ပန်းပျိုးလက်သို့

0
695

တချို့စာပေတွေမှာ ဖတ်ရတဲ့ အတိုင်းပါပဲ။
There is nothing more enjoyable to travel a new place. နေရာသစ်တွေကို ခရီးသွားရတာထက် စိတ်ကြည်နူးဖွယ်ရာ မရှိဆိုသလို တခါတလေ ခရီးသွားခြင်းကား အဖိုးတန် လွန်းလှတယ်။

ခရီးသွားခြင်းကား စိတ်ကို လန်း ဆန်း သစ်လွင်စေပါတယ်။ အမြင်သစ် စိတ်သစ်တွေအဖြစ်သို့ ပြောင်းလဲသွား စေတာမျိုးလည်း ရှိမှာပါ။ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) ကိုယ်စားပြု ကော်မ တီ အစည်းအဝေးအတွက် တနင်္သာရီ တိုင်း NNER ကိုယ်စားလှယ်တွေ အနေ နဲ့အတူ ပဲခူးမြို့သို့ ခရီးထွက်ခဲ့ကြ ပါတယ်။ ကိုယ်စားလှယ် တစ်ယောက်ရဲ့ ကိုယ်ပိုင် ကားနဲ့ဆိုတော့ လမ်းခရီးမှာ အေးအေးလူလူ နားနားနေနေ သွားခဲ့ ကြတယ်။ ရှူဖွယ်မဆုံးသော အမိမြေရဲ့ တောတောင် ရေမြေအလှတရားတွေကို ခံစားရင်း အတွေးကမ္ဘာထဲ တဝဲဝဲလည်။

အူကြောင်ကြားလို့ ဆိုချင်ဆို တနင်္သာရီတိုင်းရဲ့ အနာဂတ်ကို အတွေး တွေနဲ့ စိတ်ကူးယဉ်ရင်းပေါ့လေ။
ဒီလိုနဲ့ ခရီးဆက်ရင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲ ရောက်လာ ကြတယ်။ သံဖြူဇရပ်မြိုနယ်ထဲက ရွာလေးတစ်ရွာဖြစ်တဲ့ ဝဲခမိရွာလေးကို ရောက်တော့ အခြေခံပညာကျောင်းရှေ့မှာ အဖြူအစိမ်းကိုယ်စီနဲ့ ဆရာမ ၆ ယောက် လောက်က လမ်းကြုံလိုက်ဖို့ လက်ပြ လိုက်တယ်။ ဒါနဲ့ ကားရပ်ပေးပြီး ဆရာမ ၃ ယောက်ကို ခေါ်တင်လိုက်တယ်။ ကျန်တဲ့ ဆရာမတွေကိုကျတော့ နောက် ကနေ ကပ်ပါလာတဲ့ ကားတစ်စီးပေါ် တက်ခိုင်းလိုက်တယ်။NNERကိုယ်စား လှယ် ၄ ဦးထဲက ကျွန်တော်နဲ့ ဆရာ တစ်ယောက်ကတော့ ကားနောက်ဖုံး အောက်မှာကွေးပြီး လိုက်ခဲ့တယ်။

ဆရာမတွေကို မိတ်ဖွဲ့စကားဆိုရင်း ကျွန်တော်တို့က ပညာရေးစနစ်ပြု ပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) ကိုယ်စားပြုကော်မတီ အစည်းအဝေးသွားမယ်လို့ ပြောလိုက် တော့ ဆရာမတွေက သူတို့ရဲ့ အခက် အခဲတွေကို ရင်ဖွင့်ခဲ့ကြတယ်။
သူတို့က သံဖြူဇရပ်ကနေတစ်ဆင့် ကျိုက္ခမီကို ကားဆက်စီးရမယ်တဲ့။ ကျောင်းနဲ့အိမ် အတော်ဝေးတာပဲ ဆရာမရယ်လို့ ဆိုတော့ ဆရာမတွေက နေ့တိုင်း ကျောင်းမှာ ကလေးတွေကို စာသင်ရတာ စိတ်မဖြောင့်ဘူးလို့ဆိုတယ်။

