မိသားစု ဟန်ချက်များ

0
570

စာမလိုက်နိုင်၊ ကျောင်းမတက်လို တော့သည့် ကျောင်းသားအား မိဘဖြစ်သူ က ကျောင်းတက်ရန် ဖိအားပေးသဖြင့် မြက်သတ်ဆေးသောက် ဆေးရုံရောက် လာသော ကလေးများ..။
ဘော်ဒါမှာ မနေလိုတော့သဖြင့် ကျောင်းနားချင်ကြောင်း ပြောသော်လည်း မိဘက မာန်မဲဆူဆဲသဖြင့် တက်ချက်ပြီး ဆေးရုံသို့ အရေးပေါ်ရောက်လာသော ကလေးများ။

ထိုကလေးများကို တွေ့တိုင်း ရုပ် ပိုင်းဆိုင်ရာ ဆေးကုသမှုတင်မက စိတ် ပိုင်းဆိုင်ရာအတွက်ပါ တတ်နိုင်သမျှ အားပေးကုသ ပေးရစမြဲ..။
ဘ၀တွင် ကောင်းမွန်စွာ ရှင်သန်နေ ထိုင်တတ်သည့် သားသမီးများ ဖြစ်လာ ဖို့ ရာမိဘများ၏ ပဲ့ပြင်ဆုံးမမှုက အရေး ပါလှပါသည်။ ထိုသို့ ဆုံးမရန်မှာလည်း ကလေးများ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုး မှုဇီဝကမ္မဖြစ်စဉ်အရ အသက်အရွယ်အလိုက် တိုးတက်ဖြစ်ထွန်းလာသော အတွေးစိတ်ကူးစိတ်သန်းများကို သိနား လည်ရေး လိုအပ်သည်က အမှန်။

ပစ္စက္ခလောကသည် အဟုန်ဖြင့်တိုး တက်ပြောင်းလဲနေသော ခေတ်တစ်ခေတ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိအား များကြားတွင် ရှင်သန်နေထိုင်နိုင်ကြဖို့ ကြိုးစားကြ၊ ရုန်းကန်နေကြရသည်။ ကျွန်တော်တို့အတွက် အချိန်က အတိုင်း အတာ၊ အကန့်အသတ်နှင့် ဖြစ်လာ သည်။
နေ့နှင့်ညဇယ်ဆက်သလို လည်ပတ် ရုန်းကန်နေကြရသည့်အခါ မိသားစုအတွက် အချိန်ပေးရန် ယခင်ကာလများ ထက် ခက်ခဲလာသည်။

တစ်နေ့တစ်နေ့ မိသားစုလက်ဆုံ ထမင်းစားဖြစ်ကြဖို့ မဆိုနှင့်၊ မျက်နှာ ချင်းပင် မဆိုင်မိသည့်အချိန်များ လာကြ လေသောအခါ မိသားစု ဘ၀ဟူသည်ကို ကျွန်တော်တို့တွေ ပြန်သုံးသပ်လာရ သည်။
မိသားစုဘ၀၏ အနှစ်သာရ၊ အ သက်ဓာတ်ဟူသည်ကို မေးခွန်းထုတ်လာ ရသည်။

မိဘတို့ ရုန်းကန်ကြရသည်က နေ့မအား ညမနား။ ထိုသို့ရုန်းပါမှ ဝမ်းဝရုံ၊ ခါးလှရုံ အနေအထားတစ်ခုတွင် သား သမီးများ၏ ပညာရေးကလည်း မိဘ တိုင်းအတွက် ဦးစားပေးအကြောင်း အရာ တစ်ရပ်။
ကိုယ့်သားသမီး ပညာရေးအတွက် အပြင် ဝမ်းရေး၊ လူတန်းစေ့ရေးအတွက် ရုန်းကန်နေရလေသောအခါ မိသားစု အတွက်ကောင်းစွာ အချိန်မပေးနိုင်၊ ပဲ့ပြင် ဆုံးမရန်လည်း အချိန်မပေးနိုင်သော အခါ မိဘနှင့်သားသမီး ဆက်ဆံရေးမှာ ကြာလေဝေးလေ ဖြစ်လာရသည်။

