မူမပီခြင်း၊ မျှော်လင့်ခြင်းနှင့် အစွန်းထွက်များ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လတ်တလော ကျန်းမာရေး ဝန်ထမ်း နှင့် လူနာအကြား ပွတ်တိုက်မှု ဖြစ်စဉ်များ ခပ်စိပ်စိပ် တွေ့လာရသည်။
မြိတ်မြို့နှင့် ဖြူးမြို့တွင် ဆရာဝန် ကို လုပ်ငန်းခွင်အတွင်း လူနာနှင့်အတူ ပါလာသူများက လက်ရောက်မှု ဖြစ် သည်။ ယင်းဖြစ်ရပ်များ သည် တစ်ခေတ် တစ်ခါမှာမှ မကြားရဖူးသည့် မကြားဝံ့ မနာသာ အရေးကိစ္စများဟု ဆိုနိုင်သည်။
မည်သည့် အကြောင်းများကြောင့် သည်ပြဿနာများ ဖြစ်ရသည်၊ မည်သို့ ဖြေရှင်းနိုင်ကြမည်မှာ စိတ်ဝင်စားစရာ။ ဝန်နှင့်အား မမျှခြင်းက အဓိကဟု ပြော နိုင်သော်လည်းအစိုးရ၏မူဝါဒ ပြတ်ပြတ် သားသား ချမပြနိုင်ခြင်းက ကျန်းမာရေး ဝန်ထမ်းနှင့် ပြည်သူအကြား အဓိက ပြဿနာပေါ်စေသော အကြောင်းအရင်း များအနက် တစ်ခုဟု ဆိုနိုင်သည်။

ကမ္ဘာတွင် ဖွံ့ဖြိုးပြီးသော နိုင်ငံ လက်တစ်ဆုပ်စာတွင်သာ လုပ်နိုင်သည့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အစိုးရအဖွဲ့ ပြောင်းလဲခါနီးမှာ ကျင့်သုံးပြီ ဟဲ့ဆိုကာ တစ်ပွဲထိုး ကြေညာပြီး စနစ် တကျ ထောင်ချောက်ဆင်ခဲ့သည်။ လက် ရှိ အစိုးရတက်လာသောအခါ ယင်း မူဝါဒကို မပြောင်းလဲ။
အစိုးရဘက်မှလည်း လိုအပ်သလောက် လုံလောက်သော ဘတ်ဂျက်က ချမပေး နိုင်၊ ပြတ်ပြတ်သားသားလဲ မူဝါဒကို သိက္ခာအကျခံပြီး မပြောင်းရဲ၊ ကိုယ့် ခေတ်ကျမှ အညံ့မခံနိုင်ဟူသည့် အနေ အထားဖြင့် အခမဲ့ကျန်းမာရေး စောင့် ရှောက်မှုကို ရှေ့ဆက်သည်။
မနေ့တစ်နေ့က ပြည်ထောင်စု ဝန်ကြီးက တစ်တက်စားလည်းကြက်သွန် မထူးဇာတ်ဖြင့် အခမဲ့ ကျန်းမာရေး စောင့် ရှောက်မှုမူဝါဒကို မယောင်မလည် မပြတ် မသား ဆက်လုပ်ဆောင်နေကြောင်း ဖြေ သည်။

အလုံးစုံ အခမဲ့လား ဆိုတော့လည်း မဟုတ်။ မရှိသော မလုံလောက်သော ဆေးဝါးများအတွက် ပြည်သူက ဝယ်ယူ ကြရမည်ဟု ဆိုပြန်သည်။ သို့အတွက် ဆေးပစ္စည်းများ မလုံလောက်ဖြစ်ရသည် ကိုတော့ လက်ညိုးများက ဝှေ့ရမ်းသည်။ ပြည်သူနှင့် ဝန်ထမ်းအကြား အဖုအထစ် များ ဖြစ်လာသည်။ လွှတ်တော်တွင် ဖြေသည့် ပြည်ထောင်စုဝန်ကြီး အဖြေ များက မပြတ်မသား။
မြွှေဆိပ်ဖြေဆေး ပိုလျှံနေသဖြင့် ပြည်ပ ထုတ်ရောင်းမည် ပြောနေချိန်တွင် တိုက်နယ်များတွင် မြွေဆိပ် ဖြေဆေး အလုံအလောက် မရ။ အခမဲ့စနစ်ပါရှေ့ ထွက် ဖြေနေချိန်တွင် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးက အလုံအလောက်က အချိန်မီ မရောက်လာ။ ပြည်သူကို ချပြတော့ တိုက်နယ်ဆေးရုံတွေက ဆေးမတောင်း တတ်၍ ဖြစ်ရသည်ဟု ထမင်းရည်ပူလျှာ လွှဲသည်။ မျှော်လင့်ချက်က ဆေးရုံများဆီ စုပြုံလာသည်။

