ကော့သောင်းတွင် ဆလုံလူမျိုး အရေး ဆွေးနွေးပွဲ ကျင်းပမည်

0
698

ကော့သောင်းမြို့တွင် ဆလုံ လူမျိုး အရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို လာမည့် ဒီဇင်ဘာလအတွင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ဆလုံလူမျိုးများ နေထိုင်ရာ နေရာ ရှားပါးလာခြင်းနှင့် ၎င်းတို့၏ဘ၀ကို မြှင့်တင်ပေးနိုင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ၁ ရက်(သို့) ၂ ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး ဆလုံ လူမျိုးစစ်စစ် များ တက်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟိုတယ်/ ခရီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးညိုအေးက ဆိုသည်။

“ဆလုံနဲ့ ပတ်သက်ပြီး ဘာ လုပ် မယ် မပြောဘူး၊ ဆလုံတွေ ဘာဖြစ်ချင် တာလဲဆိုတဲ့ ဆလုံတွေအတွက်ကို ဘယ်လိုမျိုး စဉ်းစားပြီးတော့ ဘယ်လို ရလဒ်တွေ လုပ်ပြီး ဘယ်လိုဖော်ထုတ် ပြီးတော့ ဒါကို မြှင့်တင်မလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဆလုံအလုပ်ရုံ ဆွေးနွေးပွဲ လုပ်တာကိုး”ဟု ဦးညိုအေးက ပြော သည်။

ဆွေးနွေးပွဲမှ ထွက်လာသည့် ရလဒ်များကို အခြေခံပြီး ဆလုံပြ တိုက်ကို ဆလုံလူမျိုးများနေထိုင်သည့် မြိတ်ခရိုင်အတွင်း (သို့မဟုတ်) ကော့ သောင်းခရိုင်အတွင်း တည်ဆောက် သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အလုပ်ရုံဆွေးနွေးပွဲအတွက် စီမံချက် ရေးဆွဲလျက်ရှိပြီး လာမည့် အပတ်တွင် တိုင်းအစိုးရထံ တင်ပြ သွားမည်ဖြစ်ကြောင်း ဦးညိုအေးက ပြောသည်။
ဆလုံလူမျိုးများသည် မြိတ် ခရိုင်နှင့် ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းများတွင် နေထိုင်ကြသည်။