ဒေါင်းကျောက်မီးသွေး တကယ် မွှေးသလား

0
463

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၃ ခုတွင် စွမ်းအင်အတွက် ကျောက်မီး သွေးသုံးမည်ဟု လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြောလိုက်သည်။

တနင်္သာရီတိုင်းကား ကျောက်မီး သွေးသုံးရန် တိုက်တွန်းထားသည် ဆို သော ပြည်နယ်နှင့်တိုင်းသုံးခု၏ ထိပ်စီး က။ နောက်တွင်ကား မွန်နှင့် ကရင်။
“အထူးသဖြင့်ပေါ့၊ တနင်္သာရီ တိုင်းတို့ မွန်ပြည်နယ်တို့ ကရင်ပြည်နယ် တို့တွေမှာ အရေးပေါ် လိုလို့ရှိရင် အခြား စွမ်းအင်တွေထက် ကျောက်မီးသွေးသုံး တဲ့ကိစ္စက ပိုပြီးတော့ မြန်မြန်ဆန်ဆန် ထိရောက်မယ်” ဟု NLD ဗဟိုအတွင်း ရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြော သည်။

NLD ၏ သတ္တမအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးအပြီး ဇွန်လ ၂၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် တရားဝင် ပြောဆို ခဲ့ခြင်း ဖြစ်သည်။”ကျောက်မီးသွေးလည်း သုံးမယ်၊ ရေအားလည်း လုပ်မယ်၊ တစ်ပြိုင်တည်း လုပ်တဲ့အခါမှာ ရေအား အကောက် အထည် မပေါ်ခင်မှာ ကျောက်မီးသွေး သုံးသင့်ရင်သုံးဖို့ တိုက်တွန်းထားတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် စွမ်းအင်က အဓိကကျပြီး စွမ်းအင်ရှိမှ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မည်ဟု ဆိုသည်။
မွန်နှင့် ကရင်ပြည်နယ် အကြီး အကဲများ၏ကျောက်မီးသွေးအပေါ် သဘောထားက ဦးဝင်းထိန်နှင့် ထပ်တူ ကျသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ကျောက်မီးသွေးအသုံးပြုမှုကို လက်မခံလျှင် ဖွံ့ဖြိုးတိုးတက်မှု မရှိဟု ဇွန်လ ၁ ရက်နေ့တွင် ပြုလုပ်သည့် မွန်ပြည်နယ်အစိုးရ တစ်နှစ်တာ လုပ် ဆောင်မှု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည်လည်း ကျောက်မီးသွေးစက်ရုံ မအောင်မြင်ပါက ပြည်သူပေးသည့်ပြစ်ဒဏ် ခံယူမည်ဟု ဇွန် ၂၁ ရက်နေ့က ဘားအံတွင် ပြုလုပ် သည့် ကျောက်မီးသွေးစက်ရုံစီမံကိန်း ဆွေးနွေးပွဲတစ်ခုတွင် ပြောခဲ့သည်။တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက် တာလဲ့လဲ့မော်ကတော့ တိုင်းအစီအစဉ် ဖြင့် ကျောက်မီးသွေး လုပ်ရန်အလား အလာ မရှိဟု ဇွန်လ ၃၀ ရက်နေ့တွင် တနင်္သာရီအပတ်စဉ်သို့ ပြောသည်။

“ကျောက်မီးသွေးက ဘယ်သူက လုပ်မယ်လို့ ပြောထားလို့တုန်း၊ တို့ နိုင်ငံမှာ တို့ဒေသမှာ LNG (သဘာဝ ဓာတ်ငွေ့)ရှိပြီးသားကိုဘာလို့ ကျောက် မီးသွေးလုပ်မှာလဲ”ဟု ဒေါက်တာလဲ့လဲ့ မော်က ပြောသည်။
တနင်္သာရီတိုင်းတွင် LNG (သဘာဝဓာတ်ငွေ့) ဖြင့်သာ လျှပ်စစ်ပေး မည်ဖြစ်ပြီး လက်ရှိရေနက်ဆိပ်ကမ်း စီမံကိန်းတွင်လည်း LNG ကိုသာ အသုံးပြုနေကြောင်း ၎င်း က ပြောသည်။

