လောင်းလုံးရေနံချက်စက်ရုံအပါအဝင် စီမံကိန်း ၄ခု တိုင်းအစိုးရ ယာယီရပ်ခိုင်းထား

0
384

လောင်းလုံးရေနံချက်စက်ရုံ စီမံ ကိန်း အပါအဝင် တိုင်းအတွင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ခွင့်ပြုထားသည့် လုပ်ငန်း ၄ ခုကို လက်ရှိ အစိုးရလက်ထက်တွင် ယာယီရပ်နား ခိုင်းထားကြောင်း တနင်္သာရီတိုင်းဒေသ ကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။
ယခင်အစိုးရလက်ထက် ကတည်း က MIC က ခွင့်ပြုပေးခဲ့သည့် လုပ်ငန်း များအနက် ထားဝယ်မြို့နယ်အတွင်းရှိ ပွန်ပီပက်ကုမ္ပဏီ၏ သတ္တုတွင်းလုပ်ငန်း ကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများကို မလိုက်နာခြင်းကြောင့် ယာယီရပ်နားခိုင်းထားကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။

ထို့အပြင် ယင်းကုမ္ပဏီ၏ ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသရှိ နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင် မှု လုပ်ငန်းကိုလည်း နယ်စပ်မျဉ်းနှင့် နီးကပ်လွန်းခြင်းကြောင့် ရပ်နားခိုင်း ထားကြောင်း တိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၆ခုနှစ် မတ်လ အတွင်း MIC က ခွင့်ပြုပေးခဲ့သည့် လောင်းလုံးမြို့နယ်အတွင်းရှိ Longwin Global Petrochemical Co. Ltd ၏ ရေနံချက်စက်ရုံ လုပ်ငန်းမှာ ဒေသခံ ပြည်သူများက လက်မခံခြင်းကြောင့် ရပ်နား ခိုင်းထားသည်။

၎င်းအပြင် တနင်္သာရီမြို့နယ်အတွင်း ရှိSrisuban Myanmar ကုမ္ပဏီ၏ ဆီအုန်းခြံလုပ်ငန်းမှာ ဒေသခံတိုင်းရင်း သားများနှင့် မြေယာပြဿနာ မရှင်း လင်းသေးခြင်း အစရှိသည့် အကြောင်း များကြောင့် ဖြစ်ကြောင်း ၎င်းက ပြော သည်။
“ယာယီလား အမြဲတမ်းလားဆိုတာ သူတို့အပေါ် မူတည်ပါတယ်၊ လက်ရှိက တော့ သူတို့ရဲ့ ဆောင်ရွက်ချက်ပေါ့၊ စည်းမျဉ်း စည်းကမ်းတွေ ထုတ်ထားတာ ကို ဘယ်လောက်အထိ လိုက်နာလဲ ဘယ်လိုဆောင်ရွက်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်”ဟု ဝန်ကြီး ဦးဖြိုးဝင်း ထွန်းက ပြောသည်။

ပြည်သူလူထု လက်မခံသည့် မည်သည့်စီမံကိန်းမဆို ပြည်သူရှေ့က ရပ်တည်ပြီး မားမားမတ်မတ် ရပ်တည် ပြီး ကာကွယ်ပေးသွားမည်ဟု တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြီးခဲ့ သည့် ၂၀၁၆ ခုနှစ် မေလ ၁၂ ရက်က လောင်းလုံးမြို့ ဗထူးခန်းမ၌ တိုင်း အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ရပ် ၊ကျေးအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ဖူးသည်။
“နိုင်ငံအကျိုးစီးပွား၊ လူထုအကျိုး စီးပွားကို ထိခိုက်မယ်ဆိုရင် ခွင့်ပြု ထားတာ ပြန်ရုပ်သိမ်းပိုင်ခွင့် ရှိတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီး မှူး ဒေါက်တာထွန်းထွန်းက ပြောသည်။

လက်ရှိအချိန်တွင် ငွေကျပ်သန်း ၆ ထောင် (သို့မဟုတ်)အမေရိကန် ဒေါ်လာ ၅ သန်းအထိ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို ခွင့်ပြုပေးနိုင်သည့် တိုင်းဒေသကြီး ရင်းနှီးမြု§ပ်နှံမှု ကော်မတီ (RIC)ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ရက်နေ့တွင် စတင်ဖွဲ့စည်း ထားသည်။
ယင်းငွေပမာဏထက် ကျော်လွန် ပြီး ရင်းနှီးမြှုပ်နှံမည်ဆိုပါက မြန်မာ နိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်ထံလျှောက် ထားရသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လအထိ စာရင်းများအရ တနင်္သာရီတိုင်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသည့်လုပ်ငန်း ၃၈ ခုမှ ရင်းနှီး မြှုပ်နှံမှု ငွေပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင်ကျော် (၂၂၈၆.၃၁၀) ရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန၏ စာရင်းများအရ သိရသည်။