အလုံးစုံအခမဲ့ စနစ်မဟုတ်။ ပြည်သူ လူထု ကျခံသုံးစွဲရ နည်းနိုင် သမျှနည်းရန် ထောက်ပံ့ပေးနေခြင်းသာ ဖြစ်သည်ဟု ပြတ်သားစွာဖြေရဲသူ နိုင်ငံရေးသမား မရှိသလောက် ရှားသည်။ အခမဲ့ စနစ် ယောင်ယောင် ဝေ့လည်ကြောင်ပတ် ဖြေ ကြသည်က များသည်။ အောက်ခြေတွင် လိုအပ်သည်ကို မပေးနိုင်တော့ အောက် ခြေတွင် လာသမျှ လူနာများနှင့် ဒွိဟ ပြဿနာများ တက်ကြရသည်။

နောက် တိုးတက်လာသော ခေတ် နှင့် ပွင့်ကျလာသော လူမှုကွန်ရက်တို့မှ မျှော်လင့်ချက်တွေ။ ခေတ်ပြောင်းပြီဆို သည်နှင့် အရာအားလုံး ပြောင်းလဲသွား လေမလားဟု ပြည်သူက မျှော်လင့်သည်။”ခေတ်ပြောင်းလာပြီ ခင်ဗျားတို့ မပြောင်း လဲ သေးဘူးလား”ဟူသည့် အမေးအတွက် ခေတ်အပြောင်းကို ကိုယ်တွေ ကိုယ်တိုင် ကိုယ်ကျ မင်အစွန်းခံကာ မဲထည့် ခဲ့ကြလေသော ကျန်းမာရေးဝန်ထမ်းများ ဘာဖြေရမှန်း မသိ။ မနိုင်ဝန်ကို အဆ မတန်ထမ်းရင်းက လုပ်ငန်းခွင်မှာ တစ်နေ့ တစ်ခြား အခက်အခဲတွေများလာသလို ပြည်သူ့ မျှော်မှန်းချက်တွေ နောက် ကျွန်တော်တို့တွေ လိုက်ဖို့ အင်အားက မပြည့်။

လူ၊ ငွေကြေး၊ ပစ္စည်းကိရိယာ (Man, Money and Materials)ဟူသည့် အင်အားသုံးရပ်စလုံး ကျွန်တော် တော်တို့မှာ အခက်အခဲ အကြပ်အတည်း ဖြစ်နေသည်။ မနိုင်ဝန်ကို ထမ်းနေကြ ရချိန်တွင် ပြည်သူ့မျှော်လင့်ချက်က အစိုးရပြောင်းသည်နှင့် အပ်ချလောင်း အားလုံး ပြောင်းလာကြမည်ဟု မျှော်လင့် ထားသမျှ သည်မှာဘက်ရော ဟိုမှာဘက် ကပါ တွက်ခြေကမကိုက်။ နေ့နှင့်ည ဆက် အလုပ်တွေလုပ်နေကြရသည့် ကျန်းမာရေး ဝန်ထမ်းတွေ ဘ၀က စက်ရုပ် သာသာ။ ဖိအားတွေ မျိုးစုံ။

နောက် ကျန်းမာရေး စောင့်ရှောက် ခြင်းဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်က လည်း ပြည်သူနှင့် ကျန်းမာရေး ဝန်ထမ်း များအကြားတွင် ကွဲလွဲနေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဖွင့်ဆိုချက်အရတော့ ကိုယ်စိတ်နှလုံး သုံးပါးစလုံးကျန်းမာရေးဖြင့် ပြီးပြည့် စုံခြင်းကို ကျန်းမာခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။ ယင်းအတွက် ကျန်းမာရေး ဝန်ထမ်းတွေများနှင့် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနတွင် တာဝန် ရှိသည်။ ယင်းအတွက် လူတိုင်း သက် တမ်းစေ့နေထိုင်နိုင်ရေး၊ လူတိုင်း ရောဂါ ဘယကင်းဝေး ရေး ၊ ကျေးလက်ဒေသ အောက်ခြေအထိ လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရေး အတွက် အခြေခံမူတွေနဲ့ အလုပ်လုပ်နေ ကြသည်။