တနင်္သာရီတိုင်းအတွင်း နောက် ထပ် စွမ်းအင်လိုအပ်ချက်များအတွက် ကရင်တွင် ဆောက်လုပ်မည့် ၁၂၀၀ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေးစက်ရုံနှင့် ချိတ်ဆက်ရန် ကရင်ပြည်နယ် ဝန်ကြီး ချုပ် ဒေါ်နန်းခင်းထွေးမြင့်နှင့် ပြောဆို ထားပြီးသားဟု ဆိုသည်။
“ကရင်မှာ ၁၂၀၀ (မဂ္ဂါဝပ်) လုပ်ဖို့ လုပ်နေပြီလေ။ တို့သွားပြီး လိုင်းသွားဆွဲ မှာပေါ့။ ပြောထားပြီးသား အန်တီနန်း (ဒေါ်နန်းခင်ထွေးမြင့်) တို့လုပ်ရင် ကျွန်မတို့ လိုင်းဆွဲမယ်လို့” ဟု ဒေါက် တာလဲ့လဲ့မော်ကပြောသည်။

သို့သော် တိုင်းအစိုးရ၏ စီမံခန့် ခွဲပိုင်ခွင့်မှာ ၃၀ မဂ္ဂါဝပ်ထုတ် ကျောက်မီး သွေးစက်ရုံသာဖြစ်ပြီး ၁၀၀ မဂ္ဂါဝပ်ထုတ် စက်ရုံဆိုပါက ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲပိုခွင့်ရှိသဖြင့် ပြည်ထောင်စု အစိုးရက ခွင့်ပြုပါက တိုင်းအစိုးရ ဘာမျှ မတတ်နိုင်ဟု ၎င်းက ဆိုသည်။
အကယ်၍ဥပမာအားဖြင့် ထားဝယ် ရေနက် ဆိပ်ကမ်းစီမံကိန်း အတွက် ၁၀၀ မဂ္ဂါဝပ် ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည်ဟု သက်ဆိုင်ရာ ကုမ္ပဏီက ပြည်ထောင်စုသို့ တင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရမှ ခွင့်ပြုလိုက်လျှင် တိုင်းအစိုးရ လုပ်ပိုင်ခွင့် မဟုတ်သဖြင့် ကန့်ကွက်ရန် မတတ်နိုင်ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

“ကျွန်မကတော့ လုပ်ဖို့ အလား အလာ မရှိဘူး၊ ဒါပေမဲ့ ပြည်ထောင်စုက ခွင့်ပြုမယ်ဆိုရင် ကျွန်မတို့က ကန့် ကွက်လို့ မရဘူး၊ ဘာကြောင့်ဆို ကျွန်မ တို့ စွမ်းဆောင်နိုင်တာ ၃၀ မဂ္ဂါဝပ်ပဲ”ဟု ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
ကန့်ကွက်ပိုင်ခွင့်ရှိသူက အရပ် ဘက်အဖွဲ့အစည်း CSO များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ NGO များ ဖြစ်ကြောင်း ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
၃၀ မဂ္ဂါဝပ်ထက်ပိုက တိုင်းအစိုးရ စီမန်ခန့်ခွဲခွင့်မရှိဆိုသော်လည်း ကျောက် မီးသွေးစက်ရုံကြီးများအတွက် တိုင်းအစိုးရမှ သဘောထားမှတ်ချက်ပေး ပိုင်ခွင့်ရှိပြီး ယင်းမှတ်ချက်သည် အရေး ကြီးကြောင်း အရပ်ဘက်အဖွဲ့အစည်း များက ထောက်ပြကြသည်။

