ကျိုက်ထီးရိုး ကေဘယ်လ်ကား အောက်တိုဘာလတွင် စတင်ပြေးဆွဲမည်

0
430

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တော်သို့ ပြေးဆွဲမည့် ကေဘယ်လ်ကား စီမံကိန်း လာမည့် အောက်တိုဘာလ ခန့်တွင် စတင်ပြေးဆွဲမည်ဟု ယင်း စီမံကိန်းကို တာဝန်ယူအကောင်အထည် ဖော်နေသည့် Sky Asia Co., Ltd ထံမှ သိရသည်။

ကနဦးက ဧပြီလတွင် ပြေးဆွဲနိုင် မည်ဟု သတင်းထုတ်ပြန်ထားသည့် ယင်း စီမံကိန်းသည် ဇူလိုင်လ ၃ ရက်ထိ စီမံကိန်း၏ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ကျိုက်ထီးရိုးဘုရားပွဲကာလဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့အမီ ပြီးစီး အောင် ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်း ဒါရိုက်တာMr.Han Jung Seuk က ပြောသည်။
” ဧပြီလကတည်းက ပြေးဆွဲဖို့ပါပဲ ပစ္စည်းရောက်နောက်ကျတာရယ် ရာသီဥတု ကြောင့်ရယ် လုပ်ငန်းနှောင့်နှေးသွား တယ်၊ အခုက ပစ္စည်းတွေလည်း ရောက် ပြီ၊တပ်ဆင်ပြီးရင် စမ်းသပ်ပြေးဆွဲမယ်၊ အောက်တိုဘာ ပထမအပတ် လောက်မှာ စတင်ပြေးဆွဲသွားမယ်” ဟု ၎င်းက ပြော သည်။
ကေဘယ်လ်ကားစီး ဘုရားဖူးဧည့် သည်တော်များအတွက် အသက်အာမခံ ကိုလည်း IKBZဘဏ်နှင့် ချိတ်ဆက်ရန် စီစဉ် ဆောင်ရွက်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

ကေဘယ်လ်ကားကို လူ ၄ ယောက် မှ ၈ ယောက်ထိ စီးနိုင်သည့်ကား ၄၃ စီး၊ အရန် ၁ စီးဖြင့် ပြေးဆွဲမည်ဟု သိရ သည်။
“ကေဘယ်လ်ကား ပြေးမယ်ဆိုရင် တော့ ဘုရားဖူးတွေအတွက် အတော် အဆင်ပြေသွားမယ်၊ အခုက တောင် တက်ကားနဲ့ပဲ လူတွေလည်းများ ကြပ် ပိတ်နေတာပဲ” ဟု ကျိုက်ထီးရိုးဘုရား ဖွင့်ပွဲသို့ နှစ်တိုင်းနီးပါး သွားရောက်လေ့ ရှိသည့် မော်လမြိုင်မြို့ခံ မသီတာက ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ပြေးဆွဲမည့် ယင်းကေဘယ်လ်ကား အတွက် ကျိုက်ထီးရိုးဘေးမဲ့တောနယ်မြေအတွင်းရှိ မြေဧက ၁၃ ဒသမ ၅ ဧကကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတွင် အနှစ် ၇၀ စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ် သည်။
သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ပြည်တွင်း ပြည်ပ ဘုရားဖူး ဧည့်သည်လာရောက် မှုသည် တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြား လာပြီး တစ်ရက်လျှင် ဘုရားဖူးဧည့်သည် သောင်းချီရှိသည်ဟု မွန်ပြည်နယ် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနထံမှ သိရသည်။