ခြေလေးချောင်းတော်လှန်ရေး (၃)

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ယခင်အပတ်မှ အဆက်

အတိုချုပ်ပြောရမယ်ဆိုရင် ငါတို့ တိရစ္ဆာန်တွေ ခံစားနေကြရတဲ့ ဘေးဒုက္ခ တွေဟာ တခြားကြောင့် မဟုတ်ဘူး။ လူသားတွေ မတရားတဲ့အတွက်ဘဲဆိုတာ ဆင်ပေါ်မှာ အလံစိုက်သလို အင်မတန် ထင်ရှားပါတယ်။ ဒါကြောင့် ငါတို့ဟာ လူသားတွေကို အကြွင်းမဲ့ သုတ်သင်ပစ်ဖို့ အရေးကြီးပါတယ်။ ဒီတော့မှသာ ငါတို့ လုပ်လို့ရသမျှ ပစ္စည်းတွေကို ငါတို့ချည်း ပိုင်ကြပြီး နေ့ချင်းညချင်းဆိုသလို လွတ် လပ်ရေးကို ရကြမယ်။ ချမ်းသာကြွယ်ဝကြ မယ်။ အဲဒီတော့ ငါတို့ဘယ်လိုလုပ်ကြ ရမလဲဆိုရင် လူသားတွေကို တော်လှန် ပစ်ဖို့အတွက် အသားကြေကြေ အရေ ခန်းခန်း မနားမနေ ကြိုးစားကြရမယ်။

တိုတို ပြောရမယ်ဆိုရင် လူသားတွေကို ပုန်ကန်ကြရမယ်။ ယခု ငါတို့လုပ်မဲ့ တော်လှန်ရေးလုပ်ငန်းကြီးဟာ ဘယ် တော့ အောင်မြင်မှာလဲလို့တော့ အသေ အချာ ပြောနိုင်ဖို့ ခက်တယ်။ တိရစ္ဆာန် တစ်ကောင် ကောင်းဖို့အတွက် တစ်နှစ် လောက်လုပ်ရရင် ကြာတယ်လို့ ဆိုနိုင် တယ်။ ဒါပေမဲ့ တိရစ္ဆာန် အားလုံးကောင်း ဖို့အတွက် လုပ်တဲ့အခါမှာ အနှစ်တစ်ရာ ကို ကြာတယ်လို့ မထားကောင်းဘူး။ ငါတို့ဟာ အမြော်အမြင် ကြီးကြီးနဲ့ လုပ် ကြရမယ်။ ပထမစပြီးလုပ်ဖို့ဘဲ အရေးကြီးတယ်။ ငါတို့စိတ်ထဲက အနှစ်တစ်ရာ လောက်ကြာမှ တော်လှန် ရေးကြီး အထမြောက်လိမ့်မယ်လို့ မှန်းထားပေမဲ့ အစစအကြောင်း ညီညွတ် လျှင် တစ်နှစ် နှစ်နှစ်အတွင်း အောင်မြင် ချင်လဲ အောင်မြင်မယ်။ လေးငါးဆယ်နှစ် အတွင်း အောင်မြင်ချင်လဲ အောင်မြင် မယ်။ သို့သော် ဘယ်နှစ်နှစ်ပင် ကြာ သည်ဖြစ်စေ ငါတို့ဝတ္တရားမှာ ယခုည ကစပြီး အလုပ်လုပ်ကြဖို့ဘဲ ဖြစ်တယ်။ ငါတို့တာ တစ်ကောင်ချင်း နှစ်ကောင် ချင်း တစ်စုချင်း နှစ်စုချင်း အကျိုးကို မကြည့်ဘဲနဲ့ တိရစ္ဆာန် အားလုံး၏ အကျိုးကို ရှေးရှုပြီး ညီညီ ညွတ်ညွတ် လုပ်ကြ မယ်ဆိုရင် မြေကြီးကို လက်နှင့် ပုတ်ရင်သာ လွဲချင်လွဲမယ်၊ ငါတို့ တော်လှန်ရေးကြီး ထမြောက် အောင်မြင် ဖို့ဟာ မလွဲနိုင်ပါဘူး။ ဒါကြောင့် ငါတို့ အသက်ရှင်နေကြရသည့် အတောအတွင်း အချိန်ကလေးမှာ မေ့မေ့ လျော့လျော့ မနေကြဖို့ ငါတိုက်တွန်းပါတယ်၊ ထို့အပြင် ငါတို့တော်လှန်ရေးကြီး တနေ့တွင် ထမြောက်အောင်မြင်နိုင်ရန် အတွက် ငါတို့သားမြေးများကို အစဉ်အဆက် မှာကြားထားခဲ့ကြ ဖို့ကိုလည်း ရဲဘော်တို့ မမေ့ကြပါနဲ့။

