ဆလုံလူမျိုးစု ပျောက်ကွယ်တော့ မည်လော

တနင်္သာရီတိုင်းဒေသကြီးတွင် ဆလုံလူမျိုးစစ်စစ် ၆၀၀ ဦးကျော်သာ ရှိတော့ကြောင်း တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နိုဝင်ဘာလ ၁၇ ရက် နေ့ အမျိုးသားလွှတ်တော်တွင် ပြောကြား ခဲ့သည်။
ဝန်ကြီး ပြောကြားသည့် ဆလုံစစ် စစ် ဦးရေ အတိအကျက ၆၃၅ ဦး။

ကော့သောင်းခရိုင်တွင် အိမ်ခြေ ၄၇ စု၊ လူဦးရေ ၂၀၄ ဦး။ မြိတ်ခရိုင်တွင် အိမ်ထောင်စု ၉၈ စု၊ လူဦးရေ ၄၃၁ ဦး ဟု ဝန်ကြီးက ပြောခဲ့သည်။ မည်သည့် စာရင်းဇယား၊ အချက်အလက်များကို အခြေခံကြောင်း ဝန်ကြီးက ထည့်ပြော မသွားပေ။
သို့သော် ဆလုံစစ်စစ်ဦးရေနှင့် တကွ ဗမာဆလုံ၊ ကရင်ဆလုံ၊ မွန် ဆလုံနှင့် ပအို့ဆလုံ ဟူသော သွေးနှော ဆလုံဦးရေများပါ အားလုံးပေါင်း ၁၈၁၉ ဦး ရှိကြောင်း ဝန်ကြီး၏ ပြောကြား ချက်က လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့ဖူးသော စာတမ်း အချို့နှင့် မကွာဟလှပါ။

ဆလုံဒေသခံအချို့ ပြောပြချက်အရ ဆလုံဦးရေ ၁၈၀၀ ဝန်းကျင်သာ ရှိတော့ သည်ဟု ၂၀၁၄ ခုနှစ်က ပြုစုထားသော ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် မြန် မာစာဌာန တွဲဘက်ပါမေက္ခ ဒေါက်တာ ရီရီခင်၏ ဆလုံလူမျိုး၏ လူမှုဘ၀ စာတမ်းတွင် ပါရှိသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တင်သွင်း ခဲ့သည့်အဆိုတွင် တိုင်းအတွင်း ဆလုံ ဦးရေ ၃၄၃၈ ဦးသာ ရှိတော့သည်ဟု ဖော်ပြထားကြောင်း ယင်းစာတမ်းတွင် ဖော်ပြထားသည်။

အထက်ပါ ကိန်းဂဏန်းများသာ အမှန်ဆိုက ၂ နှစ်အတွင်း ဆလုံဦးရေ ထက်ဝက်ခန့် လျော့ကျသွားသည်ဟု ဆိုရတော့မည်။
၂၀၁၆ ခုနှစ် မတ်လတွင်မူ ဆလုံ စုစုပေါင်း ၁၈၀၀ ဝန်းကျင်ဟူသည့် ကိန်းဂဏန်းကို ဆလုံခေါင်းဆောင်ကြီး တစ်ဦးက ငြင်းဆိုလိုက်သည်။
ငြင်းဆိုခဲ့သူက ဆလုံမျိုးနွယ်စု၏ နောက်ဆုံးနတ်ဆရာ ဖြစ်လာဖွယ်ရှိသူ ဆလုံနတ်ဆရာအိုကြီး ကာရှား။ ကာရှား သည် ဆလုံမျိုးနွယ်စု၏ တစ်ဦးတည်း သော နတ်ဆရာဖြစ်ပြီး သူ၏ နတ်ဆရာ နေရာကို ဆက်ခံမည်သူ မရှိသေးဟု ဆို သည်။

နတ်ဆရာ ကာရှားက ဆလုံ ၁၈၀၀ ခန့် မရှိနိုင်တော့ဟု ဘာသာပြန်မှ တစ်ဆင့် ပြောခဲ့လေသည်။ ဦးရေမည်မျှ ရှိသေး သည်ကိုမူ နတ်ဆရာကာရှားလည်း အများနည်းတူ အတိအကျ မပြောနိုင်ပေ။
ဆလုံတို့၏ လူနေမှုစရိုက်အရပင် နေရာတစ်ခုတွင် အတည်တကျ မနေ ထိုင်ခြင်း၊ ဘာသာစကားနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ(လှေပေါ်တွင် နေထိုင်ဆဲ ဆလုံများရှိဆဲဖြစ်သော ကြောင့်)တို့ကြောင့် ဆလုံစစ်တမ်း ကောက်ယူသည့် အဖွဲ့အစည်းများက ဆလုံဦးရေ အတိအကျ ကောက်ယူရန် အခက်အခဲရှိကြသည်။
အထူးသဖြင့် ဆလုံစစ်စစ်တို့သည် သူစိမ်းများနှင့် မဆက်သွယ် မဆက်ဆံ လိုကြ။ ဆလုံနတ်ပွဲကဲ့သို့သော ဆလုံ တို့၏ အကြီးမားဆုံး ပွဲတော်သို့ပင် သူစိမ်း များရှိနေလျှင် ဆလုံစစ်စစ်အချို့ ဝင်မနွှဲ ကြပေ။

