တရုတ်ဆန်ထဲ အဆိပ်ဓာတ်တွေ့သောအခါ

0
198
ကြော်ငြာဝန်ဆောင်မှု

ဟိုဖတ်သည်ဖတ် တွေးရင်း ဆောင်းပါး တစ်ပုဒ်သွားတွေ့သည်။
မြတ်စွာဘုရား။
တရုတ်ပြည်ကထုတ်တဲ့ ဆန်အချို့ မှာ အဆိပ်တွေ ရောက်နေပြီတဲ့။
The Economist မဂ္ဂဇင်း အင်တာ နက်စာမျက်နှာမှာ ဆောင်းပါးက ပြီးခဲ့ တဲ့လက ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ သည်။ ဆောင်းပါးခေါင်းစဉ်က တရုတ် တွင် ပြည်သူ့ကျန်းမာရေးက ခြိမ်း ခြောက်နေသည့် ပစ်ပယ်ခံအထားရဆုံး
သော အရာမှာ အဆိပ်သင့်နေသော မြေကြီး ဖြစ်သည်။

(၁)
တကယ်က တရုတ်တွင် နာမည်ဆိုး ဖြင့် ကျော်ကြားသည်မှာ လေထုညစ် ညမ်းမှု ဖြစ်သည်။ တရုတ်လေထုအတွင်း ရှိသင့်သော ညစ်ညမ်းပစ္စည်း ပမာဏမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြဋ္ဌာန်းထားသည့်ဘေးကင်းပြီး ရှိသင့် သောပမာဏထက် ဆယ်ဆပိုများ နေ သည်။ နောက်ဆုံးတော့ လေထုသန့် ရှင်းရေး နိုင်ငံရေးဆုံးဖြတ်ချက် ပါလာ တော့သည်။ ကျောက်မီးသွေးထုတ်လုပ် အသုံးပြုမှုလျှော့ချ လိုက်ရသည်။

ရေထုညစ်ညမ်းမှုမှာမူ များစွာ လူပြော မများလှ။ သို့သော် ရေထုညစ် ညမ်းမှု အရေးကိုလည်း တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင် ကိုယ်တိုင် ထုတ် ပြောခဲ့ရသည်။ နိုင်ငံ ဆက်လက် ရှင်သန်ရေးအတွက် ခြိမ်းခြောက်မှုဟု ထုတ်ပြောခဲ့သည်။ အခုပိုဆိုးသည့် အခြေအနေ ဆိုက်လာပြီ။ တိမ်မြုပ် နေသော အဆိပ်ကား လူထုပါးစပ်ကြား ရောက်လာပါပြီ။ ယင်းမှာ မြေထုထဲက အဆိပ်။ မြေထုအတွင်း အဆိပ်ရောက် နေမှုနှင့်ပတ်သက်၍ စမ်းသပ်မှုကို တရုတ်အစိုးရက ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အကြား ပြုလုပ်ခဲ့ပြီး ရလဒ်ကို နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် ထားခဲ့ ကြသည်။

သို့သော် ၂၀၁၄ခုနှစ်တွင် တရုတ် အစိုးရက ထုတ်ပြန်လိုက်သော အမျိုး သား မြေထုစစ်တမ်းအရ တရုတ်တွင် လယ်မြေ စုစုပေါင်း၏ ၁၉.၄ ရာခိုင်နှုန်း နှင့် မြေထု ၁၆.၁ ရာခိုင်နှုန်းသည် အဆိပ် သင့်နေသည့်အကြောင်း ဖော်ပြလိုက် သည်။ ယင်းမြေထုတွင် အော်ဂဲနစ်နှင့် အော်ဂဲနစ် မဟုတ်သော ဓာတုညစ်ညမ်း ပစ္စည်းများ ပါဝင်နေပြီး အဓိကအားဖြင့် ခဲ၊ ကတ်ဒ် မီယံ၊ အာဆင်းနစ် ကဲ့သို့သော သတ္တုပစ္စည်းများ ပါဝင်သည်ဟု ဆို သည်။
ယင်းအဆိပ်သင့် ဧရိယာစုစုပေါင်း သည် မက္ကဆီကိုနိုင်ငံရှိ စိုက်ပျိုးမြေ စုစု ပေါင်းဧရိယာနှင့်လည်း ညီမျှသည်။