သို့သော် Primary Health Care ဟုခေါ်သည့် (ပဏာမကျန်းမာရေးစောင့် ရှောက်မှု)ကို မည်သည့်အဆင့်က မည်သို့ ပေးမယ်၊Secondary Health Care ပေးမည့်Tertiary Hospital များနှင့် မည်သို့ ချိတ်ဆက်မည်စသဖြင့် လမ်း ကြောင်းတွေက မပြတ်သား။ ဝန်ထမ်း အင်အားက မရှိ။ ပြည်သူကို ချပြရာတွင် မပြတ်သားတာ မပြောနဲ့ လွှတ်တော်ကိုယ် စားလှယ်တွေသော်မှသေချာ နားလည် ဖို့ရာ သေချာမပြောပြနိုင်ကြ။ ဘာကြောင့် လဲဆိုရသော်မူက ပြတ်ပြတ်သားသားမရှိ သလို လူကလည်း အပြည့်အစုံ မရှိလေ။

ထိုသို့သော အခြေအနေမှာ မိမိ Basic Health Worker, Health Assistant, Station Hospital, ဒေသန္တရဆေးပေးခန်း၊ ပြင်ပ ဆေးပေး ခန်း များမှ ညွှန်းပို့စာဖြင့် လိုအပ်ပါမှ ညွှန်းပို့ရမည့်စနစ်က သေချာစေ့စပ်စွာ ဖြစ်မလာချိန်မှာ ပြည်သူလူထုက ဆေးရုံ ကြီးတွေကိုသာ မိမိဘာသာ မိမိသဘော ဖြင့် တန်းစီတိုးဝှေ့ကာ စောင့်ဆိုင်းရင်း က နှစ်ဖက်စလုံး အခက်အခဲတွေ ဖြစ် လာကြရသည်။
သည်ဘက် ဝန်ထမ်းတွေမှာလည်း ငြင်းခွင့်မရှိ၊ လာသမျှလိုလို မလိုလို ဝန်ဆောင်မှုပေးရင်း လုပ်ငန်းခွင် ဖိစီး မှုတွေကြုံရသလို လူနာရှင်တွေဘက် ကလည်း တန်းစီ စောင့်ဆိုင်းရင်းက မိမိသည်သာ အရာရာ အရေး အပါဆုံး အရေးအကြီးဆုံးဆိုသည့် အတ္တတွေနှင့် ပွတ်တိုက်မိသည့်အခါ သည်ပြဿနာတွေ ပေါ်လာကြရ သည်။

ပြဿနာ ပေါ်လာကြတာကလည်း တကယ့်တကယ် လူနာတွေနှင့် တကယ့် တကယ် ကိုယ်ချင်းစာနာစိတ်နှင့် အလုပ် လုပ်သော ဝန်ထမ်းတွေအကြား ပေါ်တာ က နည်းပါသည်။ နည်းနည်း သော အသိအမြင်လေးနှင့် အရာရာ ပြောင်းလဲ လာပြီ၊ သည်ကရော မပြောင်းလဲ သေးဘူးလားဟူသည့် တစ်ဖက် ပိတ် အသိနှင့် ရှိနေလေသည့် အခက်အခဲကို မမြင်တတ်ပါဘဲ အမောက်ထောင်လျက် ဝင်လာကြသူတွေနှင့် သည်မှာဘက်က ငါတို့ကမဖြစ်စလောက်လစာနဲ့ နိုင်ငံကို ချစ်လို့ အနစ်နာခံကာနိုင်ငံအတွက် အလုပ်လုပ်နေကြရတာဟူသည့် အတွေး နဲ့ သူတို့ တွေ့ကြသည့်အခါပြဿနာ တက်ကြရပါတော့သည်။

အမှန်တော့ ဆေးကုသခြင်း ဆို သည်မှာ တစ်ယောက်အပေါ် တစ်ယောက် စေတနာ၊ မေတ္တာ အခြေခံကာ လေးစား ယုံကြည်မှုနှင့် ကုသကြရခြင်း ဖြစ်ပါ သည်။ မိမိပညာရပ်ဆိုင်ရာကို လေးစား တန်ဖိုးထားမှုအလုပ်ခွင်ပတ်ဝန်းကျင် တွင် စိတ်နှလုံး အေးချမ်းတည် ငြိမ်စွာဖြင့် လျှင် လူမမာအား ပြုစုစောင့်ရှောက် ပါမှသာ မေတ္တာ၏ အကျိုးအာနိသင် ကြောင့် ကုသမှု ထိရောက် သည့် သဘော ရှိပါသည်။
ယင်းသို့လျှင် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်မဟုတ်၊ ဘေးကင်းသော ဝန်းကျင်မဟုတ်သည့်အတွက် မိမိကျန်း မာရေးဝန်ထမ်းများမှ မိမိတို့လုံခြုံမှု အတွက် အချို့သော ဖြစ်တန်စွမ်း အကျိုး ဆက်များကို စေတနာ ဖြင့် တာဝန်ခံရဲ မည်မဟုတ်ပါက ယင်းအကျိုးသည် လူနာသို့သာ တိုက်ရိုက် ထိခိုက်မည်က အမှန်ဖြစ်ပါသည်။

