သည့်အတွက် ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ နစ်နာခဲ့သဖြင့် သတင်း မီဒီယာဥပဒေဖြင့် အရေးယူပေးရန် ပြီးခဲ့ သည့် နိုဝင်ဘာလ ၂၃ ရက်က တရားရုံး ကို ဦးတိုက်လျှောက် ထားကြောင်း တိုင်း အစိုးရအဖွဲ့ကိုယ်စား ဦးတိုက်လျှောက် ထားသူ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးလူက ဆိုသည်။

“တိုင်းအစိုးရက တာဝန်ပေးအပ်လို့ ကိုယ်စားလှယ်အဖြစ် စွဲဆိုတာပါ” ဟု ဦးအေးလူက ပြောသည်။
သရော်စာ ရေးသားချက်တွင် ငွေ ကြေးလာဘ်စားခြင်း၊ အလွဲသုံးစား လုပ် ခြင်းကဲ့သို့ စွပ်စွဲချက်များ မပါဝင်သည့် အတွက် အစိုးရအနေဖြင့် အရေထူရန် လိုအပ်ပြီး တရားရုံးသို့ ဦးတိုက်မလျှောက် မီ ကောင်စီကို အရင်တိုင်ကြားသင့်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ဆိုသည်။
“သရော်စာပုံစံနဲ့ ရေးထားတယ် ပေါ့၊ နိုင်ငံရေးသမားတွေအနေနဲ့ ဒီ လောက်တော့ အရေထူဖို့ သင့်တယ်လို့ ထင်တယ်လေ၊ အစိုးရကို ဝေဖန်တယ် ဆိုတဲ့သဘောမျိုး ဝေဖန်ခံနိုင်ဖို့ အရေ ထူဖို့ လိုတယ်လို့တော့ ထင်တယ်” ဟု ဦးမြင့်ကျော်က ပြောသည်။ တနင်္သာရီ အပတ်စဉ်သတင်းစာသည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် တစ်ခုတည်း သော အပတ်စဉ်ထုတ် သတင်းစာဖြစ် သည်။

တနင်္သာရီတိုင်းတွင် အစိုးရသစ် လက်ထက်အတွင်း မီဒီယာကို ပထမဆုံး တရားစွဲဆိုရန် ကြိုးပမ်းလာခြင်း ဖြစ် သည်။
တနင်္သာရီအပတ်စဉ်ပါ အောင်လွင် (ကံပေါက်သား) ရေးသားထားသည့် ငါးရံ့တစ်ကောင်၏ ရင်ဖွင့်သံဆောင်းပါး ကိုလည်း ဒယ်လ်ကို သတ္တုတွင်းကုမ္ပဏီ က ယမန်နှစ်က တရားစွဲဆိုခဲ့ဖူးသည်။
တပ်မတော်ကို ဝေဖန်သော သရော် စာတစ်ပုဒ် ထည့်သွင်းဖော်ပြမှုကြောင့် တပ်မတော်ကThe Voice Daily သတင်းစာကို ယခုနှစ်အတွင်း တရားစွဲ ဆိုခဲ့ဖူးပြီး နောက်ပိုင်းတွင် ပြန်လည် ကျေအေးခဲ့သည်။