ဥယျာဉ်ခြံမြေများ အိမ်ရာအကွက် ရိုက် ရောင်းဝယ်မှု တိုင်းအစိုးရ တားမြစ်

0
490

နှစ်ရှည် ရော်ဘာခြံအပါအဝင် ဥယျာဉ်ခြံမြေများအား အိမ်ရာမြေအဖြင့် အကွက်ရိုက်ရောင်းချ ဝယ်ယူနေမှုများ အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တား မြစ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က ပြောသည်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အတွင်း နေရာနှစ်ခုတွင် ကွင်းဆင်းစစ် ဆေးရာ ရော်ဘာခြံများအား ရှင်းလင်းပြီး အကွက်ရိုက်ထားခြင်း၊ အရောင်းအဝယ် ပြုလုပ်နေသည်များကို စိစစ်တွေ့ရှိခဲ့ရ သဖြင့် ယင်းသို့တားမြစ်ခဲ့ပြီး အကွက် ရိုက်ရောင်းချမှုတွင် ပါဝင်ဆက်နွယ် သူများကို ခေါ်ယူသတိပေးပြီးကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

“အကွက်ရိုက်ရောင်းချခွင့် လုံးဝ မရှိဘူး၊ နောက်ထပ် အိမ်ကွက်ရိုက်ရင် ဥပဒေအရ တရားစွဲဖို့ မှာကြားထား တယ်” ဟု ဝန်ကြီးက ပြောသည်။
မြေယာလုပ်ပိုင်ခွင့် ပုံစံ ၇ ပေး ထားသည်မှာ စိုက်ပျိုးရန်သာဖြစ်ပြီး လက်ရှိ ရော်ဘာပင်လှဲထားသည့် ခြံများ တွင် ရော်ဘာပြန်စိုက်ရန်၊ အခြားအပင် ပြောင်းစိုက်မည်ဆိုပါက သီးနှံပြောင်း စိုက်ခွင့် လျှောက်ထားရန် ညွှန်ကြားထား ကြောင်း သိရသည်။

အကယ်၍ ခြံပိုင်ရှင်မှ အဆောက် အအုံ ဆောက်လိုပါက ယင်းနေရာအား အခြားနည်း အသုံးပြုခွင့် လျှောက်ထားရ မည် ဖြစ်ပြီး မြေကွက်ဖော်ရောင်းချခွင့် လုံးဝမရှိဘဲ အိမ်ခြံမြေကွက် ဖော်ဆောင် ခွင့်မှာ အစိုးရတွင်သာရှိကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
ပြီးခဲ့သည့်နှစ်လခန့်မှစ၍ လောင်း လုံးမြို့နယ် စခန်းကြီးကျေးရွာအနီးရှိ စိုက်ပျိုးရေးသိပ္ပံသွားလမ်း ဝဲယာရော်ဘာ ခြံမြေကွက်များအရောင်းအဝယ် ဈေး ကွက် ဖြစ်ပေါ်ခဲ့သည်။

လမ်းဘက် မျက်နှာမူသည့်မြေ ပေ ၃၀၊ ပေ ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၅၀ ဈေးပေါက်ကာ ကနဦးတွင် စရန်ငွေ ၁၀ သိန်း၊ လမ်းနောက်ကျောဘက်မြေ ပေ ၄၀၊ ပေ ၆၀ တစ်ကွက်လျှင် ကျပ်၂၅ သိန်း ဈေးပေါက်ကာ ကနဦး စရန်ငွေ ၅ သိန်း ပေးချေထားရပြီး မြေကွက်ပေါ်ချိန် ငွေ အပြီးခြေရမည်ဟု အရပ်စာချုပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အရပ် အကျိုးဆောင်များထံမှ သိရသည်။

“ရောင်းသူတွေက ကိုယ်နဲ့လည်း သိနေတော့ အရောင်းအဝယ်ဖြစ်အောင် အကျိုးဆောင်ပေးတာပါ”ဟု မြေကွက် ၂၀ ကျော် အကျိုးဆောင်ပေးပြီးသူ တစ်ဦးက ပြောသည်။
မြေကွက် ဝယ်ယူသူများမှာ နယ် ပေါင်းစုံမှ ပါဝင်ပြီး ယင်းနေရာတွင် အားကစားသိပ္ပံကျောင်း ထပ်ဆောက် မည့်အပြင် တစ်ချိန်တွင် မြို့ပြဧရိယာ ပမာ ဖြစ်လာနိုင်ကြောင်း သတင်းရသဖြင့် ဝယ်ယူကြကြောင်း ပြောကြသည်။

“ကိုယ်ငွေချေတဲ့လူ (အရပ် အကျိုး ဆောင်)ကို ကိုယ်သိတယ်လေ၊ မဖြစ်ရင် စရံငွေ ပြန်ယူမှာပေါ့၊ ခုလည်း အရောင်း အဝယ်တွေ ဟန့်ထားတယ်ကြားလို့ စဉ်းစားနေတယ်” ဟု မြေကွက်ဝယ်ထား သည့် လောင်းလုံးမြို့နယ်၊ ကျောက်ဆင် ရွာသူတစ်ဦးက ပြောသည်။
တိုင်းအစိုးရအဖွဲ့အနေဖြင့် ယင်း နေရာတစ်ဝိုက်တွင် မည်သည့်စီမံချက်မျှ ဖော်ဆောင်ရန်မရှိကြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