ကျောက်မီးသွေးစက်ရုံ စီမံကိန်း များ ပြည်ထောင်စုအစိုးရက အတင်း အကြပ်လုပ်မည်ဆိုက တိုင်းအစိုးရ၏ ရပ်တည်ချက်သည် သမိုင်းမှတ် ကျောက် ဖြစ်လာမည်ဟု ထားဝယ်ဖွံ့ဖြိုးရေး အဖွဲ့ DDA၏ ဒါရိုက်တာ ဦးသန့်ဇင်က ပြောသည်။
“ကျောက်မီးသွေးမလုပ်ဘူးလို့ ပြောထားပြီးသားလေ၊ အဲဒါက ကျွန်မ တို့ မလုပ်ဘူးဆိုပြီး ပြောရုံပဲ ရှိမယ်။ ပြည်ထောင်စုက ဘယ်လောက်ပဲလုပ်ချင် နေပါစေ ဖက်ဒရယ် ဒီမိုကရေစီရဲ့ အနှစ် သာရပဲလေ တနင်္သာရီတိုင်းက မလိုချင် ဘူး၊ တိုင်းအစိုးရကလည်း မလုပ်ဘူးလို့ ပြောထားပြီးသားကို” ဟု ဦးသန့်ဇင်က ပြောသည်။

“ကျောက်မီးသွေးဆောက်ချင်နေတဲ့သူတွေကိုလည်း ထားဝယ်ကိုလာပေါ့ ကွင်းထဲမှာ စင်ထိုးပြီးပြောရဲတယ်”
NLD ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ကျောက်မီးသွေး သုံး လျှပ်စစ်ထုတ်ရန်မပါဝင်ဘဲ အသေး စားဇီဝသုံး တစ်နိုင်တစ်ပိုင်လျှပ်စစ်ဓာတ် အားလုပ်ငန်းကို အားပေးမည်ဟု အတိ အလင်းရေးသားထားကြောင်း ၎င်းက ထောက်ပြသည်။

“ကျွန်တော်တို့က အစိုးရသစ် တက်လာတုန်းက ပြောထားတဲ့အတိုင်း လုပ် မလုပ် ဆိုတာပဲကြည့်မယ်”ဟု ၎င်းက ဆိုသည်။
DDA သည် စွမ်းအင်နှင့် အခြား လူမှုတရားမျှတမှုဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် ထားဝယ်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
စက်မှုဇုန်များနှင့် ပတ်သက်၍လည်း အခုချိန်အထိ အစိုးရသဘော ထားအား ရှင်းလင်းစွာ မသိရသေးဘဲ အဝေးရောက် ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေး စီမံကိန်းများ လိုအပ်သည်ကို လက်ခံ သော်လည်း ထိုစက်ရုံများက မဂ္ဂါဝပ် များစွာ လိုမလို တွက်ချက်သင့်ကြောင်း ဦးသန့်ဇင်က ထောက်ပြသည်။

လျှပ်စစ်စွမ်းအင်နှင့် ပတ်သက် သည့် ဆောင်းပါးများ ရေးသားနေသော ဒေါက်တာဝင်းထိန်က တနင်္သာရီတိုင်း အတွင်း လျှပ်စစ် ၃၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်နေပြီး ယင်းသည် လူနေအိမ် နှင့် အသေးစား စက်မှုလုပ်ငန်းများတွင် သုံးစွဲနေကြောင်း ပြောသည်။
အကြီးစား စက်မှုလုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက ယခုထုတ်လုပ် နေသည့် စွမ်းအင်နှင့် မလုံလောက်ဟု ဒေါက်တာဝင်းထိန်က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရ တက်လာသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ် သော်လည်း စီးပွားရေး၊ စွမ်းအင် ကဲ့သို့သော မူဝါဒများ ရှင်းရှင်းလင်းလင်း မရှိသည့် အပေါ် ဝေဖန်မှုများ ရှိနေသည်။