“နေ့တိုင်း ညနေကျောင်းဆင်းရင် အိမ်ပြန်ဖို့ကိုပဲ တွေးပူနေရတယ်။ ကျောင်းကထားပေးတဲ့ အဆောင်မှာ လာနေဖို့ဆိုရင်လည်း ချက်ပြုတ်စား သောက်ဖို့ကို တွေးနေရပြန်တယ်”တဲ့။
ဒါနဲ့ ကျွန်တော်တို့ကပဲ ဆရာမ တွေကို အားပေးစကားဆိုရင်း NNER ပညာရေးမူဝါဒမှာပါတဲ့ ဆရာဆရာမ အခန်းကဏ္ဍတွေကြောင်း အနည်း အကျဉ်း ရှင်းပြလိုက်ပါတယ်။ ဆရာမ တို့ အားမလျှော့ပါနဲ့၊ တစ်နေ့တော့ အဆင်ပြေသွားမှာပါလို့ နှစ်သိမ့် အား ပေးစကားဆိုတော့ ဆရာမတွေရဲ့ တုံ့ ပြန်မှုက . . .
“ကျွန်မတို့ အားမလျှော့ပါဘူး။ ကျောင်းသားတွေအပေါ်မှာ ထားတဲ့ ကျွန်မတို့ရဲ့ စေတနာဟာ ဘယ်လို အခက်အခဲတွေကြောင့်မှ လျော့မကျ သွားနိုင်ပါဘူး”တဲ့။ ဆရာမလေးတွေဆီက ဖြူစင်လွန်းတဲ့ ရင်တွင်းစကားတွေကို ကြားလိုက်ရတော့ ပီတိဖြစ်ရတယ်။ ဪ . .ဒါကြောင့် ဆရာမတွေကို ကရုဏာရှင်မလေး မေတ္တာရှင်မလေး မီးအိမ်ရှင်မလေးတွေရယ်လို့ စာဆို တွေက တင်စားခေါ်ဝေါ်ကြတာ နေမှာ ပေါ့။

ဒီလိုနဲ့ပဲ မြန်မာ့ပညာရေး ခရီးရှည် ကြီးအကြောင်းတွေးရင်း ပဲခူးမြို့ကို ညဘက် ၁၂နာရီလောက်မှာ ရောက်သွား တယ်။ အစည်းအဝေးလုပ်တဲ့ နေရာက ပဲခူးမြို့ပေါ်နဲ့ ၇မိုင်လောက်ဝေးတဲ့ ကျောက်တန်းစံပြကျေးရွာက ပန်းပျိုး လက် (ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်း)မှာပါ။ ပန်းပျိုးလက် ကို ပညာရေးသိုင်းဝန်းက လူတော်တော် များများ သိကြပါတယ်။ ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှု သပိတ်တုန်းက တစ် ခေါက်ရောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ပန်းပျိုးလက်နဲ့ ပတ် သက်ပြီး သေချာ မလေ့လာဖြစ်ပါဘူး။

အခုတစ်ခါရောက်တော့မှပဲ သေချာ လေ့လာ ဖြစ်တယ်။ ကျောင်းခြံဝန်းက ကျယ်ပြီး သစ်ရိပ် ဝါးရိပ်တွေ အုပ်ဆိုင်း လို့ အရိပ်အာဝါသ ကောင်းလွန်းလှပါ တယ်။ သန့်ရှင်းသန့်ရပ်မှု ဆိုရင်လည်း စံထားလောက်ပါရဲ့။ သစ်ပင်တွေ အုပ်ဆိုင်းနေပေမဲ့ သစ်ရွက်ခြောက်တို့ ရှာလို့ဖွေလို့ မတွေ့အောင်ပင် သန့်ရှင်း လွန်းလှတယ်။ ကျောင်းဝင်းထဲ ရောက် သွားတာနဲ့တင် ခရီးမောလာတာတွေ တောင် ဘယ်ရောက်လို့ ဘယ်ပျောက် သွားလဲ မသိဘူး။ စိတ်ရောကိုယ်ပါ လန်းဆန်းသွားရဲ့။

