အပြောနဲ့ အပြ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကျွန်မအမြဲတမ်း တွေးနေမိတာတစ် ခု ရှိပါတယ်။
အမြင်နဲ့ အကြားမှာ ဘယ်အာရုံက လူတွေရဲ့ စိတ်ထဲမှာ နှစ်နှစ်ကာကာ စွဲမှတ်တတ်ပြီး လိုက်လုပ်တတ်သလဲ ဆိုတာ။ ဒီမေးခွန်းတွေက ကျွန်မစိတ်ထဲ မှာ နှစ်အတန်ကြာ ကိန်းအောင်းနေခဲ့ပါ တယ်။
လူတစ်ယောက်အနေနဲ့ သူ့ပတ်ဝန်း ကျင်မှာ အမြဲမြင်ရတာကို အများအားဖြင့် လိုက်လုပ်တတ်လေ့ ရှိသလား။

ဒါမှမဟုတ် ကြားရတာကို လိုက် လုပ်တတ်လေ့ ရှိသလား။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကလေးတွေ၊ လူငယ် တွေကို သင်ပြတဲ့နေရာမှာ စကားလုံး တွေကိုပဲ အားကိုးအားထားပြုပြီး အများ အားဖြင့် ဆိုဆုံးမကြတာ တွေ့ရပါတယ်။ ယောက်ျားလေးတွေဆိုရင် မိဘ၊ ဆရာသမား များက “သားလေး ဆေးလိပ်မသောက် နဲ့၊ ကွမ်းယာမစားနဲ့၊ ဘီယာ မသောက် နဲ” စသဖြင့် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ် တစ်ဖုံ ဆုံးမတတ်ကြတာ တွေ့ရပါတယ်။ မိန်းကလေးများကိုလည်း ထိုနည်း လည်း ကောင်း၊ လိမ္မာယဉ်ကျေးဖို့၊ မိန်းကလေး ပီသဖို့ စသဖြင့်။

အဲဒီလို ဆုံးမတာကို မှားတယ်လို့ ပြောတာ မဟုတ်ပါဘူး။ ပြောသင့်ပြော ထိုက်တဲ့ ဆုံးမစကားတွေကိုတော့ ကလေး တွေရဲ့ အနာဂတ် လှပဖို့အတွက် ပြောကို ပြောရပါမယ်။ ယေဘုယျအားဖြင့် ကလေး တွေဆိုတာ လူကြီးတွေထက် အတွေ့ အကြုံ နည်းလှတယ် မဟုတ်ပါလား။
ဒါပေမဲ့ တစ်ဖက်ကိုလည်း ပြန်ပြီး သတိထားဖို့လိုတာတွေ ရှိနေပြန်ပါ တယ်။ ကလေးတွေဟာ ကိုယ့်ဘ၀မှာ အမြဲတမ်း မြင်နေရတဲ့အရာ ကို အလိုလို နေရင်း အတုယူပြီး လိုက်လုပ်တတ်တဲ့ အကျင့်ရှိတယ်ဆိုတာပါပဲ။ လူကြီးတွေက ကလေးတွေ ရှေ့မှာအရက်လေးတမြမြ၊ ဆေးလိပ်လေး တဖွာဖွာ၊ ကွမ်းယာ တပျစ်ပျစ် လုပ်နေတယ်ဆိုရင် ကိုယ့်က လေးကို ဒါတွေ မလုပ်ဖို့ ဆိုဆုံးမလို့ ရနိုင်ပါ့မလား။ ကျွန် မတို့ စဉ်းစားစရာပဲ ဖြစ်ပါတယ်။

