ကျွန်းစုတွင် ကျောင်းအုပ် ၃၄ ဦး လစ်လပ်နေ

0
366

ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံ ပညာ စာသင်ကျောင်းများတွင် ကျောင်း အုပ် ၃၄ ဦး လစ်လပ်နေကြောင်း ယင်း မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဇော်ဟိန်းထံမှ သိရသည်။
ပညာရေးဝန်ကြီးဌာန အခြေခံ ပညာ ဦးစီးဌာန၏ စာရင်းအရ ပြီးခဲ့ သည့်နှစ် ဩဂုတ်လအထိ မူလတန်း ကျောင်းအုပ် ၂၄ ဦးနှင့် အလယ်တန်း ကျောင်းအုပ် ၂ ဦး စုစုပေါင်း ၂၈ ဦး လစ်လပ်ခဲ့သည်။

ယခုနှစ် ဩဂုတ်လအထိ မူလတန်း ကျောင်းအုပ် ၂၄ ဦးနှင့် အလယ်တန်းကျောင်းအုပ် ၁၀ ဦး စုစုပေါင်း ကျောင်းအုပ် ၃၄ ဦးအထိ လစ်လပ်နေကြောင်း လွှတ်တော်ကိုယ်စား လှယ် ဦးဇော်ဟိန်းက ပြောသည်။
ယင်းကဲ့သို့ ကျောင်းအုပ်များ လစ်လပ်နေကြောင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် အမျိုးသားပညာရေး မူဝါဒ ကော်မရှင်၏ ဒုတိယ ၆ လ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ ၂၀၁၇ ခုနှစ် ဧပြီလ မှ အောက်တိုဘာလအထိ အစီရင်ခံစာ အပေါ် တင်ပြဆွေးနွေးခဲ့ကြောင်း ဦးဇော်ဟိန်းက ပြောပြသည်။

အဆိုပါ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်တွင် ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်အပေါ် မူတည်ပြီး ပြည်ထောင်စု လွှတ်တော်တွင် ထပ်မံ ရှင်းလင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျောင်းအုပ်မရှိတော့ တာဝန်ခံ တွေထားထားတာ တာဝန်ခံထားတာ အဆင်မပြေဘူး၊ တချို့ကိစ္စတွေမှာ တာဝန်မယူရဲတဲ့ အပိုင်းတွေ ရှိနေတယ်”ဟု ဦးဇော်ဟိန်းက ပြောသည်။
ယင်းကဲ့သို့ အခက်အခဲများ ရှိနေ သည့်အတွက် ကျေးရွာနေပြည်သူများမှ ကျောင်းအုပ်များကို အမြန်ဆုံးချထား ပေးရန် တောင်းဆိုမှုများရှိနေကြောင်း ၎င်းက ပြောပြသည်။

ကျွန်းစုမြို့နယ်တွင် ကျေးရွာအုပ်စု ၂၄ အုပ်စု ကျေးရွာပေါင်း ၁၆၀ ကျော် ရွာတို့တွင် စုစုပေါင်းစာသင်ကျောင်း ၁၆၂ ကျောင်း ယင်းမြို့နယ် ပညာရေးမှူး ရုံးမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် သရက်ချောင်းမြို့နယ် တစ်ခုသာ ကျောင်းအုပ် လုံလောက် မှုရှိပြီး ကျွန်းစုမြို့နယ်သည် ကျောင်း အုပ် လစ်လပ်မှုအများဆုံး မြို့ထဲတွင် ပါဝင်နေကြောင်း ဦးဇော်ဟိန်းက ပြော ပြသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ အများစုသည် ရေလမ်းခရီးဖြင့်သာ သွားလာရကြောင်း သိရသည်။