အောက်ဆီဂျင်မဲ့ ဒီမိုကရေစီ နိုင်ငံတော်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တကယ်တော့ သတင်းလွတ်လပ်ခွင့် လို့ ဆိုလိုက်ရင် သတင်းထောက်တွေ၊ သတင်းမီဒီယာအတွက် မဟုတ်ပါ။ ပြည် သူတွေရဲ့လွတ်လပ်စွာ သတင်းသိပိုင်ခွင့် အတွက် ဖြစ်ပါတယ်။

ကိုယ်တင်ထားသော အစိုးရ ဘာလုပ် နေလဲ သိပိုင်ခွင့်၊ ဘာမလုပ်ဘူးလဲ သိပိုင်ခွင့် ဖြစ်ပါတယ်။ ပြီး ပြန်လည် ထောက်ပြဝေဖန်ပိုင်ခွင့် ဖြစ်ပါတယ်။ သတင်းစာပညာ ဆိုတာ အဲလို ပြည်သူလူ ထုရဲ့ သိပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့်၊ သိရမဲ့ ကိစ္စတွေကို ဖြည့်ဆည်းပေးရာမှာ သုံးတဲ့ ပညာရပ် ဖြစ်ပါတယ်။ (သတင်းလွတ် လပ်ခွင့်ကို အလွဲသုံးပြီး ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို မဖြည့်ဆည်းနိုင်ရင် အဲဒီမီဒီယာ ကျဆုံးမှာ ဖြစ်ပါတယ်။ အဲဒါတွေက သူ့သဘော သူဆောင်ပါတယ်)
မြန်မာပြည်မယ်တော့ သတင်းလွတ် လပ်ခွင့်လို့ ဆိုလိုက်ရင် အရင် ငါးနှစ် မတိုင်မီ (၂၀၁၂ မတိုင်မီ)က အထိ ပြန် ကြားရေးက စာပေကင်ပေတိုင်ရုံးကို ဆင်ဆာတင်ထုတ်ရတာကိုပဲ ပြောတာ များ ပါတယ်။ မင်းတို့ရေးချင်တာတွေ ငါတို့ ဆီတင်၊ ငါတို့ ခွင့်ပြုသလောက်ပဲ ထုတ် ဆိုတာမျိုး။Before Publishingဆင်ဆာပေါ့။

ဒါပေမဲ့ နောက်ပိုင်းကျတော့ After Publishing ဆင်ဆာကို တွင်တွင် ကျယ်ကျယ် ပြောလာကြပါတယ်။ လွတ် လွတ်လပ်လပ်တော့ ရေးသားဖြန့်ချိလို့ရ တယ်။ ပြီးရင်တော့ တရားစွဲခံရဖို့ ပြင် ထား၊ အဖမ်းခံရဖို့ ပြင်ထား ဆိုတာမျိုး။ ဖိလစ်ပိုင်က ဆရာတစ်ယောက်နဲ့ တွေ့ တော့ ငါတို့ဆီမှာတော့ တရားစွဲ မနေဘူး။ တစ်ခါတည်း ပစ်သတ်လိုက်ရောတဲ့။ အေးရော။ ဖိလစ်ပိုင်နိုင်ငံက သတင်းစာ ဆရာတွေကို လုပ်ကြံတဲ့နေရာမှာ နာမည် ကျော်ပါတယ်။
အခုတော့ လတ်တလော မြန်မာပြည် မှာ သတင်းစာဆရာတွေ အဖမ်းခံထားရတဲ့ နှစ်မှုကို ကြည့်ရင် Before ရော After ရောပါ ကြီးကြီးမားမား ခြိမ်းခြောက် ခံနေ ရတယ်ဆိုတာ ပြနေတယ်။

The Voice အယ်ဒီတာချုပ်ဟာ သတင်းစာမှာ သရော်စာတစ်ခု ဖော်ပြပြီး အွန်လိုင်းမီဒီယာပေါ် တင်ခဲ့လို့ဆိုပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) တရားစွဲထားပါတယ်။ အခု အာမခံမရဘဲ အင်းစိန်ထောင်မှာပါ။ အဲဒါက ပုံနှိပ် ထုတ်ဝေဖြန့်ချိပြီးမှ မီဒီယာလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရတဲ့ ဖြစ်စဉ်ပါ။
သရော်စာဆိုတာ စိတ်ကူးယဉ် အမျိုးအစား ဖြစ်ပြီးတော့ ဖြစ်ရပ်တစ်ခုခု (ဒါမှ မဟုတ် ဖြစ်ရပ်တွေ) ကို ရယ်ရွင် ဖွယ်ဟန်နဲ့ ဝေဖန်စောကြောတဲ့ စာပေ အမျိုးအစားပါ။