(၂)
တရုတ်တွင် ထိုသို့သော ညစ်ညမ်း မှုများ ဖြစ်နေရခြင်း အကြောင်းရင်း သုံး ချက်ရှိသည်။ ပထမဆုံးမှာ တရုတ်တွင် ရာထောင်ချီတည်ရှိသော သံနှင့်သံမဏိ စက်ရုံ၊ ဓာတုစက်ရုံနှင့် ဓာတ်မြေဩဇာ စက်ရုံတို့ကို ထိန်းကျောင်းကြီးကြပ်မှု အားနည်းပြီး ထိုစက်ရုံမှ စွန့်ပစ်ဓာတု ပစ္စည်းများကို မြေကြီးအတွင်း မြှုပ်နှံ ထားလေ့ရှိသည်။

ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်က စီးပွားရေးသမားတစ်ဦးကို ဂိုဒေါင် ဆောက်ရန် မြေစစ်ဆေးရာ ရှင်ဇုပြည် နယ်ရှိ ဝက်မွေးမြူရေးစခန်းတစ်ခု၏ မြေ အောက်တွင် အဆိပ်ညစ်ညမ်းစွန့်ပစ် ပစ္စည်းတန်ချိန်တစ်သောင်း တွေ့ရှိခဲ့သည်။
ဓာတုပစ္စည်းစက်ရုံများတွင် ဘေး ကင်းလုံခြုံရေးအရ စိစစ်မှုလည်း အား နည်းသည်။ ၂၀၁၆ခုနှစ် ဇန်နဝါရီနှင့် ဩဂုတ်လအတွင်း တရုတ်နိုင်ငံတွင် ဓာတုစက်ရုံများ၏ ဓာတ်ငွေ့စိမ့်ထွက် ခြင်း၊ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း စသည့် မတော်တဆမှုပေါင်း ၂၃၂ ကြိမ် ရှိခဲ့သည်။

ဒုတိယအရေးပါသော အချက်မှာ စိုက်ပျိုးရေးအတွက် ညစ်ညမ်းဆည် ရေများ အသုံးပြုရခြင်း ဖြစ်သည်။
တရုတ်တွင် ရေချို၊ ရေသန့်ပို ရှားပါးရာနေရာများတွင် စွန့်ပစ်ရေနှင့် စက်ရုံသုံးစွန့်ပစ်ပစ္စည်းများ ပါဝင်သော ဆည်မြောင်းရေ အသုံးပြုမှုများပြားလာ သည်။ တရုတ်နိုင်ငံ မြောက်ပိုင်းတွင် လူတစ်ဦးချင်း ရေချိုရရှိမှုမှာ အရှေ့ အလယ်ပိုင်းမှ ဆော်ဒီအာရေဗျ ထက် ပိုမိုနည်းပါးသည်။ ထိုကြောင့် လယ်သ မားများမှာ ရရာ ရေအရင်းအမြစ်ကို အသုံးချရသည်။

တရုတ်တွင် စက်ရုံများမှာ မြစ်ကမ်း ဘေးတွင် တည်ဆောက်လေ့ရှိပြီး စက်ရုံမှ စွန့်ပစ်ညစ်ညမ်းရေများသည် မြစ်ချောင်း များမှတဆင့် ဆည်မြောင်းရေ၊ ထိုမှ တဆင့် စိုက်ပျိုးမြေများအတွင်းသို့ ရောက်သွားလေ့ရှိသည်။
၂၀၁၄ ခုနှစ်တွင် ပြုလုပ်သော စစ် တမ်းတစ်ရပ်အရ ဆည်မြောင်းရေ အသုံး ပြုသောနေရာ ၅၅ နေရာအနက် ၃၉ နေရာတွင် ရေများမှာ ကတ်ဒ်မီယံ၊ အာဆင်းနစ်နှင့် အခြားဓာတုပစ္စည်း များ ဖြင့် ညစ်ညမ်းနေသည်။

ယင်းမတိုင်မီ ၂၀၁၀ ပြည့်နှစ်တွင် လည်း လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့သေး သည်။
ထိုလေ့လာမှုအရ တရုတ်မြစ်များ ၏ စုစုပေါင်းအရှည်၏ ၁၈ ရာခိုင်နှုန်းရှိ ရေမှာ စိုက်ပျိုးရေးလုပ်ရန် လုံးဝမကောင်း လောက်အောင်ကို ညစ်ညမ်းနေသည်။ သို့သော် မဖြစ်မနေသုံးနေရဆဲ ဖြစ်သည်။