ကျွန်မ ခြောက်တန်းကျောင်းသူ ဘ၀တုန်းကမြို့မှာရှိတဲ့ အမေ့မိတ်ဆွေ အိမ်မှာနေပြီး ကျောင်းတက် ရပါတယ်။ အဲဒီအိမ်မှာ အသက်နှစ်ဆယ်ကျော်အရွယ် အစ်မသုံးယောက် ရှိပါတယ်။ သူတို့က အားရင် ဝတ္ထုစာအုပ် ငှားဖတ်တတ်ကြ တယ်။ ဝတ္ထုအဟောင်းတစ်ပုံကိုလည်း ကျွန်မရဲ့ စာကြည့်စားပွဲအောက်မှာ ပုံထားသေးတယ်။ သူတို့ဖတ်နေတာကို နေ့တိုင်းမြင်နေရတော့ ကျွန်မလည်း လိုက်ဖတ်တော့တာပါပဲ။ သူတို့က တွေ့ သွားတော့ ကလေးဆိုတာ ဝတ္ထုစာအုပ် မဖတ်ရဘူး။ ကျောင်းစာပဲ လုပ်ရမယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် သူတို့တွေက ကျွန်မရှေ့မှာ ဝတ္ထုကို နေ့တိုင်းဖတ်နေတာ တွေ့ရတော့ ကျွန်မလည်း ကျောင်းပုံနှိပ် စာအုပ်ကြားထဲ ဝတ္ထုစာအုပ်ကိုကြားညှပ် ပြီး ခိုးဖတ်တော့တာပါပဲ။

ကလေးတွေက ကြားရတာထက် မြင်ရတာကို ပိုပြီး လိုက်လုပ်တတ်တယ် ဆိုတဲ့ ကျွန်မကိုယ်တွေ့ အဖြစ်အပျက် တစ်ခုပါ။ ဒါ့ကြောင့် ကလေးတွေကို မလုပ်စေချင်တဲ့ ကိစ္စမျိုးဆိုရင် လူကြီး တွေက အရင်ဆုံး ရှောင်ကြဉ်နိုင်မှ မိမိတို့ ရဲ့ ဆုံးမစကားက အရာရောက် လိမ့်မယ် ထင်ပါတယ်။
ကလေးတွေကို ဆိုဆုံးမတဲ့ ပုံစံနဲ့ ပတ်သက်ပြီး အတုယူလိုက်နာဖို့ကောင်း တဲ့ အဖြစ်အပျက်လေးတစ်ခုကို မျှဝေ ပါရစေ။ အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီး မဟ တ္တမဂန္ဒီကို လူတိုင်းသိပြီး ထင်ပါတယ်။

တစ်နေ့မှာ မဟတ္တမဂန္ဒီဆီကို အမျိုး သမီးတစ်ယောက်က သူ့ကလေးကိုလက် ဆွဲခေါ်လာပြီး သူ့ကလေးက အချို သိပ်စားတယ်။ အချိုမစားဖို့ ဆုံးမပေး ပါလို့ အကူအညီ တောင်းပါတယ်။ ဂန္ဒီက နောက်တစ်လကြာရင် လာခဲ့ပါလို့ ပြောလိုက်ပါတယ်။ သူမလည်း အိမ်ပြန် သွားပါတယ်။ တစ်လပြည့်တဲ့နေ့မှာ သူမကလေးရဲ့ လက်ကိုဆွဲပြီး ပြန်လာ ပါတယ်။ ဂန္ဒီက အဲဒီကလေး ကိုကြည့် ပြီး “အချိုမစားနဲ့”လို့ တစ်ခွန်းတည်း ပြောလိုက်တော့ ကလေးအမေက ရုတ်တရက် ဒေါသထွက်သွားပြီး ဒါလေး ပြောဖို့တစ်လတောင် အချိန်ယူရသလား လို့ ဂန္ဒီကိုမေးပါတယ်။ ဂန္ဒီက သူလည်း လွန်ခဲတဲ့ တစ်လက အချိုတွေ စားနေ တယ်။ အခုသူ မစားတော့မှ ကလေးကို ဆုံးမစကားပြောလို့ရပါတယ်လို့ ကလေး အမေကို ပြန်ပြောလိုက်ပါတယ်တဲ့။