ဆလုံဦးရေ တနှစ်ထက်တစ်နှစ် လျှော့နည်းလာသည်ကိုမူ အစိုးရနှင့် ဆလုံအရေး လေ့လာသူအားလုံးက လက်ခံထားကြသည်။ နောက်ဆုံးလက် ကျန်ဆလုံတို့သည် ကျွန်းစုမြို့နယ် အတွင်းရှိ ဒုံးပုလဲအော်၊ ညောင်းမှိုင်း၊ လင်းလွန်းအော်၊ ပက်ကလက်ကျွန်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အလယ် မာန်၊ လငန်းရွာ၊ ကံမော်ကြီး၊ ကိုဖော့ရွာ ကော့သောင်းမြို့နယ်တွင် မကြုံဂလက်၊ ညောင်ဝိနှင့် ဇာဒဏ်ကြီးကျွန်းတို့တွင် နေထိုင် လှည့်လည်ကျက်စားကြသည်။

ဆလုံဦးရေ လျော့နည်းလာရခြင်း မှာ မူးယစ်ဆေးဝါးနှင့် အရက်၊ ဆလုံ အချင်းချင်း အိမ်ထောင်ပြုမှုနည်းလာ ခြင်းနှင့် ဆလုံအုပ်စုအချို့တို့သည် ထိုင်းနိုင်ငံသို့ ပြောင်းရွေ့သွားလာခြင်း တို့ကြောင့် ဖြစ်ကြောင်း ဒေါက်တာ ရီရီခင်၏ အထက်ပါ ၂၀၁၄ စာတမ်းတွင် ရေးသား ဖော်ပြထားသည်။
အထက်ပါ အကြောင်းတရား များသည် ရေငုပ်ကျွမ်းကျင်သည့် ဆလုံ လူမျိုးများအား ရေလုပ်ငန်းရှင် တချို့က မူးယစ်ဆေးများ ကျွေးကာ ခိုင်းစေခြင်း၊ ဆလုံကျွန်းများ ပေါ်သို့ အခြားတိုင်းရင်း သားများ ရောက်လာပြီး အိမ်ရာထူထောင် ကြခြင်း၊ ကျွန်းများတွင် ရပ်တည်နေထိုင်ရ အဆင် မပြေသည့် အခါ ရွှေ့ပြောင်းရင်း ထိုင်းနိုင်ငံဘက် ရောက်သွားခြင်းတို့ ကြောင့်ဟု ဆလုံတိုင်းရင်းသားများက ပြောသည်။

ယင်းအချက်များကို ဆလုံအရေး လှုပ်ရှားသူများ၊ ဆလုံတို့နှင့် လက်ပွန်း တတီးနေထိုင်သူများက ထောက်ခံကြ သည်။
ဆလုံတို့ ထိုင်းဘက်သို့ ထွက်ခွာမှု များပြားလာသည်မှာ ထိုင်းနိုင်ငံ အာဏာ ပိုင်များက ဆလုံတို့အား ငါးဖမ်းခွင့်မှအစ အထူးအခွင့်အရေး ပေးထားသဖြင့် စားဝတ်နေရေး ပိုမိုပြေလည်သောကြောင့် ဖြစ်ကြောင်း ကော့သောင်းမြို့မှ အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်ဝင်းက ပြောသည်။
“သူတို့ စားဝတ်နေရေးနဲ့ သူတို့ နေရေးထိုင်ရေးက ကျွန်တော်တို့ အခွင့် အရေးမပေးဘူးဆိုပြီး ကျွန်တော်တို့ထက် အခွင့်အရေးပေးတဲ့ ထိုင်းတို့ အခြားဖက် ကို ရောက်သွားတယ်လေ”ဟု ဒေါက် တာခင်မောင်ဝင်းက ပြောသည်။