ရဲဘော်တို့ သင်တို့၏ တော်လှန်ရေး အဓိဋ္ဌာန်ကြီးဟာ ဘယ်အခါမှ တိမ်း ပါးခြင်း မရှိအောင်လည်း အထူးသတိပြု ကြပါ။ ဘယ်သူက ဘာပြောပြော နားမ ယောင်ကြပါနှင့်။ အကယ်၍ တစ်စုံတစ် ယောက်သော သူက လူသားများနှင့် တိရစ္ဆာန်တို့မှာ ရန်သူမဟုတ် စီးပွား ဖက်သာ ဖြစ်ပါသည်ဟု ပြောလာ လျှင်လည်း မယုံကြပါနှင့်။ မီးနှင့်ရေမှ ဂဟေစပ်ချင် စပ်အုံးမည်။ လူသားများနှင့် တိရစ္ဆာန်တို့မှာ ဘယ်နံရောအခါမျှ သဟဇတ်ဖြစ်ဖို့ မရှိပါ။ လူသားတို့ ကောင်းစားခြင်းသည် တိရစ္ဆာန်တို့ နစ် မွန်းခြင်းတည်း။ လူသားတို့ ကောင်း စားလျှင် တိရစ္ဆာန်တို့လည်း ကောင်း စားလိမ့်မည်ဆိုခြင်းဟာ မီးသွေးကို ဖြူတယ်ဆိုခြင်းနှင့်သာ တူပါတယ်။ လူသားတို့သည် သူတို့အကျိုး တခု တည်းမှတပါး ဘယ်သတ္တဝါ၏အကျိုး ကိုမှ ဆောင်ရွက်ကြမည် မဟုတ်ပါ။ တော်လှန်ရေးကို လုပ်ကြရာတွင် ငါတို့ တိရစ္ဆာန်များသည် တဦးနှင့်တဦးအ ကြွင်းမဲ့ ညီညွတ်ခြင်း ရှိကြပါစေ။ တဦး နှင့်တဦး ရေပက်၍ မဝင်သော ရဲဘော် စိတ်ထားကြပါ။ လူသားမှန်သမျှကို လည်း ငါတို့ရန်သူဟု သဘောထားကြပါ။ တိရစ္ဆာန် မှန်သမျှ တို့ရဲဘော်ချည်း အောက်မေ့ပါ။

ထိုအခိုက်တွင် အစည်းအဝေးလန့်၍ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်၍ သွားသည်။ ထို သို့ဖြစ်ရသည့် အကြောင်းမှာ ဗိုလ်ကြီးက တော်လှန်ရေး အမြိုက်ရေအေး တိုက် ကျွေးနေစဉ် မြေကြွက်ကြီး လေးကောင် သည် တွင်းထဲမှ ထွက်လာပြီး ဆောင့် ကြောင့်ထိုင်ကာ တရားနာ၍ နေကြ သည်ကို ခွေးများက မြင်သဖြင့် တအား ထိုး၍ လိုက်ကြသောကြောင့် ဖြစ်သည်။ မြေကြွက် ကြီးလေးကောင်မှာလည်း တွင်းထဲသို့ ဝင်၍ အပြေးမြန် သဖြင့်သာ သီသီက လေးအသက်ဘေးမှ ချမ်းသာရာ ရကြသည်။ အစည်းအဝေး ရုတ်ရုတ် ရုတ်ရုတ်နှင့် ဖြစ်သွားသောအခါ ဗိုလ်ကြီး က ရှေ့လက်တစ်ဖက်ကို မြှောက်၍ ကိုယ့် နေရာ ကိုယ်ပြန်ထိုင်၍ ငြိမ်ငြိမ်နေကြရန် ပြောသည်။