မဟတ္တမဂန္ဒီက အကျင့်တစ်ခုကို ကိုယ်ကိုယ်တိုင် ကျင့်သုံးနိုင်အောင် ကြိုး စားပြီးမှ တစ်ခြားလူတွေကို ဆုံးမစကား ပြောသင့်တယ်ဆိုတာ သက်သေပြလိုက် တာပါပဲ။ ဒီအဖြစ်အပျက်က ကျွန်မတို့ အမြဲတမ်း မှတ်သားသင့်တဲ့ ဥပမာကောင်း တစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် လူ ကြီးတွေအနေနဲ့ မိမိကိုယ်တိုင်က က လေးတွေ၊ လူငယ်တွေအတွက် စံနာမူနာ ကောင်း ဖြစ်ရဲ့လားလို့ ပြန်လည် ဆန်း စစ်ဖို့ လိုအပ်လိမ့်မယ် ထင်ပါတယ်။ အထူးသဖြင့် မိဘ၊ ဆရာသမားတို့က အရေးကြီးဆုံး အခန်းကဏ္ဍမှာ ရှိနေတဲ့ အတွက် အထူးသတိထားဖို့ လိုအပ်ပါ တယ်။
လူတစ်ယောက်ဟာ သူကြားရတာ ထက် မြင်ရတာကို ဘယ်လောက်အထိ လိုက်လုပ်တတ်လဲဆိုတာ ကျွန်မကို အံ့ဩသွားစေခဲ့တဲ့ နောက်ထပ် အဖြစ် အပျက်တစ်ခု ရှိပါသေးတယ်။

အဇာတသတ်မင်းသားဟာ ဒေ၀ ဒတ်နဲ့ပေါင်းပြီး သူရှင်ဘုရင်ဖြစ်ဖို့ အတွက် သူ့အဖေ ဗိမ္ဗိသာရမင်းကြီးကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။ အဇာတသတ်က သူ့အဖေ ရှင်ဘုရင်ကြီး ကိုသတ်ပြီး ထီးနန်းကို ရယူခဲ့သလို နောက်ဆုံးတော့ သူလည်းအသတ်ခံ လိုက်ရတယ်တဲ့။ သူ့ကိုဘယ်သူသတ် လိုက်တယ် ထင်သလဲ။ သူ့သားက သူ့ ကိုပြန်သတ်တာတဲ့။ ဘယ်လောက်ထိ အံ့ဩစရာ ကောင်းလိုက်ပါသလဲ။ တ ကယ်ဆို သားဖြစ်သူက ဖခင်ဟာအဘိုး ကို သတ်လိုက်တဲ့ အကုသိုလ် ကြောင့် ငရဲကိုသွား ရမယ်ဆိုတာ မြတ်စွာဘုရား ကိုယ်တိုင်က ဟောထားတာကို ကြားရ မှာပေါ့။ ဒါပေမယ့် သူ့အဖေ ငရဲကျမယ် ဆိုတာက သူကြားပဲကြားရတယ်။ လက် တွေ့မြင်ရတဲ့အရာ မဟုတ်ဘူးလေ။ သူလက်တွေ့မြင်နေရတာက ဘုရင်ဖြစ် ချင်ရင် လက်ရှိရှင်ဘုရင်ကို သတ်ပစ်ရ မယ်ဆိုတဲ့ လုပ်ရပ်မဟုတ်လား။ ဒီတော့ သူရှင်ဘုရင်ဖြစ်ဖို့အတွက် သူ့အဖေကို သတ်ပစ်လိုက်တယ်ဆိုပါတော့။

ဒါ့ကြောင့် မိဘ၊ ဆရာသမားတွေ အနေနဲ့ မိမိရဲ့ လုပ်ရပ်ဟာ ကလေးတွေရဲ့ ဘ၀မှာ ဘယ်လောက်အထိ အကျိုးသက် ရောက်မှု ရှိတယ်ဆိုတာ ဒီအဖြစ်အပျက် လေးကိုကြည့်ရင် သိနိုင်ပါတယ်။ ကလေး တွေကို လူတော်၊ လူကောင်းတွေ ဖြစ်စေ ချင်တယ်ဆိုရင် မိမိရဲ့ အပြုအမူကို ပထမဦးဆုံး ပြုပြင်သင့်ပါတယ်။ ကလေး တွေကို ဆုံးမတဲ့ နေရာမှာတင် မဟုတ် ပါဘူး။ မိမိရဲ့ ပတ်ဝန်းကျင်မှာကောင်း မွန်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်ဖို့အ တွက် မိမိကိုယ်တိုင်က ဘယ်လောက်အ ထိ စံနမူနာကောင်းအနေနဲ့ ပြုပြင်နေ ထိုင်ရမလဲဆိုတာ ဒီဇာတ်လမ်းလေးတွေ က သက်သေပြနေပါတယ်။
ကျွန်မတို့ရဲ့ လုပ်ရပ်နဲ့ ဆုံးမစကား ဟာ တစ်ထပ်တည်းကျဖို့ အရေးကြီးလှ ပါတယ်။