လက်ရှိတိုင်းအစိုးရတွင် စွမ်းအင် နှင့် ပတ်သက်၍ မူဝါဒ ခိုင်ခိုင်မာမာ မရှိသည့်အပေါ် အားမလိုအားမရ ဖြစ်ရ ကြောင်း တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့် ဆွေက ပြောသည်။
“ဖောက်ထွက်စေချင်တယ်၊ ဒီ ကျောက်မီးသွေး၊ ဟိုက်ဒရိုပါဝါ (ရေ အားလျှပ်စစ်) ဆိုတဲ့ပုံစံ မဟုတ်ဘဲနဲ့ပေါ့၊ အခြားလျှပ်စစ်ရနိုင်တဲ့နည်းတွေ အများ ကြီး ရှိတယ်လေ” ဟု ဦးရဲမြင့်ဆွေက ပြောသည်။

လက်ရှိတိုင်းအစိုးရအဖွဲ့သည် ဂျပန်နိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင် သွား ရောက်ကာ ခရီးစဉ်အတွင်း ကျောက် မီးသွေး စက်ရုံများကို လေ့လာခဲ့သည်။
ဂျပန်တွင် လုပ်နေသည့်ပုံစံအတိုင်း လုပ်ဆောင်မည်ဆိုပါက အဆင်ပြေ မည်ဟု ယူဆကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည် လှိုင်က ပြောသည်။
“ကျွန်တော်တို့ သွားလေ့လာတဲ့ အထဲမှာဆို တချို့ပုံတွေမှာ ဖော်ပြသလို မီးခိုးလည်း တအား မထွက်ဘူး၊ မီးခိုး မှုန်မှုန်တွေပဲ ထွက်တယ်။ မျက်မြင်ပေါ့ လေ”ဟု ဦးကြည်လှိုင်က ပြောသည်။

NLD ဗဟို အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ပြောသည့် ကျောက်မီးသွေးက Clean Coal(သန့်စင်သော ကျောက်မီး သွေး)။
” Clean Coalကတော့ ပြောသာ ပြောတယ် ဈေးကြီးတယ်၊ သို့သော်လည်း (စွမ်းအင်အရ) မြန်တယ်” ဟု ဦးဝင်း ထိန်က ပြောသည်။
သန့်စင်သော ကျောက်မီးသွေး ဆို သည်မှာ ကျောက်မီးသွေးကြောင့် ဖြစ် ပေါ်လာသော ဆိုးကျိုးများကို နည်းနိုင် သမျှနည်းအောင် လျှော့ချလုပ်ကိုင်သော နည်းပညာဖြစ်ပြီးကုန်ကျစရိတ်၊ နည်း ပညာအားဖြင့် မြင့်မားသည်။ ထိုကြောင့် ဈေးသက်သာသဖြင့် ကျောက်မီးသွေး သုံးလိုသည်ဟူသော အကြောင်းပြချက် ကို သန့်စင်သော ကျောက်မီးသွေး သုံးပါ က မည်ကဲ့သို့ ဈေးသက်သာမည်နည်းဟု မေးခွန်းထုတ်မှုများရှိသည်။ ယင်းအပြင် မည်မျှသန့်စင် (ဘေးထွက်ဆိုးကျိုးနည်း) မည်နည်းဟူသော မေးခွန်းလည်း ရှိ သည်။

မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကတော့ ” Clean Coalဆိုတာ မရှိ”ဟု ပြတ်ပြတ်သားသား ပြောဆိုသည်။
” Clean Coal ဆိုတာ မြန်မာ နိုင်ငံမှာ ရှိကို မရှိတာ၊ လုပ်နိုင်ခြင်း မရှိ သေးဘူး၊ လက်ရှိလည်း မရှိဘူး၊ နောက် လုပ်ဖို့လည်း မလွယ်ဘူး၊ ငွေကြေးလည်း တအားကုန်တယ်၊ နည်းပညာလည်း တအား မြင့်တယ်၊ မဖြစ်နိုင်ဘူးလို့ပဲ ထင်တယ်” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
မီးခိုးထွက်ခြင်း မထွက်ခြင်းမှာClean Coal နှင့် မဆိုင်ဘဲ မီးခိုး မထွက်ရန် အခြားနည်းပညာ ဖြင့်လုပ် ၍ရကြောင်း ၎င်းက ပြောသည်။

