ထားဝယ်ကမ်းနားလမ်းက ဆိုင်ခန်းအများစု စဖျက်

0
395

ထားဝယ်မြို့ ကမ်းနားလမ်းရှိ ဆိုင်ခန်းများ ဖျက်သိမ်းခြင်းမရှိက အရေးယူတော့မည်ဟု နောက်ဆုံး အကြောင်းကြားစာ ပို့ပြီးနောက်တွင် ဆိုင်ခန်းအများစု စတင်ဖျက်သိမ်းလျက် ရှိသည်။
ကမ်းနားလမ်းရှိ လုပ်ငန်းရှင် ၄၄ ဦးအနက် ၃၀ ဦးခန့်က ဖျက်သိမ်း နေကြပြီး မဖျက်ပေးပါက တရားစွဲ တော့မည်ဟုဆိုခြင်းကြောင့် ဆိုင်ခန်းကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဆိုင် ခန်းဖျက်သိမ်းခဲ့ပြီးသည့် သဲကျောက် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“မှုခင်းဖြစ်ပြီးတော့ ကျွန်တော် ကတော့ မနေလိုပြီပေါ့လေ”ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။
ထားဝယ်ကမ်းနားလမ်းရှိ ဆိပ် ကမ်းရုံးမှ မြောင်းပုလဲတံတားအထိ ဆိပ်ကမ်းအာဏာပိုင် စီမံခွင့်ရှိသည့် မြေနေရာတွင် လုပ်ငန်းရှင် ၄၄ ဦး ဖယ်ရှားပေးရမည်ဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ နောက် ဆုံးထား ဖယ်ရှားပေးရန် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံး(ထားဝယ်)က စာထုတ်ထားသည်။
သို့သော် ဖယ်ရှားခြင်းမရှိသေး သည့်အတွက် နိုဝင်ဘာလ ၆ ရက် နေ့တွင် နောက်ဆုံးအကြိမ် စာထုတ်ခဲ့ပြီး ယင်းစာတွင် မဖယ်ရှားပါက တည်ဆဲ ဥပဒေနှင့်အညီ အရေးယူမည်ဟု ပါရှိ သည်။

ကမ်းနားလမ်းရှိ ဆိုင်ခန်းများ ဖျက်သိမ်းပေးရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လမှ လက်ရှိအချိန်ထိ စာထုတ် အကြောင်း ကြားထားသည်မှာ ၆ ကြိမ် ထက်မနည်း ရှိနေပြီဖြစ်သည်။
ဖျက်သိမ်းပေးရန် စတင်အကြောင်း ကြားစဉ်ကပင် လုပ်ငန်းပြောင်းရွေ့ရန် မြေနေရာ လိုက်ရှာခဲ့သော်လည်း မြေဈေး အတွက် ငွေကြးမတတ် နိုင်သည့်အတွက် မပြောင်းရွေ့ဖြစ်ခဲ့ ကြောင်း ဖျက်သိမ်း ပြောင်းရွှေ့ရမည့် စာရင်းတွင် ပါဝင် သည့် မျှောတိုင်နှင့် ဝါးလုံးများ ရောင်းချ နေသူ ဦးသက်ဇော်မောင်က ဆိုသည်။

လက်ရှိလုပ်ငန်းမှာ မြစ်ကမ်းဘေး တွင် လုပ်ကိုင်မှသာ အဆင်ပြေသည့် အတွက် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် အခြားနေရာတွင် ယာယီအငှား ချထား ပေးစေချင်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ကမ်းနားလမ်းတွင် မြေနေရာ ယာယီငှားရမ်းပြီး ဆောက် လုပ်ထားသည့် ဆိပ်ခံတံတား ၈ စီးခန့် ကျန်ခဲ့မည်ဖြစ်ပြီး ၁ နှစ် ၁ကြိမ် သက်တမ်းတိုးရမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး (ထားဝယ်) မှ တာဝန်ခံက ပြောသည်။

အဆိုပါ ဆိုင်ခန်းများ ပြောင်းရွေ့ ပြီးပါက ထားဝယ်ဆိပ်ကမ်း သာယာ လှပရေး အကောင်အထည်ဖော်ရန်ရှိပြီး ပြည်ထောင်စု အစိုးရထံ တင်ပြထားပြီး ဖြစ်ကာ ပြည်ထောင်စုက အစီအမံ (စူညေ) ရေးဆွဲခိုင်းထားသည်ဟု တိုင်းအစိုးရဝန်ကြီး ဦးကြည်လှိုင်က ပြောဆိုခဲ့ဖူး သည်။
ထားဝယ်ဒေသခံ အများစုကမူ ထားဝယ်ကမ်းနားလမ်းကို အခြားမြို့ များရှိ ကမ်းနားလမ်းများကဲ့သို့ လှပ တင့်တယ်စေလိုကြောင်း ပြောဆိုမှုများ ရှိသည်။