နောက်ပြီး သိပ်မကြာသေးခင်ကပဲ သတင်းထောက်သုံးဦး တအာင်းပလောင် နယ်မြေမှာ သတင်းသွားယူပြီး အပြန် မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မနဲ့ တရားစွဲခံထားရပြန်တယ်။ ဒါက ပုံနှိပ်မထုတ်ဝေမီ၊ မရေးသားမီတောင် မီဒီယာလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရတဲ့ အနေအထားဖြစ်ပါတယ်။Before Publishingဆင်ဆာပါ။

ချမ်းသာတိုးတက်ပြီး ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာတော့ ပုံနှိပ် မထုတ်ဝေမီကော၊ ထုတ်ဝေပြီးကော သတင်းမီဒီယာ လွတ်လပ်ခွင့် ခြိမ်း ခြောက်ခံရမှုဆိုတာ မရှိသလောက်ပါပဲ။ဒါပေမဲ့ သူတို့ဆီမှာ သတင်းစာ ပညာနဲ့ သတင်းလွတ်လပ်ခွင့်ကို ခြိမ်း ခြောက်နေတဲ့ ပုံစံကတော့ တစ်နည်းတစ်ဖုံ ဖြစ်ပါတယ်။

သတင်းစာပညာနဲ့ သတင်းလွတ် လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ အရာကPR တွေတဲ့။ အစိုးရဌာနတွေ၊ ကုမ္ပဏီ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေမှာ ရှိတဲ့ Public Relation လို့ခေါ်တဲ့ ဝါဒဖြန့်ချိရေးဌာန (တော်တော်များ များကတော့ လူထုဆက်ဆံရေးဌနလို့ ခေါ်ကြတယ်။)တွေက သူတို့ လူတွေကို သိစေချင်တာကိုပဲ အကဲပေးပြီး ထုတ် လွှင့်ပြောဆိုတာ၊ လူတွေသိရမယ့် အပိုင်း တွေကို ဖုံးထားတာ၊ သိပိုင်ခွင့်ရှိတဲ့ အပိုင်းတွေကို လျှိုထားတာမျိုးတဲ့။ အဲဒါ က လူတွေရဲ့ သိပိုင်ခွင့်ရှိတဲ့ အရာတွေ မသိရအောင် လုပ်နေတာတဲ့။

ဒါကို ဒီလိုလုပ်ရ ကောင်းလားဆိုပြီး အပြစ်ပြောလို့ မရပါဘူး။ ကိုယ့် အစိုးရ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ဌာန၊ ကုမ္ပဏီ အကြောင်း လူသိလာအောင်လုပ်တာ၊ လူအများသိပြီး ဂုဏ်သတင်းကျော်ဇော လာအောင်လုပ်တာလည်း ပညာရပ်တစ်ခု အဖြစ် ရှိပါတယ်။

ဒါပေမဲ့ လွတ်လပ်တဲ့ သတင်း ထောက်တွေ၊ သတင်းမီဒီယာတွေကတော့ အဲဒီလိုမျိုး သူတို့ လူထုကို ပေးသိချင်တဲ့၊ လူထုကြားထဲ ကြွားချင်တဲ့ ကိစ္စတွေကို ကျော်ကြည့်ကြပါတယ်။ သူတို့ဆီက အများပြည်သူသိသင့်တဲ့ (ဖုံးထားတဲ့) ကိစ္စတွေ ဘာတွေရှိလဲ ဖော်ထုတ်ပါတယ်။ လူထုကို အစီရင်ခံ သတင်းတင်ပြပါတယ်။
သတင်းထောက်ပျင်းတွေအတွက် အဲဒီ ဝါဒဖြန့်ချိရေးဌာနတွေက ထုတ်ပေး တဲ့ အသင့်သုံး အချက်အလက်တွေက ခူးပြီးခပ်ပြီးသား။ သတင်းတစ်ပုဒ် ရေးဖို့ အသင့်ဖြစ်လောက်တဲ့ အချက်အလက်တွေ ထုတ်ပေးပါတယ်။ အမယ် စကားပြော ကုတ်လေးတွေတောင် အသင့်ပါသေး ဆိုတာမျိုး။ သတင်းထောက်ပျင်းက လည်း အဲဒီထုတ်ပေးတဲ့ အချက်အလက် လေးကိုပဲ သတင်းထိုင်ရေး၊ အဲဒီ ဌာန / ကုမ္ပဏီက ကြွားစေချင်တဲ့ဟာကို ကြွား ပေး။ အဲလိုတွေများလာပြီဆိုရင် သတင်းစာပညာ ကျဆင်းလာခြင်း၊ လူတွေ သိပိုင်ခွင့် ကျဆင်းလာ ခြင်းပဲ။
ကမ္ဘာကျော် ဩဇာကြီး စာရေး ဆရာကြီး ဂျော့ခ်ျအိုဝဲ ပြောတာ တစ်ခု သတိရတယ်။

