မြိတ်မြို့ ပါရမီဈေး ပျံကျဈေးသည် များအား ပြန်လည်နေရာချထားမည်

0
410

မြိတ်မြို့ပါရမီဈေးရှိ ပျံကျဈေး သည်များအား ပြန်လည်စိစစ်ပြီး နေရာ ချထားပေးမည်ဖြစ်ကြောင်း မြိတ်မြို့ နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
အဆိုပါဈေးတွင် ဆိုင်ခန်းပိုင်ရှင် များက ၎င်းတို့ ဆိုင်ရှေ့ လာရောက် ရောင်းချသည့် ဈေးသည်များထံမှ တစ် ရက်လျှင် ဈေးခုံ နေရာခ ကျပ်၁၅၀၀ ကောက်ခံနေသည့်အတွက် ယင်းသို့ စိ စစ်နေရာချထားပေးရန် စီစဉ်ခြင်းဖြစ် ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

“အဲ့ဒါ တရားမဝင်ဘူး။ တရားမဝင် တဲ့ဟာကို ဒီလိုငှားရမ်းနေတဲ့ အတွက် စိစစ်ပြီး နေရာချပေးမယ်”ဟု အထက်ပါ ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ဆို သည်။ အဆိုပါဈေးတွင် ဆိုင်ခန်း ၂၀၀ ကျော်ရှိပြီး ၂လတစ်ကြိမ်၊ ၆ လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ်စသည့် ပုံစံအမျိုးမျိုး ဖြင့် ငှားရမ်းထားပြီး စည်ပင်သာယာ ရေးအဖွဲ့သို့ တစ်လလျှင် ငွေ ကျပ် ၄၅၀၀ မှ ၅၀၀၀ ခန့် ပေးသွင်းရသည်။

သို့သော် ၎င်းတို့ ဆိုင်ခန်းရှေ့တွင် လာရောက်ရောင်းချနေသော ပျံကျဈေး သည်များထံမှ တစ်ရက်လျှင် ၁၅၀၀ ကျပ် ကောက်ခံနေသည့်မှာ တရားမဝင်သည့် အပြင် တစ်နိုင်တစ်ပိုင် ဈေးသည်များ အတွက် နစ်နာမှုများရှိကြောင်း ဦးမြတ် ကိုကိုက ပြောသည်။
“တစ်ရက်ကို ကျပ် ၁၅၀၀ပေးနေ ရတာလဲ ၂ နှစ်ရှိပြီ။ ဈေးကောက်ခ ၅၀၀ နဲ့ သန့်ရှင်းရေးခ ၁၀၀ ရောဆို ၂၀၀၀ ကျော်ပေးရတယ် အမြတ်ကျန် နည်း တာပေါ့။ စည်ပင်က မနေ့က အဲဒီ၁၅၀၀ ပေးစရာ မလိုဘူးလို့လာ ပြောတယ်။ ပြီးရင်ပေးနေရတဲ့သူတွေ အကုန်လုံးရုံး ကိုလာခဲ့လို့ လာခေါ်တယ်”ဟု ပါရမီ ဈေးတွင် ငါးရောင်းနေသူ မမိဌေးကပြော သည်။

ယင်းကိစ္စအတွက် ပျံကျ ဈေးသည် များနှင့် ဆိုင်ခန်းပိုင်ရှင်များကို စက်တင် ဘာလ ၆ ရက်က စည်ပင်သာယာရေး ကော်မတီရုံးခန်း၌ ခေါ်ယူတွေဆုံညှိနှိုင်း ပေးခဲ့ပြီး ယခုကဲ့သို့ ဈေးရောင်းချသည့် နေရာခ ၁၅၀၀ ကျပ်ကောက်ခံနေသည်မှာ တရားမဝင်သည့်အတွက် ပေးစရာမလို ကြောင်း ဦးမြတ်ကိုကိုက ယင်းအစည်း အဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြန်လည်နေရာချထားရန် ရက်ပိုင်း အတွင်း ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး တစ်လအတွင်းအပြီး နေရာချထားပေး မည်ဟု သိရသည်။
ပါရမီဈေးတွင် ပျံကျဈေးသည် ၁၀၀ ဦးခန့်ရှိကြောင်း ယင်းကော်မတီ ထံမှ သိရသည်။