တိရစ္ဆာန်ပရိသတ် ငြိမ်သွားသော အခါ ဗိုလ်ကြီးက ဒီအစည်းအဝေးကြီးက အဆုံးအဖြတ်ပေးဖို့ အရေးကြီးသည့် ကိစ္စ ကြီးတစ်ခု ပေါ်လာပါတယ်။ ဒီကိစ္စဟာ တခြား မဟုတ်ပါဘူး။ ကြွက်လိုယုန်လို တိရစ္ဆာန် အရိုင်းများကို မိတ်ဆွေလို သ ဘောထားမလား။ ရန်သူလို သဘောထား မလားဆိုတဲ့ ကိစ္စပါဘဲ။ ဒီကိစ္စကို အများ ဆန္ဒအရ မဲပေးပြီး ဆုံးဖြတ်စေလိုပါ တယ်။ ဒါကြောင့် ကြွက်များသည် ငါတို့ ၏ ရဲဘော်များဖြစ်သည် ဆိုသော အဆို ကို မဲနှင့် ဆုံးဖြတ်နိုင်ရန် အစည်းအဝေး သို့ တင်ပြပါတယ်ဟု ပြောသည်။
မဲခွဲသောအခါ ကြွက်များသည် ရဲ ဘော်များဖြစ်သည်ဆိုသောဖက်မှ မဲ အမြောက်အမြားနှင့် နိုင်သည်။ ကန့်ကွက် သူ လေးဦးသာ ရှိသည်။ ထိုလေးဦးမှာ ခွေးသုံးကောင်နှင့် ကြောင်တစ်ကောင် ဖြစ်သည်။ ထိုခွေးသုံးကောင်နှင့် ကြောင် တစ်ကောင်သည်ပင် မဲပေးသည့်အခါတွင် ကြွက်များသည် ရဲဘော်များဖြစ်သည် ဆိုသော ဘက်ကလည်းပေး၍ ကန့်ကွက် သည့် ဖက်ကလည်း ပေးကြသည်။

ထို့နောက် ဗိုလ်ကြီးက ဆက်၍ ယခု အရေးကြီးသည့်ကိစ္စကို ဒီမိုကရေ စီနည်းအရ မဲခွဲ၍လည်း ဆုံးဖြတ်ပြီးပါ ပြီ။ နောက်ထပ် ပြောစရာလည်း မရှိတော့ ပါဘူး။ ဒီတော့နောက်ဆုံးပိတ် နိဂုံးချုပ် စကားအဖြစ်နဲ့ပြောပြီးသား စကား များကိုဘဲ အတိုချုပ်ထပ်ပြီး ပြောချင်ပါ သည်။ တစ်အချက်တွင် လူသားများနှင့် လူသားများရဲ့ ထုံးစံများကို စက်ဆုပ်ရွံ့ ရှာကြဖို့ အမြဲသတိရကြပါ။ ခြေနှစ် ချောင်းမှန်သမျှကို ရန်သူလိုသဘောထား ကြပါ။ ခြေလေးချောင်း မှန်သမျှဟာ ရဲဘော်ချည်းဆိုတာကိုလည်း မမေ့ကြ ပါနဲ့။ တခုလည်း သတိပေးချင်ပါသေး တယ်။ လူသားများကို တော်လှန်သည့် အခါမှာ လူသားများလိုလည်း မလုပ်ကြ ပါနဲ့။ ပြီးတော့ ငါတို့ဟာ လူသားများကို အောင်မြင်ပြီးသည့် နောက်ကျတောင်မှဘဲ လူသားများရဲ့ အကျင့်ဆိုးများကို အတုမ ယူကြပါနဲ့။ ဘယ်တိရစ္ဆာန်မျှ လူသား များလို အိမ်နှင့် မနေကြဖို့ အိပ်ရာနှင့် မအိပ်ကြဖို့ အဝတ်မဝတ်ကြဖို့ အရက် မသောက်ကြဖို့ ဆေးလိပ် မသောက်ကြဖို့ ငွေစမကိုင်ကြဖို့ ကုန်ရောင်းကုန် ဝယ် မလုပ်ကြဖို့ သတိကြီးကြီးထားကြပါ။ လူသားကျင့် လူသားကြံများဟာ တခုမှ မကောင်းပါဘူး။ အရေးအကြီးဆုံး ကတော့ ငါတို့တိရစ္ဆာန် ဘ၀တူ အချင်း ချင်း တကောင်နဲ့တကောင် နိုင်ထက် စီးနင်း နှိပ်စက်က လူမလုပ်ကြံ့ဖို့ ပါပဲ။ ငါတို့ တိရစ္ဆာန်များဟာ အားကြီးသူ ဖြစ်စေ အားနည်းသူဖြစ်စေ နားလည်မှု ရှိသူဖြစ်စေ နားလည်မှုမဲ့ သူဖြစ်စေ ညီအစ်ကို မောင်နှမချည်းပါဘဲ။ တိရစ္ဆာန်များဟာ ဘယ်သူကမှ ဘယ်သူ ထက်မသာဘဲ အားလုံး တန်းတူချည်းဖြစ် သည်ကိုလည်း အထူး သတိပြုစေလိုပါ သည်။