နေရာလုပွဲ၊ ရေချိုလုပွဲ၊ လုပ်ငန်းခွင် လုပွဲများကလည်း လူအများနှင့် မဆက် ဆံလိုသော ဆလုံများ ရွှေ့ပြောင်းထွက် ခွာကြရန် အကြောင်းတစ်ခု ဖြစ်လာသည်။
ဆလုံတို့ နားခိုလေ့၊ ရေချိုခပ်လေ့ ရှိသော ကျွန်းများတွင် လူတို့နေရာ ဝင်ယူကြယုံမကပေ။ ရေပျော်ဆလုံတို့ သေဆုံးချိန်မှ လာရောက်မြုပ်နှံ သင်္ဂြိုဟ် သည့် ကျွန်းသင်္ချိုင်းများပင် လူတို့၏ လုယူမှုခံနေရကြောင်း ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးညိုအေးက ပြောသည်။
“အချို့ကျွန်းတွေဆို ဆလုံ သင်္ချိုင်းကုန်းတွေ ရှိတယ်၊ မလာနဲ့လို့ မောင်းထုတ်လိုက်တော့ ဆလုံသင်္ချိုင်း ကုန်းတွေ ချလို့ မရတော့ဘူး”ဟု တိုင်း ဒေသကြီးဦးစီးမှူး ဦးညိုအေးက ပြောသည်။
ခရီးသွားလုပ်ငန်းရှင်တို့ကလည်း လှပသစ်လွင်သည့် ကျွန်းတန်းကမ်း သောင်များနှင့် ရှားပါးဆလုံလူမျိုးစုတို့ ရှိရာသို့ ခရီးသွားများပို့ဆောင်လာကြသည်ကလည်း သူစိမ်းရွံ့သော ဆလုံတို့ အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

ဆလုံလူမျိုးအား ကမ္ကာက စိတ်ဝင် စားနေပြီး ခရီးသွားကုမ္ပဏီများက ဆလုံ ပြစားမည်ဟုသည့် အတွေးမျိုး ဝင်နေကြ ကြောင်း ဆလုံလူမျိုးများအား လေ့လာ စောင့်ကြည့်နေသူ မကြုံဂလက် (ဆလုံ) ရွာနေ ဦးခင်မောင်ထွေးက ပြောသည်။
“သူတို့(ဆလုံတွေ)ကို လူသားချင်း ဆိုတဲ့ အတွေးအမြင်တွေထက် သူတို့ကို ခရီးသွားလုပ်ငန်းရဲ့ ကိုယ်ကျိုးအတွက် ပြစားဖို့ သက်သက်လောက် မြင်နေပုံနဲ့ ဆိုရင် သူတို့(ဆလုံ)တွေအတွက် သိပ် အခြေအနေမကောင်းဘူး”ဟု ဦးခင် မောင်ထွေးက ပြောသည်။

ဆလုံလူမျိုးများသည် ၎င်းတို့အား ပြတိုက်ထဲ ထည့်သကဲ့သို့ ပြုလုပ်ခြင်းကို မကြိုက်ကြ၊ ဆလုံလူမျိုးများသည် ၎င်းတို့၏ ထုံးစံဖြင့် သီးသန့် ရှင်သန့် ရပ်တည်လိုကြပြီး ၎င်းတို့၏ အကြီး အကဲက အုပ်ချုပ်သည်ကိုသာ လိုလား ကြသည်ဟု ဘုတ်ပြင်းမြို့နယ် အတွင်း ရှိ ဆလုံကျေးရွာများကို သွား ရောက် လေ့လာခဲ့ပြီး ဆလုံလူမျိုးများနှင့် ဘာသာပြန်မှတဆင့် တွေ့ဆုံစကားပြော ခဲ့သူတစ်ဦးက ၂၀၁၃ ခုနှစ်ကတည်းက ပြောဆိုဖူးသည်။
ဆလုံများနှင့် လက်ပွန်းတတီး နေထိုင်သူများကမူ ဆလုံလူမျိုးစု တစစ ပျောက်ကွယ်လာရခြင်းမှာ ဆလုံအမျိုး သားတို့ မူးယစ်ဆေး ကျေးကျွန်ဖြစ်ရ ခြင်းကလည်း အဓိကတရားခံ တစ်ခုဟု ဆိုကြသည်။

“သူတို့ဖြတ်သန်းလာတဲ့ မူးယစ် ဆေးဝါး နံပါတ်ဖိုး တစ်ခေတ်မှာကို လူဦးရေ တော်တော်ကို ခေါက်ချိုး လောက်ကျသွားတာ” ဟု မကြုံဂလက် ရွာနေ ဦးခင်မောင်ထွေးက ပြောသည်။
ယင်းပြောကြားချက်ကို အောင်ဘာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးနိုင်က လည်း ထောက်ခံသည်။
“ဆလုံတွေက ဟိုးအရင်ကတည်း က ဘိန်းတွေနဲ့ စခဲ့တယ်၊ သူတို့တွေက ဒါတွေ သုံးစွဲနေရင် ရေပိုငုပ်နိုင်၊ အလုပ် ပိုလုပ်နိုင်တဲ့ပုံပဲ၊ ဆက်ပြီး သုံးစွဲနေရင် တော့ နောက်မျိုးဆက်တွေတော့ ပြတ် သွားနိုင်ဖို့များတယ်”ဟု အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်က ဆိုသည်။