Clean Coal ဆိုသည်မှာ ပထမ တန်းစားကျောက်မီးသွေးအား အမှုန့်လုပ် ကာ အမှုန့်မှ အငွေ့အဖြစ် အသွင်ပြောင်း ၍ ကျောက်မီးသွေးမှထွက်သည့် ဓာတ် ငွေ့ ၁၆ မျိုးအား အပြင်သို့ မရောက်ရန် ထိန်းချုပ်(အန္တရာယ် မရှိသည့်နေရာသို့ လွှဲပို့) ဖယ်ရှားပြီးမှ အပူရအောင်လုပ် သည့် နည်းပညာဖြစ်ပြီး အလွန်အဆင့် မြင့်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းနည်းပညာမှာ ငွေကြေးအကုန် အကျများလွန်းသဖြင့် အမေရိကန်ကဲ့သို့ ချမ်းသာသည့် နိုင်ငံတွင်ပင် ငွေကြေး မတတ်နိုင်သဖြင့် လုပ်ငန်းပြီးအောင်မြင် သည်အထိ မလုပ်နိုင်ဟု ၎င်းက ထောက် ပြသည်။အမေရိကတွင် Clean Coal အ တွက် နေရာ ၁၈ နေရာတွင် စီမံကိန်းချ လုပ်ဆောင်နေပြီး ယခုနှစ် ဖေဖော်ဝါရီလ အထိ လက်တွေ့ လုပ်နိုင်သည့်နေရာ တစ်နေရာမျှမရှိသည်ကို လေ့လာထား သည်ဟု ၎င်းက ဆိုသည်။
ဒေါက်တာထွန်းလွင်သည် အငြိမ်း စားပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာအစိမ်းရောင်ကွန်ရက်( Myanmar Green Network- MGN)၏ မိုးလေ၀သအပိုင်း တာဝန်ယူထားသည့် ပညာရှင်လည်း ဖြစ်သည်။

” Clean Coal ဆိုတဲ့ဟာကို ကျွန် တော်တို့အဖွဲ့ကလုံးဝလက်မခံပါဘူး။ သက်ဆိုင်ရာပညာရှင်တွေကလဲ Clean Coal မြန်မာနိုင်ငံမှာ မရှိဘူးလို့ သုံးသပ်တယ်။ ကမ္ဘာမှာလည်း အောင် မြင်အောင် မလုပ်နိုင်တာ” ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။
ထားဝယ် တိုင်းရင်းသားများပါတီ ၏ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အေးကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတိုက်အခံပါတီဘ၀က ကျောက်မီး သွေးကို တောက်လျှောက် ဆန့်ကျင်ခဲ့ပြီး ယခုမှလေသံပြောင်းသွားသည်ကို အံ့ဩမိကြောင်း ပြောဆိုသည်။

ယင်း လေသံပြောင်းမှုနောက်တွင် ကျောက်မီးသွေးသည်လည်း တံဆိပ် ပြောင်းအကပ်ခံရပြီး အကျိုးအပြစ် ပြောင်းလဲ သွားပြီလောဟု မေးခွန်းထုတ်သည်။
“တံဆိပ် ပြောင်းသွားပြီ။ ခြင်္သေ့ ကျောက်မီးသွေးတုန်းက နံပြီး ဒေါင်း ကျောက်မီးသွေး မွှေးသွားပြီ” ဟု ဦးမောင်မောင်အေးက ခနဲ့လေသည်။