ရဲဘော်တို့ အချိန်လည်း အတော် နည်းသွားပါပြီ။ အခု ငါ၏အိပ်မက် အကြောင်းကို ပြောပါတော့မယ်။ ငါ့အိပ် မက်ကို ရဲဘော်တို့နားလည်အောင် ပြော နိုင်ဖို့တော့ မလွယ်ပါဘူး။ ငါ့အိပ်မက်က တော့ လောကကြီးမှာ လူသားများ ပျောက်ကွယ်သွားသည့်အခါတွင် ဘယ် လိုသာယာဝပြောရှိမည်ဆိုတဲ့ နိမိတ်ပြ အိပ်မက်ဖြစ်ပါတယ်။ ဒီအိပ်မက်မက် တော့မှဘဲ ငါအရင်တုန်းက မေ့နေဒါ တခုလဲ ပြန်ပြီးသတိရတယ်။ ငါငယ်ငယ် တုန်းက နှစ်ပေါင်းများစွာ ကြာပါပြီ။ ငါနို့စို့သား အရွယ်တုန်းက ငါတို့ အမေရယ် တခြား ဝက်မကြီးတွေရယ် ဆို ကြတဲ့ သီချင်းတပုဒ်ကို ငါပြန်သတိရ တယ်။ အဲဒီသီချင်းကိုလည်း ပထမ စကားသုံးလုံးသာ မှတ်မိပြီး အသွားကို သာ ဆိုတတ်ကြတယ်။ အဲဒီသီချင်းသွား လည်း ငါငယ်ငယ်တုန်းကတော့ အလွတ် ရပါတယ်။ ကြီးလာတော့ မေ့သွားတယ်။ အဲညတုန်းက အိပ်မက်မက်တော့မှဘဲ ပြန်သတိရတယ်။ တေးသွားတင် မဟုတ် ဘူး။ စကားလုံးတွေပါ အကုန်လုံး ပြန်ပေါ်လာတယ်။ အဲဒီသီချင်းက ငါတို့ တိရစ္ဆာန် ဘိုးဘေးဘီဘင်တွေ အစဉ် အဆက်ဆိုလာကြပြီးနောက် ကာလ ရွေ့လျောတော့ နောင်လာနောင်သား တိရစ္ဆာန်တွေက မေ့ကုန်ကြတယ်။ အဲဒီ သီချင်းကို ငါအခု ဆိုပြမယ်။ ရဲဘော်တို့ နားထောင်ကြပါ။ ငါက အသက်ကြီးတော့ အသံလည်း အဲ့တဲ့တဲ့ ဖြစ်နေတယ်။ သို့သော်လည်း ရဲဘော်တို့ ဆိုတတ် လောက်အောင်တော့ ငါသင်ပေးနိုင်ပါ တယ်။ ရဲဘော်တို့ ကိုယ်တိုင် ဆိုတတ် တော့ အသံကောင်းကောင်းနဲ့ ကိုယ့်ဟာ ကို ဆိုကြပေါ့။ အဲဒီ သီချင်းက “ဒို့ တိရစ္ဆာန်သီချင်း”လို့ ခေါ်ပါတယ်။