ကျောင်းအုပ်ဆရာတော်ကြီးရဲ့ ပြောကြားချက်အရ ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေး ပရဟိတ ကျောင်းအနေနဲ့ မရှိနွမ်းပါးသော ကလေးသူငယ် ၄၀၀ ကျော်ကို ပညာ သင်ကြားပေးနေတယ်။ ကျောက်တန်း စံပြကျေးရွာနဲ့ အနီးပတ်ဝန်းကျင်က ဆယ်တန်းအောင်နဲ့ ဘွဲ့ရလူငယ်တွေကို ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ဘာသာရေးနဲ့ လူငယ်ဖွံ့ဖြိုးမှုသင်တန်းများ သင်ကြား ပေးနေတယ်။ စိတ်ထားဖြူစင် သွေး လှူရှင်အသင်း၊ စာနာသူ နာရေးကူညီမှု အသင်းတွေ ဖွဲ့စည်းထားတယ်လို့ သိရ တယ်။ ပြီးတော့ မီးသင်္ဂြိုဟ်စက် တည် ဆောက်ပြီး ဈာပနကိစ္စတွေကို ဆောင် ရွက်ပေးတယ်။

ကျေးလက်လမ်းမဖောက်လုပ် ပြုပြင်ထိန်းသိမ်းတာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းစနစ်တွေနဲ့ပတ် သက်တာကို သင်ကြားပို့ချတာတွေ ပြီးတော့ ၃၅ ဧကကို ရုက္ခဗေဒနှင့် ငြိမ်းချမ်းရေးဥယျာဉ် တည်ဆောက် ထိန်းသိမ်းနေတာတွေ၊ သစ်တောဧက ၁၀၀ အပြင် ၁၀ ဧကကို ဝါးဥယျာဉ် စီမံကိန်းစတင် ဆောင်ရွက်နေတယ်လို့ သိလိုက်ရတယ်။

အစည်းအဝေး ခဏနားတဲ့ အချိန် မျိုးဆို ကျောင်းဝင်းထဲ နေရာအနှံ့ လျှောက်ကြည့်ဖြစ်တယ်။
ကျောင်းဝန်းတစ်ခုလုံးက ပန်းပု လက်ရာ ပန်းပုရုပ်ထုတွေ အပြည့်ပါပဲ။ ပန်းပုဆရာတွေကလည်း နေ့တိုင်း အလိုလို မနားတမ်း ထုဆင့်နေကြတာ တွေ့ရတယ်။ တောင်ထန်းရွက်အမိုးနဲ့ ခင်းကျင်းပြသထားတဲ့ ယမင်းရုပ်၊ လောကနတ်ရုပ်၊ ဧည့်ကြိုမလေးရုပ်၊ ကိန္နရီ ကိန္နရာမောင်နှံ၊ တိရိစ္ဆာန်ရုပ်စုံ အစတဲ့ ပန်းပုရုပ်လေးတွေက လက်ရာ မြောက်လွန်းတော့ စိတ်မျက်စိပင် ချမ်းသာဖွယ်ရာ။ နောက်သစ်လုံး စားပွဲ ကြီးပေါ်မှာ ပြသထားတဲ့ ဗိုလ်ချူပ် အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ထုတွေကလည်း အသက်ဝင်လှတယ်။

