ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒ

0
618

စစ်အစိုးရ ခေတ်လွန် မြန်မာနိုင်ငံတွင် လူသိအများဆုံး စကားလုံးများစွာအနက် တစ်ခုမှာ ခရိုနီဖြစ်သည်။
ခရိုနီဆိုသည်မှာ Cronyism ဟုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ “အစိုးရအာဏာပိုင်များနှင့် နီးစပ်သော အသိမိတ်ဆွေ၊ နောက်လိုက် တပည့်များ ကောင်းစားရေး အခင်းအကျင်းများ၊ တင်ဒါများ၊ စီးပွားရေး လုပ်ပိုင်ခွင့်များ၊ နိုင်ငံရေး အာဏာများ အပ်နှင်းသော ဝါဒ္လ ဟု အဓိပ္ပါယ်ရသည်။ ထိုသို့ နီးစပ်ပတ်သက်သဖြင့် နိုင်ငံရေး၊ စီးပွားရေး အကျိုးလုပ်ပိုင်ခွင့် ရသူများကို ခရိုနီ (Crony) များ ဟု ခေါ်သည်။

Cronyism နှင့်အတူ နိုင်ငံရေး ဆိုင်ရာ အကျင့်ပျက်ချစားမှုများ (Political Corruption အုပ်စု အတွင်း အတူရှိသည့် ထင်ရှားသော ဝါဒ (လုပ်ရပ်) တစ်ခုမှာ နီပိုတဇမ် (Nepotism) ဖြစ်သည်။ နီပိုတဇမ် ဆိုသည်မှာ နိုင်ငံရေး အာဏာ၊ လုပ်ပိုင်ခွင့်ကို တလွဲအသုံးပြု၍ ဇနီး ခင်ပွန်း၊ ညီအစ်ကို၊ မောင်နှမ၊ သားသမီး၊ တူ၊ တူမ၊ သမက်၊ ချွေးမ စသည့် ဆွေမျိုးများကို စီးပွားရေး၊ နိုင်ငံရေးနှင့် အခြား အခွင့်အရေးများပေးထားသည့် လုပ်ရပ်ဖြစ်သည်။

Cronyism ဖြစ်စေ၊ Nepotism ဖြစ်စေ နိုင်ငံရေး အကျင့်ပျက်ချစားမှု စာရင်းပေါက်ပါသည်။ နိုင်ငံရေး အကျင့်ပျက်ချစားမှုသည် ဒီမိုကရေစီကို ယုတ်လျော့စေသည်၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှုကို အားပျော့စေသည်၊ ဈေးကွက်အတွင်း မမျှမတမှုများကို ဖြစ်ပေါ်စေပြီး သန့်ရှင်းစွာ တန်းတူ ယှဉ်ပြိုင်ခြင်းကို ပြိုကွဲစေကာ ဈေးကွက်စီးပွားရေး စနစ်ကို ပျက်စီးစေသည်၊ ဈေးကွက်အတွင်း တန်းတူ ယှဉ်ပြိုင်လိုသူများကို မဟုတ်မမှန်လုပ်ရန် တွန်းအားဖြစ်စေသည်။

Cronyism ကို မြန်မာပြည်သူများယနေ့ထိတိုင် နာကျင်ရွံ့ရှာစွာ သုံးစွဲလေ့ရှိသော်လည်းNepotism ကို လူသိနည်းပါသည်။
ထိုကြောင့်Nepotism ဟု ခေါ်သော ငါ့သားမှ၊ ငါ့သမီးမှ၊ ငါ့သမက်မှ၊ ငါ့ချွေးမ မှ ဆိုသည့် ဆွေမျိုးကောင်းစားရေး ဝါဒ (လုပ်ရပ်) သည်လည်း တိုင်းပြည်ကို ပျက်စီးစေသည့် စနစ်တစ်ခုဖြစ်ကြောင်း မိတ်ဆက်တင်ပြအပ်ပါသည်။