လက်ရှိတွင်လည်း မူးယစ်ဆေးဝါး ဖြန့်ဖြူးသူများက ကျွန်းများ၊ လှေများ ပေါ်အထိ လာရောက် ဖောက်ကား ရောင်းချနေကြဆဲဟု ဆလုံရွာများမှ ဒေသခံတို့က ပြောကြသည်။”မြို့ကြီးတွေမှာလည်း ဖြစ်နေတာပဲ ဆိုပေမယ့် ဒီလိုနေရာ လူမျိုးစုရှိ တဲ့ နေရာမှာ ကြပ်ကြပ်မတ်မတ်လေးနဲ့ ဒီမူးယစ်ဆေးဝါးကို ပပျောက်အောင် ကူညီစေချင်တယ်”ဟု ဘုတ်ပြင်းမြို့နယ် လငန်းရွာနေ ဦးမြင့်လွင်က ပြောသည်။

နာမကျန်းဖြစ်ကလည်း ရေပျော် ဆလုံအများစုက ခေတ်ပေါ်ဆေးဝါးများ ဖြင့် မကုတတ်ကြသည်ကလည်း ဆလုံ တို့၏ ဓလေ့တစ်ခု။
“ကျန်းမာရေး ရှိလာရင် ရိုးရာနတ် တွေနဲ့ ကုတာများတော့ ဖွား/သေနှုန်း (မွေးဖွား/သေဆုံး) တွေက တအားများ တယ်” ဟု ဦးခင်မောင်ထွေးက ဆိုသည်။
လက်ရှိအချိန်တွင် အစိုးရမှ ကျမ်း မာရေးစောင့်ရှောက်မှုများ စတင်ပြုလုပ် ပေးနေပြီဖြစ်သော်လည်း လုံလောက် သော အထောက်အပံ့များ မဟုတ်သေး ကြောင်း ဒေသခံတို့က ဆိုကြသည်။
ဆလုံလူမျိုးများ၏ ရိုးရာဓလေ့များ ထိန်းသိမ်းခြင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လမှစ လစဉ်ဆန်ဖိုး ထောက်ပံ့ပေးခြင်း တို့ကို တိုင်းအစိုးရ၏အစီအစဉ်ဖြင့် ရိုးရာ ပွဲများ ပြုလုပ်ပေးနေကြောင်း တိုင်းရင်း သားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အမျိုးသားလွှတ်တော်တွင် ဖြေဆိုထားသည်။

ဆလုံလူမျိုများအား ထိန်းသိမ်းကာ ကွယ်ရန် လုံလောက်သော ရန်ပုံငွေများ လိုအပ်ခြင်းနှင့် သက်ဆိုင်ရာဌာန တာ ဝန်ရှိသူများနှင့် မနုဿဗေဒ ပညာရှင် ကဲ့သို့သော ကျွမ်းကျင် ပညာရှင်များ ပါဝင်သည့် အထူးကော်မတီတစ်ရပ်ဖွဲ့ စည်းနိုင်ရန် လိုအပ်လျက် ရှိကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်။
ယင်း အစီအမံများက အရှိန်အဟုန် မြင့်စွာ ကျဆင်းနေသော ဆလုံမျိုးနွယ်စု ဦးရေအား ထိန်းသိမ်း နိုင်လိမ့်မည်ဟု အစိုးရက မျှော်လင့်နေဟန် ရှိသည်။
အကယ်၍ ဆလုံလူမျိုးစု မြန်မာ နိုင်ငံအတွင်းမှ ပျောက်ကွယ်သွားပါက ဗမာလူမျိုးစု ၉ ခုမှ ဆလုံအား ထုတ်ပယ် ရတော့ မည်ဖြစ်သည်။

ဆလုံလူမျိုးတို့ ဆက်လက်တည်ရှိ နိုင်ရေးအတွက် ၎င်းတို့၏ သဘာဝ အတိုင်း ရပ်တည်နိုင်သည့် အခင်းအ ကျင်းများ ပြန်လည်ဖန်တီးပေးရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်ဝင်း က ပြောသည်။
“သူ့သဘာဝအလိုက် လက်ရှိ အနေအထားမှာပဲ သဘာဝအတိုင်း နေနိုင်ဖို့ကို ကျွန်တော်တို့ ကူညီပေးဖို့ပဲ”ဟု ဒေါက်တာ ခင်မောင်ဝင်းက ပြောသည်။

Related Posts