ကလေးတွေရှေ့မှာ အမှတ်တမဲ့ ပြုလုပ်လိုက်တဲ့ မကောင်းတဲ့ လုပ်ရပ် တစ်ခုဟာ ကလေးတွေရဲ့ ဘ၀တစ် လျှောက်လုံးကို ယိမ်းယိုင်တိမ်းစောင်း သွားစေတယ်ဆိုတာ သိနေရင် ကျွန်မတို့ ရဲ့ မကောင်းတဲ့ အကျင့်တွေကို ပြုပြင်ဖို့ ဘာလို့အချိန်ဆွဲ နေမှာလဲ။
ပြည်သူ့ဆက်ဆံရေး ဘာသာရပ်မှာ တော့ သီအိုရီအရ ပြောစကားက ၃၅ ရာခိုင်နှုန်း၊ ကိုယ်ဟန်အမူအရာ၊ အသံ အနိမ့်အမြင့်၊ မျက်နှာပေး၊ ဝတ်စား ဆင်ယင်မှုတွေက ၆၅ ရာခိုင်နှုန်း လူထု ပရိတ်သတ်အပေါ်မှာ အကျိုးသက်ရောက် မှု ရှိတယ်လို့ ဆိုပါတယ်။

ဒီသီအိုရီအရဆိုရင်တော့ ပြောလိုက် တဲ့ စကားလုံးတွေထက် ကိုယ့်ရဲ့အမူအရာ၊ အပြုအမူ၊ လုပ်ရပ်တွေက တစ်ခြားလူတစ် ယောက် (သို့မဟုတ်) လူတစ်စုအပေါ်မှာ ပိုပြီးလွှမ်းမိုးမှုရှိတယ်လို့ မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။ ဒီသီအိုရီကို မိဘ၊ ဆရာ သမားများက ကလေးတွေကို ပြုပြင်ထိန်း ကျောင်းတဲ့ နေရာမှာလည်း အသုံးပြုနိုင် လိမ့်မယ် ထင်ပါတယ်။

လူငယ်တွေဟာ တိုင်းပြည်ရဲ့ အ နာဂတ်ပါလို့ ကျွန်မတို့ ခဏခဏ ကြွေး ကြော်တတ်ကြပါတယ်။ မိမိတိုင်းပြည် ကို ချစ်ကြတဲ့ ဘယ်သူမဆို တိုင်းပြည်ရဲ့ အနာဂတ် သာယာလှပတာကို မြင်ချင် ကြတဲ့သူတွေချည်းပါပဲ။
တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့အနာ ဂတ်ကို မြင်ရဖို့အတွက် ကျွန်မတို့ကိုယ် တိုင်က ကလေးတွေ၊ လူငယ်တွေအတွက် စံနာမူနာကောင်းတွေဖြစ်ရဲ့လားလို့ ကိုယ့် ကိုယ်ကိုပြန်ပြီး မေးခွန်းထုတ်သင့်ပါ တယ်။

ကောင်းမွန်တဲ့ အပြောင်းအလဲ ဖြစ် လာဖို့အတွက် လူကြီးတွေ ကိုယ်တိုင်က ကောင်းမွန်တဲ့ စံနမူနာဖြစ်အောင် နေထိုင် ဖို့ အရေးကြီးလှပါတယ်။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကိုမျှော်လင့်နေတာထက် ကျွန်မတို့ကိုယ်တိုင်က ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ကြိုးစားနေထိုင် ရပါမယ်။
ကျွန်မတို့ရဲ့တိုင်းပြည် အနာဂတ် သာယာလှပဖို့အတွက် ကျွန်မတို့ရဲ့ ကောင်းမွန်တဲ h စိတ်ကူးစိတ်သန်း လေး တွေကို ကောင်းမွန်တဲ့ အပြုအမူ၊ အပြော အဆို၊ အနေအထိုင်တွေအဖြစ် ပြုပြင် ပြောင်းလဲပြီး ကလေးတွေ၊ လူငယ်တွေ အတုယူနိုင်ဖို့ ပြင်ဆင်ကြပါစို့လို့ တိုက် တွန်းပါရစေ။