အသိပညာပေးအနေနဲ့ သစ်သား ဝိုင်းတွေပေါ်မှာ ရေးသားထားတာက “အဆင့်အတန်းရှိသူတိုင်း အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြသည်”
စိတ်ဝင်စားစရာတစ်ခုက ပန်းပျိုး လက် စန္ဒီလင်းစာကြည့်တိုက်ပါ။ စာအုပ် စာပေတွေ အမြောက်အမြား စနစ်တကျ စီတန်းထားပုံက ဖတ်ရှုဖွယ်ရာ။ စာကြည့် တိုက်ရဲ့ နံရံတွေပေါ်မှာ သစ်သား ဘုတ်ကြီးကြီးနဲ့ ချိတ်ဆွဲထားတဲ့ အဆုံး အမတွေ အဆိုအမိန့်တွေကလည်း အဖိုးတန်လွန်းပါတယ်။ အဲဒီအဆိုအမိန့် တွေ အဆုံးအမတွေကထဲမှ တစ်ခုက ဆရာကြီး အောင်သင်းရဲ့ “လူခါးတောင်း ကျိုက်ရင် ကူလီပဲ ဖြစ်မယ်၊ ဦးနှောက် ခါးတောင်းကျိုက်မှ ခေါင်းဆောင် ဖြစ်တယ်”ဆိုတာပါ။ နောက် Dale Carnegie ရဲ့ “လမ်းမကြီး မဖြစ်နိုင် ရင်လည်း လမ်းသွယ်လေးတော့ ဖြစ်ပါ စေ၊ နေမင်းကြီး မဖြစ်နိုင်ရင်လည်း ကြယ်လေးတစ်ပွင့်တော့ ဖြစ်ပါစေ။ ရှူံးတာနိုင်တာ အရွယ်အစားက ပဓာန မဟုတ်ပါ မင်းဘာပဲဖြစ်ဖြစ် အကောင်း ဆုံးသာ ဖြစ်ပါစေ။”

ပြီးတော့ ကဗျာဆရာကြီး တဂိုးရဲ့ ကဗျာစာသားက “နေမင်းကြီးနှင့်လွဲ၍ သင်ငိုနေလျှင် ကြယ်တာရာတွေနှင့်လည်း သင်လွဲရ ပေဦးမည်။”
အင်္ဂလိပ်လူမျိုး စာရေးဆရာကြီး ဆင်မျူရယ် ဂျွန်ဆင်ရဲ့ အဆိုအမိန့်က “အကယ်၍ သင်သည် စုပေါင်း ဆောင် ရွက်မှုကို မယုံကြည်ဟုဆိုပါက ဘီး တစ်ဘီး ကျွတ်သွားသော လှည်းတစ်စီး မည်သို့ဖြစ်သွားမည်ကို ကြည့်လိုက်ပါ”
ပြီးတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ “ပိုးစုန်းကြူးသည် အလင်းရောင်သေး သော်လည်း ကိုယ်ပိုင်အရောင် ဖြစ် သဖြင့် အချိန်မရွေး တောက်ပနိုင်သည်။ လမှာကား အရောင်ပင် ကြီးသော်လည်း အရောင်ငှားဖြစ်၍ ဆန်းရ ဆုတ်ရ ကွယ်ရ နှင့်ရှိ၏။”