“ကောလဟာလဖြစ်နေတဲ့ မြို့ပြ စီမံကိန်းတွေ တို့မလုပ်ဘူး၊ စီပွားရေး သမားတွေက အဲလို လုပ်(သတင်းလွှင့်)သွားတာ” ဟု ဝန်ကြီးက ပြောသည်။
အကွက်ရိုက်ရောင်းချနေသော နေရာများမှာ စခန်းကြီးကျေးရွာအပိုင်တွင် တည်ရှိသည်။
ယခင် ရော်ဘာခြံပိုင်ရှင်များမှာ စခန်းကြီးရွာမှဖြစ်သော်လည်း ထားဝယ် မြို့ပေါ်မှ လက်ရှိမြေကွက်ရိုက် ရောင်းချ နေသူ စီပွားရေးသမားများထံ လွှဲပြောင်း ရောင်းချပြီးဖြစ်ကြောင်း၊ လက်ရှိအကွက် ရိုက် ရောင်းချသူများက အခြားနည်း အသုံးပြုခွင့် လျှောက်ထားဆဲတွင် ယင်းသို့ အကွက်ရိုက် ရောင်းချကြခြင်း ဖြစ်ကြောင်း စခန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်နီဝင်းက ပြော သည်။

၎င်းသိသမျှ မြေကွက် အရောင်း အဝယ်တိုင်းတွင် အိမ်ဆောက်ခွင့်ရရေး ရောင်းသူဘက်က အခြားနည်းအသုံးပြု ခွင့်လျှောက်ပေးမည်ဟု ကတိပေးကြ ကြောင်း ဦးကျော်နီဝင်းက ပြောသည်။
ဝယ်သူများအား လက်ရှိအိမ် ဆောက်ခွင့် မရှိသေးကြောင်း မြေရာဇဝင် ကို ရှင်းပြသောအခါ အချို့က မဝယ်ဘဲ လက်ရှောင် နောက်ဆုတ်သွားသည်များ ရှိကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်နီဝင်း ပြောသည်။

“ကျွန်တော့်အမြင်နဲ့တော့ (အိမ်ရာ တွေ) လိုအပ်တယ်၊ ခွင့်ပြုတယ် မပြုဘူး ကတော့ တာဝန်ရှိသူတွေ အပိုင်းပေါ့၊ အဲဒီ(စိုက်ပျိုးရေးသိပ္ပံ)လမ်းမှာ အိမ်တွေ ပေါ်လာရင် လူမပြတ်တော့ဘဲ မှုခင်းတွေ ကျဆင်းလာမယ်ပေါ့”ဟု ဦးကျော်နီဝင်း က ပြောသည်။
ရော်ဘာခြံကို အကွက်ရိုက်ရောင်း ချရန် အစီအစဉ်ရှိသော်လည်း လောလော ဆယ်တွင် အကွက်မရိုက်သေးဘဲ အခြား နည်းအသုံးပြုခွင့်ကျလျှင် ဥပဒေဘောင် အတွင်းမှ လုပ်ငန်းဆက်လုပ်သွားမည်ဟု ထားဝယ်မြို့ပေါ်မှ ဦးမင်းထွေးက ပြော သည်။

ဦးမင်းထွေးမှာ စခန်းကြီးရွာတွင် မူလပိုင်ရှင်များဆီမှ ရော်ဘာခြံများ တစ်ဆင့်ခံ ဝယ်ယူထားပြီး လက်ရှိ ရော်ဘာခြံ ၃ ဧကအား အခြားနည်းအသုံး ပြုခွင့် လျှောက်ထားသူ ဖြစ်သည်။
“လူတိုင်း မြေတစ်ကွက်နဲ့ အိမ် တစ်ဆောင်တော့ အိပ်မက် မက်ခွင့် ရှိတယ်၊ အစိုးရ ဖော်ဆောင်ထားတဲ့ မြို့ သစ် စီမံကိန်းမြေကွက်တွေရဲ့တန်ဖိုးကလည်းလည်း လူလတ်တန်းစားတွေ တောင် မနီးစပ်နိုင်တဲ့တန်ဖိုးတွေ ဖြစ်နေ တယ်” ဟု ဦးမင်းထွေးက ပြောသည်။

လက်ရှိမြေကွက်များ စရန်ယူ ရောင်း ချထားခြင်း ရှိမရှိကိုမူ ဦးမင်းထွေးက ဖြေဆိုခြင်း မရှိပေ။
မြေကွက်အား အရပ်စာချုပ်ဖြင့် ဝယ်ယူထားသူအချို့က မိမိဝယ်ထား သည့်မြေကွက်အား အခြားသူများထံ ထပ်ခါထပ်ခါ ရောင်းချနေကြပြီး အလုပ် မဖြစ်ပါက ပေးထားသည့် စရန်ငွေ ဆုံးရှုံးမည်ကို စိုးရိမ်နေကြသည်။