ထိုသို့ ပြောပြီးလျှင် ဗိုလ်ကြီးသည် သလိပ်ကပ်၍ လည်ချောင်းရှင်းကာ ဆိုပြ သည်။ သူ့အသံမှာ သူပြောသည့်အတိုင်း ပင် အနည်းငယ် အက်တက်တက်ဖြစ်၍ နေသော်လည်း ဗိုလ်ကြီးသည်” ဒို့ တိရစ္ဆာန် သီချင်း”ကို စည်းဝါးကျ၍ နားထောင် ကောင်းအောင် ဆိုပြနိုင်သည်။ ဒို့တိရစ္ဆာန်သီချင်းမှာ ခပ်သိမ်းသော တော်လှန်ရေး သီချင်းများကဲ့သို့ ကြက် သီးမွေးညှင်းထစေသော သီချင်း ဖြစ် သည်။ ဒို့တိရစ္ဆာန်သီချင်း၏ အဓိပ္ပါယ် မှာ အောက်ပါအတိုင်း ဖြစ်သည်။

တစ်ကမ္ဘာလုံးက တိရစ္ဆာန်တွေ၊မိုးအောက်ရှိသမျှ တိရစ္ဆာန်တွေ၊ဒို့ခေတ်ကိုသာ မြှော်ကြ၊ မြှော်ကြ။ နှေးနှေး မြန်မြန် ဒို့ခေတ်ရောက် မည်အမှန်၊မသမာလူသား သေရွာသွားလျှင်၊
လယ်ယာမှန်သမျှ ဒို့ပိုင်ကြလျက်၊၀စွာစားကာ လွတ်လပ်မှာတည်း။ နဖါးကြိုးလည်း ပျောက်၊ထမ်းပိုးလည်း ပျောက်၊နကန်ကိုချိုး နှောင်ကြိုးကိုဖယ်၊လာမယ်ကွဲ့ ဒို့ခေတ်။ ။စပါးကပေါ နှမ်းကပေါ၊
ပြောင်းရိုးကလှိုင် ကောက်ကမြိုင်လို့၊နှမ်းဖက်ကပို မြက်ကချို၊စိမ်းစိုဘိခြင်း ဒို့လယ်ခင်း။ မြက်စိမ်းလို့ ရေကြည်၊လေပြည်က ပျံ့သင်း၊ဒို့ခေတ်ရောက်လျှင်၊ပျော်ဘို့သာပြင်။ ။နွားဆိတ်ဝက် ဝမ်းဘဲကြက်တို့၊မပျက်မယွင်း ကြိုးစားခြင်းဖြင့်၊ဒို့ခေတ်ဒို့ခါ ဆိုက်ရောက်လာမည်၊မြော်ကြခပင်း လွတ်လပ်ခြင်း။

။ဗိုလ်ကြီးအမှူးရှိသော တိရစ္ဆာန် အပေါင်းသည် ဒို့တိရစ္ဆာန်သီချင်းကို ဒေါပါပါမာန်ပါပါ သံကုန်ဟစ်၍ ဆိုကြပြီးလျှင် ကြက်သီးမွေးညှင်းထ လျက်ရှိသည်။ ဗိုလ်ကြီးက ဆိုပြ၍မှ မဆုံးခင်ပင် အားလုံးသော တိရစ္ဆာန် တို့က လိုက်၍ ဆိုကြသည်။ အချို့ဥာဏ် မကောင်းသော တိရစ္ဆာန်တို့မှာ တေးသွားနှင့် စကားလုံး အနည်းငယ်သာ လိုက်၍ ဆိုနိုင်သည်။ ခွေးနှင့် ဝက်တို့ ကဲ့သို့ ဥာဏ်ကောင်းသော တိရစ္ဆာန် တို့မှာ ခဏခြင်းပင် အလွတ် ဆိုနိုင်ကြ သည်။