ဆရာကောင်းသန့်ရဲ့ “ကံငါးပါး လုံခြုံလို့ သီလစင်ကြယ်ပြီး မေတ္တာတရား ပွားများနေတဲ့ ပုဂ္ဂိုလ်ဟာ ခရေပန်း လေးတွေလိုပဲ နေလည်းမွှေး သေလည်း မွှေးနေမှာပါ”ဆိုသည့် စကား။
ဆရာကြီး လူထုစိန်ဝင်းရဲ့ လူငယ် တွေနဲ့ပတ်သက်တဲ့ အဆိုအမိန့်က “Fly Fly Up to the Skyလူငယ်ဆိုတာ ရည်မှန်းချက် မြင့်မြင့်မားမားထားရတယ် အိပ်မက်တွေလည်း များများ မက်ရတယ်၊ မက်တော့မက်ချင်တာပေါ့ ဒါပေမဲ့ ဒါပေမဲ့ဆိုတဲ့ မဆုံးနိုင်တဲ့ ဒါပေမဲ့တွေနဲ့ တင် တန့်နေကြတော့သည်၊ တန့်တာက ကိစ္စမရှိဘူး၊ တန့်ရာကနေ တုံးသွားလေ့ ရှိတာကတော့ ကိစ္စရှိတယ်၊ ခပ်တုံးတုံး လူငယ်တွေများနေတဲ့ နိုင်ငံ တစ်နိုင်ငံဟာ ဘယ်လိုမှ မကြီးပွား မတိုးတက်နိုင်ဘူး၊ အခြေအနေ မပေးလို့ အခွင့်အလမ်း မရှိလို့ဆိုပြီး သိုးငယ်ကလေးတွေလို လည်စင်းခံမနေကြဘဲ အခြေအနေကို ကိုယ့်စိတ်ကြိုက် ကေသရာဇာ ခြင်္သေ့ မင်းကဲ့သို့ ရဲရဲကြီးဖန်တီး ယူကြဖို့လို တယ်။”ဆိုတာပဲ ဖြစ်တယ်။

နောက်တစ်ပုဒ်က ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမေ့စကားပဲ ဖြစ်တယ်။ “အမေ့စကား- ဘယ်လောက်ပဲပညာတတ် ဘယ်လောက်ပဲ ပစ္စည်းဥစ္စာချမ်းသာ ချမ်းသာ ကိုယ့်ပတ်ဝန်းကျင်အတွက် ကိုယ့်နိုင်ငံအတွက် မစဉ်းစားဘဲ ကိုယ့် အကျိုး ကိုယ့်တစ်ယောက်တည်းအတွက် ပဲ စဉ်းစားတဲ့လူမျိုးဆိုတာ အင်မတန် တန်ဖိုးမဲ့တဲ့ လူမျိုးလို့ မြင်ပါတယ်၊ စာဖတ်ကြပါ၊ စာဖတ်ခြင်းဆိုတာ ကမ္ဘာ ကြီးကို ဆက်သွယ်နိုင်တဲ့ အလွယ်ကူဆုံး မျက်လုံးတစ်စုံပါပဲ၊ ခေါင်းဆိုတာ ညိတ် ဖို့မဟုတ်ဘူး စဉ်းစားဖို့ပါ၊ အမှန်လုပ်တာ အမှား လုပ်တာထက် ခက်ခဲပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မှန်သူကသာ အောင် မြင်ရမှာပါ၊ ဂုဏ်သိက္ခာဆိုတာ ပိုက်ဆံမဟုတ်ဘူးလို့ ကလေးတွေ ကောင်းကောင်း သဘောပေါက်ရမယ်။”

နောက်တစ်ခုက ဆရာကြီး လယ် တွင်းသား စောချစ်ရဲ့ ” နေလို တောက်ပ တုန်းက မမောက်မာခဲ့ရင် ပန်းလိုခြောက် သွေ့သော်လည်း ကြောက်စရာမရှိပါ”ဆိုသည့် ကဗျာဆန်ဆန် အဆိုအမိန့်ပါ။
ထပ်ပြီးတွေ့လိုက်ရတာက ကျွန်တော် အကြွင်းမဲ့ ယုံကြည်တဲ့ မာတင်လူသား ကင်းရဲ့ အဆိုအမိန့်နဲ့ ခပ်ဆင်ဆင် အဲဘတ်အိုင်းစတိုင်းရဲ့ အဆိုအမိန့်ပဲ ဖြစ်တယ်။ “ကမ္ဘာကြီးက မကောင်းတာ လုပ်သူတွေကြောင့် ပျက်စီးသွားမှာ မဟုတ်ဘူး၊ မကောင်းတာလုပ်နေတာ မြင်လျက်နဲ့ လက်ပိုက် ကြည့်နေသူတွေ ကြောင့်သာ ပျက်စီးမှာပါ”။

