ဌာနပိုင်ဒီဇယ်မီးစက်များကို အရန်အဖြစ် ထားမည်ဟုဆို

0
452

လျှပ်စစ်ဌာနပိုင် ဒီဇယ်မီးစက် ၁၂ လုံးကိုမတော်တဆလျှပ်စစ်ပြတ် တောက်သည့် အချိန်များတွင် အလှည့် ကျပေးနိုင်ရန် အရန်အနေဖြင့် ထားရှိ သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။

ထားဝယ်မြို့ ဓာတ်အားခွဲရုံတွင်620 KVA ဒီဇယ်မီးစက် ၁၂ လုံးရှိပြီး ကံပေါက်ဒေသရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်စက်များအကြောင်း အမျိုးမျိုးကြောင့် လျှပ်စစ်မထုတ်နိုင်ပါက အဆိုပါ မီးစက်များဖြင့် ရပ်ကွက်များ ကို အလှည့်ကျ မီးပေးနိုင်ရန် စီစဉ် ထားကြောင်း တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာ ဒုတိယအင်ဂျင်နီယာချုပ် က ဆိုသည်။

ထားဝယ်ဒေသတွင် မီးကြိုးနှင့် မလွတ်သည့် သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းရန် ဇွန်လ ၉ ရက်နေ့တွင် လျှပ် စစ်ခေတ္တဖြတ်တောက်ထားချိန်တွင် ဓာတ်အားခွဲရုံရှိ ဒီဇယ်အင်ဂျင်များနှင့် ဓာတ်အားခွဲရုံစနစ်များကို တစ်ခါတည်း ချိတ်ဆက်ထားမည်ဖြစ်ကြောင်း ဒုတိယ အင်ဂျင်နီယာချုပ်က ရှင်းပြသည်။

“လက်ရှိ ဂက်စ်အင်ဂျင်က တစ်စုံ တစ်ခုဖြစ်ရင်ဝင်ကူပြီးအလှည့်ကျ ပေးနိုင်အောင်ပါ” ဟု ဒုတိယ အင်ဂျင်နီ ယာချုပ် ဦးအောင်ဇော်ဦးက ပြောသည်။
620 KVA ဒီဇယ်မီးစက် ၁၂ လုံး လည်ပတ်ပါက ၄ မဂ္ဂါဝပ်မှ ၄.၅ မဂ္ဂါဝပ် အထိ ထွက်ရှိနိုင်ကြောင်း ၎င်းကဆို သည်။

620 KVA ဒီဇယ်မီးစက် ၁၂ လုံးအပြင် ၁၀၀ KVA ၊ ၂၀၀ KVA နှင့် ၃၀၀ KVA မိုဘိုင်းရွေ့လျားမီးစက် ၆ လုံး ရှိနေသေးသည်။
တိုင်းဒေသကြီးအစိုးရနှင့် လျှပ်စစ် ထုတ်လုပ်သည့် ကုမ္ပဏီ (GGS) တို့ ချုပ်ဆိုထားသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘော တူ စာချုပ်အရလုပ်ကိုင်ခွင့်ရသူ၏တာဝန်တွင် အရေးပေါ်ဓာတ်အား ပြတ် တောက်ပြီး စက်ရပ်ချိန်ကြာမြင့်ခြင်း၊ စက်ချို့ယွင်းမှုကြောင့်ဓာတ်အား မထုတ်နိုင်ခြင်းများ အတွက် အရေးပေါ် ဓာတ်အားပေးနိုင်ရန် အရန်ဓာတ်အားပေး စက်များ ဆောင်ရွက်ထားရှိရမည်ဟု ဖော်ပြပါ ရှိသည်။

ထားဝယ်ဒေသတွင် လျှပ်စစ်အသုံး နည်းသည့် နေ့ခင်းဘက် အချိန်တွင် ၅ မဂ္ဂါဝပ် ဝန်းကျင်နှင့် အသုံးများသည့် ညခင်းအချိန်တွင် ၉ မဂ္ဂါဝပ်ဝန်းကျင်ရှိ ကြောင်း သိရသည်။