ထိုအခါ ကလေးတချို့က “အကွပ် မရှိသည့် ကြမ်းပရမ်းပတာ”ဆိုသကဲ့သို့ ဖြစ်လာကြရသည်။
အချို့ မိဘများက ကိုယ့်သားသမီး များကို တစ်နှစ်အတွက် ငွေသိန်းဆယ်ချီ အကုန်ကျခံကာ ဘော်ဒါထားကြသေး သည်။
အကြောင်းများစွာ ရှိပါမည်။ သို့ သော် ကျွန်တော် သဘောမတွေ့ပါ။

အခြားကြောင့် မဟုတ်။ မိဘသည် သားသမီး၏ အားသာချက်၊ အားနည်း ချက်ကို ငယ်စဉ်ကတည်းက သိဖို့လိုအပ် ပါသည်။ မိမိသားသမီးသည် ဘယ်အရာ တွင် ကျွမ်းကျင်ကာ ဘယ်အရာမှာ အား နည်းသည်ကိုသိဖို့ လိုအပ်ပါသည်။
အထူးသဖြင့် အပြောင်းအလဲမြန်ဆန်သည့် ဆယ်ကျော်သက်အရွယ်တွင် ပိုလိုအပ် သည်။ ငယ်နုသောအချိန် အိုးကိုပုံသွင်း သလို စနစ်တကျဆိုဆုံးမရန် မပျက်ကွက် စေလိုသောကြောင့် ဖြစ်သည်။

မိဘထံမှရသည့် နွေးထွေးမှု၊ မေတ္တာ၊ သွန်သင်မှုသည် အလေးနက်ဆုံး ဖြစ် သည်။
တစ်ချိန်တည်းတွင် ထိန်းကျောင်းမှု နည်းမှန်လမ်းမှန် ဖြစ်ဖို့လည်း လိုအပ်လှ သည်။
လောကတွင် အရာအားလုံးသည် တစ်မျိုးတည်း တစ်တန်းတည်း မဖြစ်နိုင် ဟူသည့် သဘောသဘာဝကိုသိပြီး လက်ခံ နားလည်နိုင်ဖို့လည်း လိုအပ်လှပါသည်။
မိမိသားသမီး အဆင့်(၁) ချိတ်ရေး၊ ဆရာဝန် ဖြစ်ရေး၊ အင်ဂျင်နီယာဖြစ်ရေး ဟူသော၊ ငါ ငါတည်းဟူသော မျှော်မှန်း ချက်တို့အား ကိုယ့်သားသမီးတို့အပေါ် အတင်း ဖိအားမပေးအပ်၊ မသွတ်သွင်း အပ်။

စာတတ်မြောက်ရန် မျှော်လင့်သကဲ့ သို့ တွေးတတ်ခေါ်တတ် မြော်မြင်တတ် သော လူသား၊ တန်ဖိုးရှိသော လူသား တစ်ယောက် ဖြစ်လာရန်လည်း မျှော် လင့်အပ်ပါ၏။
ကျွန်တော့်အဖေ ကျွန်တော်တို့ငယ် စဉ်ကတည်းက ပဲ့ပြင်ခဲ့သည်ကို ပြန်တွေး တောမိသည်။
ထိုစဉ်က ရပ်ကွက်ထဲရှိ ရေတွင်းသို့ ရေချိုးဆင်းသည့်အခါ အဖေက ရေတွင်း ဘေးရှိ ခြေတံရှည်အိမ်များ၏ အိမ်ခြေကို ရေတွက်ရင်း ဂဏန်းသင်္ချာကို သင်ပေးခဲ့ သည်။ ကတ်ကြေးကိုက်ဆိုင် ခေါ်သွား ရင်းက တူကိုင်နည်းသင်ပေးသလို သွား ကြားထိုးတံလေးများ ရေတွက်ရင်းလည်း ဂဏန်းသင်္ချာသင်ပေးခဲ့သည်။ လေးနှစ် အရွယ်ကတည်းက မူလတန်းဖတ်စာအုပ် ကို အိပ်ရာဝင်တိုင်း အဖေဖတ်ပြီး သင် ပေးခဲ့သည်။