ပြီးတော့ ဆရာကြီး ပီမိုးနင်းရဲ့ “ကျန်းမာသူဖြစ်လျက် အလုပ်တစ်စုံ တစ်ရာမှ မလုပ်ကိုင်ဘဲ လူ့ဘ၀မှာ မနေနိုင် မနေအပ် နေခွင့်မရှိ လူပိုတစ် ယောက်ဖြစ်ခြင်းဟာ ဂုဏ်ကျက်သရေ မရှိ။”ဆိုတာပါ။
အိန္ဒိယ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီရဲ့ အဆုံးအမတစ်ခုကတော့ “အမြဲထာဝရ နေရမယ်လို့ သဘော ထားပြီး သင်ယူ လေ့လာပါ၊ နောက်နေ့ တွင် သေရတော့ မယ်လို့ သဘောထားပြီး အသက်ရှင် နေထိုင်ပါ” ဖြစ်ပါတယ်။

စာကြည့်တိုက်ထဲက ဆရာတော် ဘုရားကြီးတွေရဲ့ ဆုံးမစကားတွေ ကလည်း ကြည်ညိုစဖွယ်ကောင်းလှ ပါတယ်။ “ဆရာတော် ဦးဇောတိ – သူ တစ်ပါး အမှားတစ်ခုခု ချို့ယွင်းချက် တစ်ခုခု တွေ့တဲ့အခါ ကိုယ်မျက်မှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထား ပါ။
သီတဂူ ဆရာတော်ဘုရားကြီး၏ အဆုံးအမကတော့ဖြင့် “ဗုဒ္ဓက သင်တို့ တောင်းဆိုတာတွေကို ငါဘုရားပေး မယ်လို့ ဘယ်တော့မှ ဘယ်တုန်းကမှ တာဝန်မခံပါဘူး။ အသနားခံခြင်း ဆုတောင်းခြင်းတွေမှတစ်ပါး မိမိဘ၀ ဖြူစင်သန့်ရှင်းရေး အသိဥာဏ် ပွင့်လင်း ရေး၊ ဒုက္ခမှ လွတ်မြောက်ရေး တို့အတွက် သိက္ခာသုံးပါး ( သီလ၊ သမာဓိ၊ ပညာ) ကျင့်သုံးဖို့သာ ဗုဒ္ဓသည် ညွှန်ပြတော် မူသည်။”လို့ ဆိုထားပါတယ်။

နောက်ဆုံးတစ်ခုက ပန်းပျိုးလက် ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်ပညောဘာသရဲ့ ဩဝါဒတော် ဖြစ်ပါတယ်။
“လူတစ်ယောက်ရဲ့တန်ဖိုးကို တိုင်း တာတဲ့နေရာမှာ အများအကျိုး ဘယ် လောက် ဆောင်ရွက်နိုင်သလဲဆိုတဲ့ လောကတ္ထစရိယ ပေတံနဲ့ တိုင်းတာခြင်း ဟာ မြတ်ဗုဒ္ဓ၏ စံနှုန်းနဲ့ တိုင်းတာခြင်း ဖြစ်တယ်၊ လူတစ်ယောက် အသက်ရှည်ဖို့ ကျမ်းမာဖို့ လိုအပ်သလို အဲဒီလူမသေခင် လောက(လူသား)ကောင်းကျိုး ဘာလုပ် သွားသလဲဆိုတာ အရေးကြီးလှပါတယ်။”

ဒီလိုနဲ့ စာကြည့်တိုက်ထဲက စာအုပ် တွေ အဆိုအမိန့်တွေ အဆုံးအမတွေ ဩဝါဒတွေကြားမှာ တွေးတော ငေးမော ရာကနေ စာကြည့်တိုက်မှူးကို နှုတ် ဆက်ပြီး ထွက်လာခဲ့တယ်။