အခြားနည်း အသုံးပြုခွင့်မရှိဘဲ အပြောင်ရှင်း မြေညှိသည့် ရော်ဘာခြံများ ပျိုးပင်ပြန်စိုက်ရ

0
402

ထားဝယ် – မောင်းမကန်ကားလမ်း နံဘေး တောရှည်ရွာအနီးရှိ ရော်ဘာခြံ နှစ်ခုတွင် အခြားနည်းအသုံးပြုခွင့် မရှိ ဘဲ အပင်ခုတ်လှဲခြင်း၊ မြေရှင်း မြေညှိ ခြင်း တို့ပြုလုပ်သဖြင့် တားမြစ်ကာ ရော်ဘာပျိုးပင် ပြန်စိုက်ခိုင်းထားကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။

ယင်းရော်ဘာခြံပိုင်ရှင်များက အခြားနည်း အသုံးပြုခွင့် လျှောက်ထား ခြင်းမရှိဘဲ ၎င်းတို့ သဘောဖြင့် အပြောင် ရှင်း မြေညှိကြခြင်းဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။” ဥယျာဉ်ခြံမြေတွေကို ကိုယ့်ဟာ ကိုရှင်း၊ ကိုယ့်ဟာကိုခုတ် လုပ်ချင်သလို လုပ်လို့ မရဘူး။ အခြားနည်း သုံးမယ် ဆိုရင် အခြားနည်း အသုံးပြုခွင့် လျှောက် ပေါ့၊ ရရင်တော့ လုပ်ပေါ့ဗျာ၊ မရရင် တော့ ကိုယ့်သဘောနဲ့ကိုယ်တော့ လုပ်ခွင့် မရှိဘူးပေါ့၊ အဲဒါကို ပြောတော့ သူတို့က ပြန်စိုက်တာပေါ့” ဟု အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။

အကယ်၍ ခုတ်ထွင်ရှင်းလင်းလိုက အဘယ်ကြောင့် ခုတ်ထွင်ရှင်းရသည်၊ မည်သို့ ပြန်စိုက်မည်၊ မည်သည့်အချိန် ပြီးအောင် ပြန်စိုက်မည်စသည့် စီမံချက် ရေးဆွဲကာ မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီဌာန၏ ထောက်ခံချက်ဖြင့် တိုင်း အစိုးရသို့ တင်ပြရမည်ဖြစ်ပြီး တိုင်းအစိုးရ ခွင့်ပြုချက်ရမှသာ လုပ်ငန်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ရော်ဘာခြံများအား အောက်တိုဘာလဆန်းတွင် အပြောင် ရှင်းခဲ့ပြီးနောက် အိမ်ယာမြေ အကွက် ရိုက်ရန်နှင့် အဆောက်အအုံ ဆောက်ရန် ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက်တွင် တားမြစ်ခံရသဖြင့် ရော်ဘာပျိုးပင်များ အချိန်အခါမဟုတ် ကမန်းကတန်း လာရောက် စိုက်ပျိုးထားကြကြောင်း တောရှည်ရွာသားတစ်ဦးက ပြောသည်။

ထားဝယ်ဒေသတွင် မိုးဦးရာသီ တွင်သာ ရော်ဘာ စိုက်ပျိုးလေ့ ရှိ သည်။ ယင်း တောရှည်ရွာတဝိုက်တွင် ရော်ဘာ ခြံပိုင်ရှင်များနှင့် ယင်းတို့ထံမှ တစ်ဆင့်ဝယ်ယူထားသူများက ရော်ဘာ ခြံများကို ရှင်းလင်းကာ အကွက်ရိုက် ရောင်းချမှုများ ဖြစ်ပေါ်လျက် ရှိသည်။
အခြားနည်း အသုံးပြုခွင့် လျှောက် ထားရာတွင်လည်း တိုင်းဒေသကြီး အစိုးရမှ ချထားပေးခြင်း မရှိကြောင်း ခြံပိုင်ရှင်အချို့က ပြောဆိုကြသည်။