စိုက်ပျိးရေ မကောင်းသည့်အပြင် မြေဆီလွှာမှာ လယ်သမားများ အလွန် အကျွံသုံးသော ပိုးသတ်ဆေး၊ ဓာတ်မြေ ဩဇာများ၏ ဘေးထွက်ဆိုးကျိုးဒဏ် ကိုလည်း ထမ်းပိုးထားရသေးသည်။
၁၉၉၁ ခုနှစ်တွင်က နှုန်းနှင့် နှိုင်း ယှဉ်ကြည့်မည်ဆိုပါက တရုတ်တွင် ပိုး သတ်ဆေး အသုံးပြုမှုနှုန်း နှစ်ဆကျော် တက်လာသည်။ တရုတ်၏ တစ်ဟက်တာ (တစ်ဟက်တာတွင် နှစ်ဧကခွဲရှိသည်) ပိုးသတ်ဆေးအသုံးပြုမှုနှုန်းမှာ ကမ္ဘာပေါ် တွင် ပျမ်းမျှပိုးသတ်ဆေး အသုံးပြုမှုနှုန်း ထက်နှစ်ဆ ပိုနေသည်။
ဓာတ်မြေဩဇာ အသုံးပြုမှု နှုန်းမှာ လည်း နှစ်ဆနီးနီးတက်လာသည်။

အာဟာရနှင့် အစားအစာဆိုင်ရာ အင်စတီကျူတစ်ခုက ၂၀၁၂ ခုနှစ်တွင် ပြည်နယ် ၁၆၌ ပြုလုပ်သော စစ်တမ်း တစ်ရပ်အရ ပိုးသတ်ဆေး ၆၂ မျိုးကို အစားအသောက်များတွင် တွေ့ရှိခဲ့သည်။ ယင်းမှာ လယ်သမားများ ပိုးသတ်ဆေး အလွန်အကျွံ အသုံးပြုသည့်အပြင် စက်ရုံများမှ ထွက်ရှိသော တရားမဝင် စွန့်ပစ် ပစ္စည်းများကြောင့်လည်း ဖြစ် သည်။

တရုတ်တွင် လူတို့ စားသုံးသော အဓိက အစားအစာတိုင်းတွင် တွေ့လေ့ တွေ့ထရှိသော ပိုးသတ်ဆေး အမျိုးအစား များ တွေ့ရှိရတတ်သည်။
ညစ်ညမ်းမှုများဖြစ်ရခြင်း၏ တတိ ယအချက်မှာ စီးပွားရေးပုံစံများ ပြောင်း လဲလာခြင်းနှင့် မြို့ပြချဲ့ထွင်လာခြင်းတို့ ကြောင့် ဖြစ်သည်။
ယခင်ကတော့ ဓာတုစက်ရုံ၊ ဓာတ် မြေဩဇာစက်ရုံ စသည်တို့မှာ မြို့ပြနှင့် ခပ်လှမ်းလှမ်းတွင် ဖြစ်သည်။ ထိုကြောင့် ယင်းအနီးအနားက စိုက်ပျိုးမြေများကိုသာ ထိခိုက်သည်။

ယခုစီးပွားရေး ကောင်းလာသော တရုတ်ပြည်မှာ မြို့ပြချဲ့ထွင်မှု များလာ သည်။ မြို့ပြလူနေ အဆောက်အအုံများမှာ စက်ရုံနှင့် အိမ်နီးချင်း ဖြစ်လာသည်။ ထိုသောအခါ စက်ရုံမှထွက်သော အဆိပ် ငွေ့များမှာ မြို့ပြနေလူထုကိုပါ ထိခိုက် လာသည်။
မြေထုမှာ ရေထု၊ ရေထုကဲ့သို့ မဟုတ်။ ရှင်းရခက်သည်။ နှစ်ရှည် ကြာ ညောင်းလှသည်။ ညစ်ညမ်းမှုများက မမြင်သာလှ။ ရုတ်တရက် ကြည့်လိုက် လျှင် မြေကြီးမှာ စိမ်းလန်းချင် လန်းနေ မည်။ သို့သော် အထဲမှာတော့ အဆိပ်သင့် ထားသည်။