မလိုက်နိုင်သေးသော တိရစ္ဆာန် များကို လိုက်နိုင်အောင် အနည်းငယ် သင်ပေးပြီးနောက် ဒို့တိရစ္ဆာန် သီချင်း ကို အားလုံးပြိုင်၍ ဆိုကြသည်မှာ မိုးပြိုမတတ်ဖြစ်သည်။ နွားများကလည်း ဝတ်သလိန်းကြသည်။ ခွေးများကလည်း ဝုတ်ဝုတ်ကြသည်။ ဆိတ်များကလည်း ဗဲ့ဟဲ့ဟဲ့ ကြသည်။ မြင်းများကလည်း ဟီကြသည်။ ကြက်များကလည်း တွန်ကြသည်။ ဝမ်းဘဲတို့ကလည်း ဂတ်ကြသည်။ တိရစ္ဆာန်တို့သည် ဒို့တိရစ္ဆာန် သီချင်းကို အားကြီး သဘောကျကြသဖြင့် ခုနစ်ကြိမ် တိုင် တိုင် မရပ်မနားဘဲ ဆက်ကာဆိုကြ သည်။ ခုနှစ်ကြိမ် ဆိုပြီးနောက် အမော ပြေစေရန် ဝက်များက သံချပ်တိုင်၍ ကျန်တိရစ္ဆာန်တို့က လိုက်ကြသည်။ သံချပ်မှာ မီးသွေးခဲမို့ မဲသကိုဗျ၊ ဒို့တိရစ္ဆာန် မို့ ရဲသကိုဗျ တိရစ္ဆာန် တို့ကျက်သရေ၊ ကမ္ဘာသင်္ချေ ပြောလို့မဆုံး၊ တိရစ္ဆာန် ကို ပြိုင်မဲ့ဆို၊ နင်တို့ကိုယ် မှန်နဲ့ကြည့် အုံးစ သဖြင့် ဖြစ်သည်။ တိရစ္ဆာန် တို့သည် သံချပ်ထိုးပြီးနောက် သံပြိုင် တင်၍ “တစ်ကမ္ဘာလုံးက တိရစ္ဆာန်တွေ ညီကြ”ဟု သုံးကြိမ် အော်ကြသည်။ တပြိုင်နက် တခဲနက် အော်ကြသော တိရစ္ဆာန်တို့၏ အသံမှာ နားပွင့်မတတ် ဖြစ်သဖြင့် ဦးသာခေါင် အိပ်ရာမှ လန့်နှိုးသည်။ ဦးသာခေါင်သည် အိပ်ရာ မှ မူးမူးရူးရူးနှင့် ထ၍ ကျားသစ်ဝင် သည်အထင်နှင့် အိပ်ရာခေါင်းရင်းတွင် ထောင်၍ထားသော နှစ်လုံးပြူး သေ နတ်ကို ဆွဲ၍ ကိုးလုံးကျည် နှင့် ဆူဆူ ညံညံကြားရာဖက်သို့ စွတ်၍ ပစ်လိုက် သည်။ ကျည်သံများသည် တိရစ္ဆာန်တို့ ဦးခေါင်းပေါ်မှ ဝီကနဲဖြတ်၍ သွားသဖြင့် တိရစ္ဆာန်များသည် အစီအရီ အစုခွဲပြီး လျှင် သူ့နေရာသူ ပြန်၍ အိပ်ကြသည်။ ခဏနေသောအခါ တခြံလုံးတိတ်၍ သွား သည်။

ဆက်လက်ဖော်ပြပါမည်။