ထားဝယ်စီမံကိန်း ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့ ဖွဲ့စည်း

0
418

ထားဝယ်အထူး စီးပွားရေးဇုန်စီမံ ကိန်းအတွက် ဥပဒေရေးရာအထောက် အကူပြုအဖွဲ့ကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့ ဖွဲ့စည်းသည့် အကြောင်းကြားစာကို ယင်းအဖွဲ့ဝင်များအား ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဇူလိုင်လ ၃၁ရက်နေ့ ရက်စွဲဖြင့် အကြောင်း ကြားစာ ပေးပို့ထားကြောင်း ယင်းစာအရ သိရသည်။

“ရေနက်ဆိပ်ကမ်းမှာ Developer တွေ Investor တွေနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေတိုင်းကို ဥပဒေပိုင်းအရ ပိုပြီး အထောက်အကူပြုနိုင်အောင် ဖွဲ့စည်းခဲ့ တာပါ”ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒု – ဥက္ကဋ္ဌ ဖြစ် သည့် တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်း ထွန်းက ပြောသည်။

ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးက အဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူထားပြီး ၎င်းအပါအဝင် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားသည်။
ယင်းအဖွဲ့ကို ဇူလိုင်လ ၁၃ ရက် နေ့က ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် မြန်မာ အထူးစီးပွားရေး ဇုန်ဥပဒေများအရ ဖွဲ့စည်းခြင်းဖြစ်ကြောင်း အထက်ပါ အကြောင်းကြားစာအရ သိရသည်။

လက်ရှိတွင် ထားဝယ်အထူး စီးပွား ရေးဇုန်၏ မဟာစီမံကိန်းကို ရေးဆွဲနိုင် ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီ (JICA) မှ လာရောက် လေ့လာလျက်ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။