ယင်းသို့သော အခြေအနေတွေ အတွက် အဖြေ ရှိလာဖို့လိုအပ်ပါပြီ။
နိုင်ငံတော် အဆင့်က ပြတ်သား သော ပေါ်လစီ ချပြသင့်သကဲ့သို့၊ ဖြစ်နိုင် သောစနစ် ကျန်းမာရေး အာမခံ စနစ်တစ်ခုကိုအလျင်အမြန် အကောင်အထည် ဖော်လာဖို့ လိုအပ်ပါသည်။ တိုင်းဒေသ ကြီးအဆင့်က လုပ်နိုင်အောင် ဗဟိုချုပ် ကိုင်မှုလျှော့ချကာ Decentralization လုပ်ပြီးတိုင်းဒေသကြီး အဆင့်မှ ကွပ်ကဲ သော ဆေးရုံများမှ ကိုယ်ပိုင်အာမခံ စနစ် အသီးသီး၊ ကိုယ်ပိုင်ဝန်ထမ်း အသီးသီး ခေါ်ယူနိုင်သော ၊ ခန့်ထားနိုင်သော စနစ် ကျင့်သုံးခြင်းသည် အဖြေတစ်ခု ဖြစ်လာ နိုင်ပါသည်။

ဒေသအသီးသီးက ဒေသဆိုင်ရာ ကြီးကြပ်အဖွဲ့အဆင့်ဆင့်ဖြင့် ကျန်းမာ ရေးအာမခံ စနစ်ကို အကောင်အထည် ဖော်လာကြဖို့ ရေရှည်အနေဖြင့် လိုအပ် သလို ၊ ကျန်းမာရေးဌာနများ၏ မလိုလား အပ်သော ဖိအား တွေ စုပြုံနေခြင်းတွေ အတွက် ညွှန်းပို့ စနစ်နှင့် ဒေသန္တရ ဆေး ပေးခန်း၊ ပုဂ္ဂလိက ဆေးပေးခန်းတွေမှ ညွှန်းပို့စာဖြင့်သာအထူးကု ဆေးရုံကြီး တွေ အထူးကုပြင်ပလူနာဌာနတွေကို ပြသနိုင်သည့် အခြေခံစနစ်တစ်ခုကို ပြန်လည် ပျိုးထောင်ဖို့ လိုအပ်သည်။
Man, Money and Materials တွေ အတွက် Decentralization အနေဖြင့် ဗဟိုမှ ချုပ်ကိုင်မထားဘဲ မိမိ ဒေသအလိုက် လုပ်ပိုင်ခွင့်တို့ ခွင့်ပြုလာဖို့ လိုအပ်ပါသည်။

လုပ်ငန်းခွင် လုံခြုံမှုအတွက် လိုအပ် သော အစီအမံများ (ယင်းတွင် မိမိ ဝန်ထမ်းအတွက် လုံခြုံမှုအတွက်ဌာနမှ တာဝန်ယူတာဝန်ခံသလို မိမိလူနာ အတွက်လည်းဌာနမှ တာဝန်ယူတာဝန် ခံနိုင်သော အဆင့်အတန်းဖြင့် ကျန်းမာ ရေးစောင့်ရှောက်မှု ပေးလာနိုင်ဖို့) လိုအပ် သည်များကို ခေတ်နှင့်လျော်ညီစွာ လုပ် ဆောင်လာရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက တစ်ဦးချင်းအနေဖြင့် မူကား မေတ္တာကိုအခြေခံလျက် ကိုယ်ချင်းစာ တရားဖြင့်လျှင် ဝေဒနာရှင် လူနာအား စိတ်ရောကိုယ်ပါ ပြုစုစောင့် ရှောက်ကြ ရမည် ဖြစ်ပေသည်။
သို့မှသာလျှင် ကျန်းမာရေး ဝန် ထမ်းများနှင့် ပြည်သူတို့အကြား ပဋိပက္ခများ နည်းနိုင်သမျှ နည်းလာမည် ဟု သုံးသပ်ရပါ၏။