ပြည်သူအခြေပြု ကွန်ရက်ဖွဲ့မည်ဟု တိုင်းရဲမှူးကြီးဆို

0
372

မူးယစ်ဆေး၊ လောင်းကစား၊ ဘင်္ဂလီ ခိုးဝင်မှုစသည့် ကိစ္စရပ်များရပ်ကွက်အတွင်းဖြစ်ပေါ်ပါက ချက်ချင်းထိန်းချုပ်နိုင်ရန် ရပ်ရွာနေ ပြည်သူအခြေပြုကွန်ရက်များကို တိုင်းအတွင်း ဖွဲ့စည်းသွားမည်ဟု တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြောကြားသည်။တိုင်းအတွင်း မြို့နယ် ၁၀ ခုရှိ အဓိကမြို့ကြီးများတွင် ဦးစားပေးဖွဲ့စည်း
သွားမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ရဲတပ်ဖွဲ့အငြိမ်းစားများ၊ပရဟိတ စိတ်ဝင်စားသူများ စသည်တို့ဖြင့်ဩဂုတ်လ ၂၇ ရက်နေ့ နောက်ဆုံး
ထား ဖွဲစည်းထားမည်ဖြစ်ကြောင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကပြောသည်။

မြို့ကြီးများရှိ မှုခင်းဖြစ်ပွားမှုများပြားသည့် ရပ်ကွက်များတွင် အခြေပြုလှုပ်ရှားသွားမည်ဖြစ်ပြီး မှုခင်းပညာပေးစည်းရုံးခြင်း၊ ဟောပြောခြင်း၊ မှုခင်းဖြစ်ပွားပါက ချက်ချင်းဖမ်းဆီး နိုင်စေရန်ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။

“ရပ်ကွက်တွေမှာ တရားဥပဒေစိုးမိုးဖို့ဆိုရင်ပြည်သူနဲ့ပူးပေါင်းမှ အောင်မြင်နိုင်မယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။ရဲတပ်ဖွဲ့အနေဖြင့် သတင်းအချက်အလက် လက်ဦးမှုရယူရန် ယင်းကဲ့သို့ဖွဲ့စည်းခြင်းမှာ ကောင်းမွန်သော်လည်းမသမာမှုများ၊ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရန် သေသေချာချာ ကြပ်မတ်နိုင်ရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် တရားမျှတမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ဝင်
ဦးကျော်ကျော်ဦးက ဆိုသည်။

“ဒီလိုဖွဲ့တာကတော့ ကောင်းပါတယ်၊ မမှန်မကန်နဲ့ အလွဲသုံးစားမှုတွေလုပ်လာရင်တော့ ပြည်သူက လက်ခံမှာမဟုတ်ဘူး”ဟု ဦးကျော်ကျော်ဦးကပြောသည်။
ယခင်ကလည်း ရဲသတင်းပေးများက မှုခင်းကိစ္စရပ်များတွင် မတရားငွေတောင်းခံခြင်း၊ ခြိမ်းခြောက်လုပ်ဆောင်ခြင်းများရှိခဲ့ခြင်းကြောင့် ပြည်သူများအကြား ဝေဖန်မှုရှိခဲ့သည်။

ယင်းကဲ့သို့အားနည်းချက်များ မဖြစ်ပေါ်စေရန် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးများက ကြီးကြပ်သွားမည်ဖြစ်ပြီး ကွန်ရက်တွင် ပါဝင်သူများကိုလည်း သေသေချာချာ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးက ဆိုသည်။ပြည်သူအခြေပြု ကွန်ရက်အဖွဲ့များကို ရန်ကုန်တိုင်းဒေသကြီးတွင် ယမန်နှစ် ဇွန်လကတည်းက စတင်ဖွဲ့စည်းကာ ဆောင်ရွက်နေခဲ့သည်။