အဖေသည် ကျွန်တော့်ဘ၀ရဲ့ လက် ဦးဆရာပီခဲ့ပါသည်။
အဖေညနေတိုင်း ကျွန်တော်တို့မိ သားစုထမင်းဝိုင်းကို အလေးထားသည်။ မနက်မှစ တစ်နေကုန် အဖေကအလုပ် သွား၊ ကျွန်တော်တို့တွေက ကျောင်းတက်၊ အလုပ်မည်မျှရှုပ်ရှုပ် ညနေမိသားစု ထမင်းဝိုင်းကို အဖေမပျက်မကွက်တတ်။

မိသားစုလက်ဆုံ စားကြရင်းက ဆို ဆုံးမစကားများ ကျွန်တော်တို့ မှတ်သား နာယူကြရသည်။ အဖေ့ဆုံးမပုံက ဒေါသ မပါတတ်။
ကျွန်တော်တို့ အမှားလုပ်မိသည့် အခါ ယင်းအမှားအတွက် ဆုံးမသည်။ ဒေါသဖြင့် ဆုံးမခြင်းမျိုး မဟုတ်။ ရယ် ရယ်မောမောပဲ ရိုက်လို့ ဆုံးမတတ်သည်။ ရိုက်သောအခါလည်း အုန်းညွှန့်ပန်းသီ တုတ်လေးများကို စည်းနှောင်ကာ တင် ပါးကို ရိုက်သည်။ မလုပ်သင့်သည်များ မလုပ်မိအောင်၊ မလုပ်အောင် စိတ်ထဲ စွဲသွားစေခြင်းမျိုး ဖြစ်သည်။

ရှစ်တန်းနှစ်မှစ အဖေရိုက်နှက်မဆုံးမတော့။ အပြောနှင့်သာ အဖေဆုံးမ တော့သည်။ထို့အတူ အဖေရောအမေပါ သူတို့ ဖြစ်စေချင်သည်ကို အတင်းအကြပ် ဖိ အားမပေးတတ်ခဲ့ပါ။
လောကတွင် ဆရာဝန် ၊ အင်ဂျင်နီ ယာဖြစ်ပါမှ လူဖြစ်သည်မဟုတ် ကြောင်း တွေးဆမျှော်မြင်လျက်၊ မိမိသားသမီးအား နားလည်မှုရှိရှိ ပဲ့ပြင်ဆုံးမလျက် တန်ဖိုး ရှိသော သားကောင်းသမီးမွန်များ ဖြစ် လာအောင်သာလျှင် မိဘက လက်ဦး ဆရာမည်စွာ ဆုံးမပဲ့ပြင်ဖို့ရာ အရေးပါ ပါ၏။

မိဘက အလုပ်ကိုသာ လုပ်လျက် မိမိသားသမီးအား ပစ်ပယ်ထားပြီးပါမှ တပါးသူလက်ထဲ ငွေသိန်းပေါင်းများစွာ အကုန်ခံအပ်နှံသော မိဘများမြင်လေ တိုင်း စိတ်မကောင်းမိပါ။ ရလဒ်ကောင်း များလည်း များများ မတွေ့ဖူးပါ။
မိမိသားသမီးအတွက် ငွေကုန်ကြေး ကျခံလျက် တာဝန်ကျေပြီဟု ယူဆကာ ခပ်ကြွားကြွား ပြောလေသမျှ မိဘတို့ရဲ့ ငိုကြွေးသံယူကြုံးမရသံကို စာသင်နှစ် အကုန်မှာ ကြားရတတ်တာ များပါသည်။

အောင်စာရင်းထွက်မှ ဆွဲကြိုးချသေ ရှာသော ဇာတ်လမ်းများ၊ တက်ကျိုးက လက်ထိုးလှော်သလို အောင်စာရင်း
မထွက်ခင် လင်နောက်လိုက်ပြေးကြသော ဇာတ်လမ်းများ၊ မိဝေးဖဝေးတွင် မိဘ လက်ကလွတ်ချိန် ပျက်ချင်တိုင်းပျက် ကြသော အချို့စည်းကမ်းလျော့ရဲသော ဘော်ဒါဆောင် ကျောင်သူကျောင်းသား များ၏ ဇာတ်လမ်းများ၊ စည်းကမ်းကြီးလှ သဖြင့် နေမပျော်နိုင်သောကြောင့် ထွက် ပေါက်အဖြစ်ရှာရင်း အသက်ပါပေးသွား သော အဖြစ်ဆိုးများ ကျွန်တော်တို့အမြဲ မြင်ကြရ၊ ကြားကြရပါသည်။