အဆိပ်သင့်မြေကြီးကို ရှင်းရန် ရာစု နှစ်နှင့်ပင်ချီ၍ ကြာနိုင်သည်။ အမေရိ ကန်ပြည်ထောင်စု လာ့ဗ်ကနဲတွင် ၆ ဟက်တာခွဲ(၁၆ ဧက)မျှသော အဆိပ် သင့်မြေကြီးကို ရှင်းရန် ၂၁ နှစ်အချိန် ယူခဲ့ရသည်။
ယခုတော့ တရုတ်ရှိ အစားအ သောက်များတွင် ဓာတုပစ္စည်းများ တွေ့ လာသည်။ အဆိုးဆုံးမှာ ဆန် ဖြစ် သည်။ ယူနန်ပြည်နယ်ရှိ ဆန်များတွင် ကတ်ဒမီယံ သတ္တုများ တွေ့လာရသည်။ ထို သတ္တုကို သံမဏိများ အရောင်မလွင့်၊ သံချေးမတက်စေရန် သုတ်လိမ်းပေးရာ တွင် အသုံးပြုသည်။

ထိုသို့ဖြစ်ရခြင်းမှာ လယ်ကွင်းများ အနီးတွင် စက်ရုံအလုပ်ရုံများ၊ သတ္တုရိုင်း အရည်ကြိုစက်ရုံများ လယ်ကွင်းများ အနီးတွင် တည်ရှိပြီး ထိုစက်ရုံမှ စွန့်ပစ် ပစ္စည်များ လယ်ကွင်းများအတွင်း စိမ့်ဝင် သောကြောင့် ဖြစ်သည်။
ယူနန်ပြည်နယ် တရုတ်နိုင်ငံ တောင်ပိုင်းတစ်လွှား အဓိကဆန်တင်ပို့ သော နေရာဖြစ်သည်။ အဆိပ်သင့် ဆန် များ လူထုဝမ်းခါးအတွင်း ရောက်သွား သည်။

(၃)
ယင်းမှာ ဆောင်းပါးပါ အနှစ်ချုပ် အဓိက အချက်များ ဖြစ်သည်။ ဖတ်ရင်း ဖတ်ရင်း ခေါင်းထဲတွင် ခေါင်းလောင်း ထိုးသံများ အပြည့်ဖြစ်သွားသည်။ တရုတ်တွင် တရားခံဖြစ်နေသော သံနှင့် သံမဏိစက်ရုံ၊ ဓာတုစက်ရုံ၊ ဓာတ်မြေ ဩဇာစက်ရုံများဆိုသည်မှာ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်တွင် ပါလာမည်ဆိုသည် မဟုတ်ပါ လော။ မပါမဖြစ် ကျောက်မီးသွေး စက်ရုံလည်း ပါလာဦးမည်။

ပိုဆိုးသည်က တရုတ်မှာလိုပင် သည်နေရာမှာ ဥပဒေမဲ့ လုပ်ချင်ရာလုပ် ကြဦးမည်။ ထိန်းသိမ်းကြီးကြပ်မှု အား နည်း၊ မသိချင်ယောင်ဆောင်။
အခုလက်ရှိ မျက်မြင်တိုင်းနိုင်၊ မတော်မတရား လုပ်နေမှန်း သိလွယ် သော သတ္တုတွင်း၊ ကျောက်မီးသွေးတွင်း တို့ကိုတောင် ကောင်းကောင်း မကြပ် မတ်နိုင်၊ အလှူငွေလည်းထည့်ပြီး လုပ် ချင်ရာတောင် လုပ်နေကြသေးသည်။

အချို့တရားမဲ့ ပြုကျင့်မှုများကို မျက်စိဖြင့် မခန့်မှန်းနိုင်သော၊ နည်းပညာ မြင့်သော သံနှင့် သံမဏိစက်ရုံတို့၊ ဓာတု စက်ရုံတို့၊ ဓာတ်မြေဩဇာစက်ရုံတို့ ဆို လျှင် အဘယ်သို့နည်း။
ထားဝယ်မြေထု အဆိပ်သင့်ခံတော့ မည်လော။ မြေထု အဆိပ်သင့်ပါက ရှင်း မနိုင်တော့။ ငတ်ရုံသာ ရှိတော့သည်။
အငတ်မခံနိုင်ရင်တော့ ထားဝယ် ဒေသထွက် နာမည်ကျော် အဆိပ်သင့် ဆန်များ၊ ဟင်းသီးဟင်းရွက် စားသောက် ကုန်များ ပျော်ပျော်ကြီး စားကြတာပေါ့။

The Economis မဂ္ဂဇင်း အင်တာနက် စာမျက်နှာပါ The most neglected threat to public health in China is toxic soil ဆောင်းပါးကို ပြန်လည် ကိုးကားရေးသားသည်။
ဖစု