ရှင်ဇလွန်စေတီ ထီးတော်အသစ် တင်လှူမည်

0
398

လောင်းလုံးမြို့နယ် မြို့ဟောင်း ကျေးရွာရှိရှင်ကိုးရှင်သမိုင်းဝင် ရှင်ဇလွန် စေတီကို ထီးတော်အသစ် တင်လှူပူဇော် နိုင်ရန် စီစဉ်နေကြောင်း ရှင်ဇလွန်စေတီ ဂေါပကအဖွဲ့ထံမှ သိရသည်။

ရှင်ဇလွန်စေတီတော်တွင် တင်လှူ ပူဇော်ထားသည့် ထီးတော်သည် နှစ် ပေါင်း ၆၅ နှစ်ရှိပြီဖြစ်သောကြောင့် ဟောင်းနွမ်းနေပြီး ခေါင်းလောင်းနှင့် ကြာရွက်များပြည့်စုံမှု မရှိတော့သဖြင့် ထီးတော်အသစ် တင်လှူရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးယုရှိန်က ပြောသည်။

“အောက်ကကြည့်ရင်တော့ မသိ ဘူး ပန်းဆိုင်အစတွေ၊ ခေါင်းလောင်းတွေ ပြုတ်ကျနေတာရှိတယ်”ဟု ဂေါပကအဖွဲ့ ဝင် ဦးအောင်သန်းက ပြောသည်။
ရှင်ကိုးရှင်ဘုရားသည် တိုင်းအစိုး ရက ထိန်းသိမ်းစောင့်ရှောက်ရမည့် ဘုရားများအနက် တစ်ဆူအပါအဝင် ဖြစ်သောကြောင့် နိုင်ငံတော်အခမ်းအနား အဖြစ် ပြုလုပ်ပေးရန် လျှောက်ထား လာပါက တိုင်းအစိုးရထံ တင်ပြပေး မည်ဟု တနင်္သာရီတိုင်း သာသနာရေးမှူး ရုံးမှ ညွှန်းကြားရေးမှူး ဦးရဲနိုင်ဝင်းက ဆိုသည်။

“ထီးတော်အသစ် တင်တာကတော့ လုပ်လို့ရပါတယ် ရွှေတိဂုံစေတီတော်တို့ ဆိုလည်း လုပ်နေတာပဲလေ”ဟု ဦးရဲနိုင် ဝင်းက ပြောသည်။

လက်ရှိတွင် ထီးတော်၊ စိန်ဖူးတော်၊ ငှက်မြက်နားတော်အတွက် အလှူရှင်များ ရှိနေပြီး တင်လှူပူဇော်မည့် အချိန်အပါ အဝင် အသေးစိတ် အစီအစဉ်များကိုမူ မြို့နယ် သံဃနာယက ဆရာတော်များနှင့် အစည်းအဝေး ပြုလုပ်ပြီးမှ သိနိုင်မည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။