ထားဝယ်တွင် မီးပွိုင့်အသစ် လေးခု တိုးမည်

0
472

ထားဝယ်မြို့ရှိ လမ်းဆုံလမ်းခွ နေရာ လေးခုတွင် ဒီဂျင်တယ်စနစ်သုံး မီးပွိုင့်အသစ်များကို လာမည့်နှစ်တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ကမြောကင်းတံတားနီးရှိ လမ်းဆုံ (DDPC ဈေးဝယ်စင်တာအနီး)၊ ဆန်းချီ လမ်းဆုံ၊ ညနေဈေးအနီးရှိ ညောင်ပင်ကြီး လမ်းဆုံနှင့် အိမ်ရှေ့ပြင် လမ်းဆုံ (အဝေး ပြေးကွင်း)တို့တွင် တပ်ဆင်သွားမည် ဖြစ်ပြီး ငွေကျပ် သိန်း ၂၀၀ ကို အသုံး ပြုသွားရန် လျာထားကြောင်း မြို့နယ် စည်ပင်မှ အမှုဆောင် အရာရှိက ဆိုသည်။
“ဒီနေရာတွေက ယာဉ်နဲ့ ပတ်သက် ပြီး ထိခိုက်မှုတွေ များတယ်” ဟု အထက်ပါ အမှုဆောင်အရာရှိက ပြောသည်။

မီးပွိုင့်အသစ်များ တပ်ဆင်ရန် အတွက် ယာဉ်ထိန်းရဲ၊ စည်ပင်၊ ကညန အစရှိသည့် ဌာနများက နေရာရွေးချယ် ပြီး တပ်ဆင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
လမ်းဆုံ ၃ ခုတွင် ဆိုင်ကယ်၊ ကားများဖြင့် ယာဉ်ကြောများ ရှုပ်ထွေး နေလေ့ရှိသည့်အတွက် မီးပွိုင့်တပ်ဆင် သင့်ပြီး အိမ်ရှေ့ပြင် လမ်းဆုံတွင်မူ အဝိုင်းပတ်သာလုပ်သင့်ကြောင်း သုံးဘီး ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုလှသိန်း က ပြောသည်။

“ဒီလမ်းဆုံက ယာဉ်တွေ အမြဲတမ်း ရှုပ်ထွေးလေ့ မရှိတော့ အဝိုင်းသာ တပ်ဆင်သင့်တယ်လို့ ထင်တယ်”ဟု ကိုလှသိန်းက ဆိုသည်။
လက်ရှိ ထားဝယ်မြို့တွင် ဒီဂျင် တယ်မီးပွိုင့် ၂ ခုနှင့် ရိုးရိုးမီးပွိုင့် ၅ ခုရှိကာ ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် မီတာခများကို စည်ပင်အဖွဲ့၏ ရန်ပုံ ငွေဖြင့် ကျခံလျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။