မိဘက သားသမီးအပေါ် မျှော်လင့် ချက် ပုံအောထားလေသမျှ သားသမီးများ က မလိုက်နိုင်သည့်အခါ စိတ်ပိုင်းဆိုင်ရာ ရောဂါဆန်ဆန်ဖြင့် ကျွန်တော်တို့ (ဆေး ရုံဆေးခန်းများသို့) ဆီရောက် လာကြ တတ်သကဲ့သို့ ကိုယ့်ကိုကိုယ်သတ်သေ ရန် ကြိုးစားရင်း ရောက်လာကြတတ် သည်လည်း တွေ့ရတတ်ပါသည်။
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက် များကြောင့် တက်သလို ချက်သလိုရောက် လာလေသော ကလေးများကို တွေ့တိုင်း ကျွန်တော်အချိန်ပေးကာ ဆေးဝါးကုသမှု သာမက မိဘကိုရော၊ သားသမီးမှာပါ ရှိနေတတ်လေသော ပြဿနာအစိုင်အခဲ များကိုလည်း ပြန်လည်ချေဖျက်ပေးဖို့ ကြိုးစားရပါသည်။

မိဘကိုလည်းကောင်း၊ သားသမီးကို လည်းကောင်း သီးခြားစီတွေ့ပြီး ဖြေရှင်း ပေးတတ်ရုံမက နှစ်ယောက်လုံးနှင့်လည်း တစ်ကြိမ်ပြန်လို့ အချိန်ပေးကာ ပြောပြဆို ပြ ဖြစ်တတ်ပါသည်။
အချိန်ဆိုတာပေးနိုင်ဖို့ မလွယ်သည့် သည်ဖက်ခေတ်မှာ ကျွန်တော်တို့ တတွေ မိသားစုအတွက် ပေးနိုင်သော အချိန်မရ ကြ။
မိဘသည် မိဘအလျောက်၊ သား သမီးသည်လည်း သားသမီးအလျောက် ဖိအားများနှင့် ရုန်းကြကန်နေကြရသည့် သည်ခေတ် အနေအထားကို နားလည် သဘောပေါက်ပါသည်။

သို့သော်..၊ လူ့ဝန်းကျင်တစ်ရပ် လုံး၏အစဖြစ်သော မိသားစုစိတ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးမှုအတွက် အတိုင်းအတာ တစ်ရပ်အတွင်းမိသားစုကို တတ်အား သမျှ အချိန်ပေးကြဖို့ လိုအပ်ပါသည်။ မိဘ၊ သားသမီး၊ မိသားစုနှင့် စိတ်ပိုင်း ဆိုင်ရာ ဖိစီးမှုများသည် သည်ဖက်ခေတ် တွင် အလေးပေး သတိထားကြရမည့် ကိစ္စ ဖြစ်လာပါပြီ။

ထို့အတူ..၊ မိဘများ၏ မျှော်လင့် ချက်များက သားသမီးများအတွက် ဝန် ထုပ်ဝန်ပိုးမဖြစ်ရေး သတိချပ်သင့်ပါ သည်။ မိမိသားသမီးများကို ငယ်နုစဉ်က တည်းက ဆိုဆုံးမပဲ့ပြင်ထားပါမှ ကြီးလာ သည့်အခါ အတွေးအမြင် မှန်သော၊ လောကနှင့်အံဝင်သော သားကောင်းသမီး မွန်များ ဖြစ်လာပါမည်။
အောင်မြင်သော ကျောင်းသားတိုင်း သည် ယခင်အခြေခံကောင်းဖြင့်သာလျှင် ထွန်းပေါက်လာကြသူက များပါသည်။

မိဘနှင့်သားသမီး အပြန်အလှန် ချစ်ခြင်းမေတ္တာဖြင့် ထုံလွှမ်းသော မြန်မာ့ လူ့အဖွဲ့အစည်း၏ အလေ့အထကို ဆက် လို့ထိန်းသိမ်းလျက်သာ အပြန်အလှန် အလေးထားသော ချစ်သောစိတ်၊ မေတ္တာ တို့ဖြင့် မြန်မာ့လူ့ဘောင်ကို တည်ဆောက် နိုင်ကြပါစေသတည်း။
ကို၇ိုးဆေး