ရေချိုဥပဒေကြမ်း ကြိုဝေပါ

0
433

တိုင်းဒေသကြီးလွှတ်တော်တွင် ပြဋ္ဌာန်းနိုင်ရန် ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်နေသည့် ရေချိုငါးလုပ်ငန်း ဥပဒေ (မူကြမ်း)ကို ဆွေးနွေးပွဲ မတိုင်မီ ကြိုတင် ဝေငှရန် ပွဲစီစဉ်သူများထံ ထားဝယ်ခရိုင် ဒေသခံအချို့က တောင်းဆို လိုက်သည်။
တိုင်းလွှတ်တော် ကိုယ်စားလှယ် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဇူလိုင်လ ၂၇ ရက်တွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၌ ပြုလုပ်ခဲ့သည့် ဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲ (ထားဝယ်ခရိုင်) သို့ တက်ရောက်သူ အချို့က ယင်းသို့တောင်းဆို ခဲ့ခြင်း ဖြစ် သည်။

ဆွေးနွေးရှင်းလင်းပွဲရောက်မှ ဥပဒေမူကြမ်းဝေငှခြင်းမှာ ကြိုတင်ဖတ်ရှု လေ့လာရန် အချိန် မရသည့်အတွက် ဥပဒေ(မူကြမ်း)အား ဖြည်၊ ပြင်၊ ဖျက် ရန် အကြံပြုဆွေးနွေးရေး အားနည်းခဲ့ သည်ဟု ဆွေးနွေးပွဲ တက်ရောက်သည့် လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာသား ဦးမော်အောင်က ပြောသည်။
“(ဥပဒေမူကြမ်းကို) ၃ ရက် သော် လည်းကောင်း ၅ ရက်သော်လည်းကောင်း ဖိတ်မယ့် အဖွဲ့ဆီ ကြိုပေးထားစေ ချင် တယ်၊ ဒါမှ အဖွဲ့တာဝန်ရှိသူတွေက အေးအေးဆေးဖတ်ပြီး ဆွေးနွေးဖို့ ပြင် ဆင်နိုင်မှာ၊ ခုက ပွဲရောက်မှ သိရတော့ ဘာကိုက တိုက်ကရိုက်ဖတ်ရပြီး ဘာ ဆွေးနွေးရမှန်းမသိဘူး၊ ကြိုပေးစေချင် တယ်” ဟု ဦးမော်အောင်က ဆိုသည်။

ယခုကဲ့သို့ ရှင်းလင်းဆွေးနွေးပွဲ များကို မြိတ်ခရိုင်တွင် ဩဂုတ်လ ၁ ရက်နေ့၊ ကော့သောင်းခရိုင်တွင် ဩဂုတ် လ ၅ ရက်နေ့ တို့အတွင်း ကျင်းပပြီး ဒေသခံများ၊ လုပ်ငန်းရှင်များ၊ ဌာနများ ၏ အကြံပြုဆွေးနွေးချက်များကို ရယူ သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီ ဥက္ကဋ္ဌဦးဗိုလ်ထွေးက ပြောသည်။
၎င်းအပြင် တိုင်းအဆင့် ဆွေးနွေး ပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ခုလုပ်တဲ့ပွဲကတော့ နောက်ပွဲတွေ အတွက်အတွေ့အကြုံကောင်းပါပဲ၊ ဘယ်သူတွေ စိတ်ဝင်စားတယ်ဆိုတာ ကြိုမသိရတော့ဥပဒေကြမ်းတွေ ကြိုဝေ ဖို့ကတော့ အခက်အခဲတွေ ရှိနေဦး မှာပါ” ဟု ဦးဗိုလ်ထွေးက ပြောသည်။
ယခု ပြဋ္ဌာန်းမည့် ရေချိုဥပဒေသည် နည်းဥပဒေ ရေးဆွဲရန် လိုအပ်မည့် ဥပဒေတစ်ခုဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြသည်။
ယခု ဆွေးနွေးနေသည့် ရေချိုငါး လုပ်ငန်းဥပဒေ(မူကြမ်း)ကို ဥပဒေအဖြစ် ပြဋ္ဌာန်းအတည်ဖြစ်လျှင် ပထမအကြိမ် တိုင်းဒေသကြီး လွှတ်တော်မှ ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းထားခဲ့သည့် ရေချိုနှင့် ကမ်းနီးငါးလုပ်ငန်းဆိုင်ရာဥပဒေကို ၎င်းဥပဒေဖြင့် ရုပ်သိမ်းမည် ဖြစ်သည်။