ထိုင်းရောက် အထောက်အထားမဲ့ မြန်မာအချို့ CI ကတ်လျှောက်ရန် အခက်တွေ့

0
521

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သမားအချို့သည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) လျှောက်ထားရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရသည်။ထိုင်းအစိုးရက ပန်းရောင်စာအုပ် (ဘတ်စာအုပ်) သက်တမ်းရှိနေသူများနှင့် မည်သည့်အထောက်အထားမျှ မရှိကြောင်း ထောက်ခံချက်လက်မှတ် ရှိသူများကိုသာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ကို ထိုင်းအစိုးရဘက်က ထုတ်ပေးနေခြင်း ဖြစ်သည်။

ပန်းရောင်စာအုပ်(ဘတ်စာအုပ်) သက်တမ်းကုန်သွားသူများနှင့် ထိုင်းအလုပ်သမားရုံးက ထုတ်ပေးသည့် မည်သည့် အထောက်အထားမျှမရှိကြောင်း ထောက်ခံချက်လက်မှတ် ပြုလုပ်ရန် ကျန်ရှိနေသူများ အဓိကအခက်အခဲဖြစ်နေကြောင်း ၎င်းတို့က ပြောသည်။ မည်သည့် အထောက်အထားမျှ မရှိကြောင်း ထောက်ခံချက် လက်မှတ်များကို ပြီးခဲ့သည့် စက်တင်ဘာလက လူဦးရေ ၆ သိန်းကို ထုတ်ပေးခဲ့ပြီး လက်ရှိအချိန်တွင် ထပ်မံထုတ်ပေးခြင်း မရှိတော့ပေ။

” ကိုယ့်အလုပ်သမားမှာ ဘာမှ မရှိဘူးဆိုရင် အထောက်အထားမဲ့ လုပ်ပေးဖို့ ထိုင်းအစိုးရက အလုပ်ရှင်တွေကို ပြီးခဲ့တဲ့ လက ၁၅ ရက်အချိန် ပေးခဲ့တယ်၊ မလုပ်တာ နောက်ကျတာကတော့ မတတ်နိုင်ဘူးပေါ့နော်” ဟု ရနောင်းခရိုင် ထိုင်းအလုပ်သမားရုံးမှ မြန်မာစကားပြန် အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုင်းအစိုးရအနေဖြင့် အထောက်အထား တစ်စုံတစ်ရာမရှိသူများကို ယခုနှစ်အကုန်တွင် ဖမ်းဆီးမှုများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

” အလုပ်ရှင်ဘက်က အထောက်အထားမဲ့ လက်မှတ်လျှောက်ပေးဖို့ ပျက်ကွက်ခဲ့လို့ အစ်မတို့မှာ ဘာအထောက်အထားမှ မပြနိုင်တော့ CI ကတ်လျှောက်လို့ မရတော့ဘူး၊ စစ်သားလာဖမ်းရင် အစ်မတို့ပဲ ထောင်ကျမှာ” ဟု ထိုင်းနိုင်ငံ ကော့တောင် ကျွန်းတွင် အလုပ်လုပ်ကိုင်သည့် မခင်မော်က ဆိုသည်။
ထိုင်းနိုင်ငံတွင် CI ထုတ်ပေးရေး စခန်း ၇ခု ဖွင့်ကာ စက်တင်ဘာလ ပထမပတ်မှ စတင် ထုတ်ပေးနေ ခြင်းဖြစ်ကြောင်း သိရသည်။