“သတင်းစာပညာဆိုတာ (တစ်ဦး၊ တစ်ဌာနက) ရေးသားထုတ်ဝေလိုခြင်း မရှိ၊ လူတွေကို ပေးမသိစေလိုတဲ့ အရာ တွေကို ဖော်ထုတ်ရေးသား ထုတ်ဝေခြင်း တဲ့။ ကျန်တာတွေက ဝါဒဖြန့်ချိရေး (Public Relation) ပါ” တဲ့။

ဆိုတော့ မြန်မာပြည်မယ် လွတ် လပ်တဲ့ မီဒီယာအကြောင်းပြောရင်၊ မီဒီယာလွတ်လပ်ခွင့် အကြောင်းပြောရင် ရယ်စရာ၊ ဟားစရာ၊ သတင်းမီဒီယာ သမားတွေကို အပြစ်တင် စောကြော လုပ်နေကြသူတွေကို တွေ့ရတော့ ဒီမိုကရေစီအတွက် ရင်လေးမိတယ်။
လွတ်လပ်တဲ့ မီဒီယာ၊ မီဒီယာ လွတ်လပ်ခွင့် အကြောင်းဆိုတာ အမှန် စင်စစ်လူထုလွတ်လပ်စွာ သတင်းသိပိုင် ခွင့်ပါပဲ။

လွတ်လပ်တဲ့ မီဒီယာ၊ လွတ်လပ်တဲ့ သတင်းစာဆရာတို့အကြောင်း ပြောရင် မျက်ခုံးပင့်ကြ၊ ဟားကြတာဟာ အစိုးရ ဝါဒဖြန့်ချိရေးအတွက် ထုတ်တဲ့ ကြေးမုံ တို့၊ မြန်မာ့အလင်းတို့၊ မြန်မာ့ရုပ် မြင်သံကြားတို့၊ နောက်ပြီး ပါတီထုတ် သတင်းစာတွေဖြစ်တဲ့ ဒီလှိုင်းတို့၊ ပြည်ထောင်စုနေ့စဉ် တို့လိုမျိုး ဝါဒဖြန့် ချိရေး မီဒီယာတွေနဲ့ ဒီမိုကရေစီ တည် ဆောက်ချင်တာလား ဆိုပြီးတွေးမိတယ်။

Facebook ရှိရင်ပဲ ရပြီထင်နေလား မသိ။ လူတိုင်း အမည်ပေး ရေးချင်တာရေး လို့ရတဲ့ Facebookနဲ့ တိုင်းပြည်တည် ဆောက်ချင်တာလား မသိဘူးဆိုပြီး တွေးမိတယ်။
အဲဒီလို ဝါဒဖြန့် မီဒီယာတွေကနေ ခေါင်းဆောင်ကြီး အမြော်အမြင်ရှိ ကြောင်း၊ မည်မျှ တန်ဖိုးကြီးကြောင်း၊ ပြည်သူ့ပါတီ ဘယ်လောက်အထိ လူတွေ အပေါ်ဂရုစိုက်ကြောင်း၊ ဘယ်လောက် အလုပ်လုပ်ကြောင်း၊ သစ်ပင်တွေ ဘယ်နှစ်ပင် စိုက်ပြီးကြောင်း၊ လယ်ထဲကို ဘယ်လို ဆင်းပြီး လယ်သမားတွေကို ဂရုစိုက် ကြောင်း၊ လမ်းဘယ်နှစ်လမ်း ဖောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးကြောင်း၊ ပြည်သူ့အသံကိုဘယ်လို နားထောင် ကြောင်း၊ ဘာဖြစ်ကြောင်း၊ ညာဖြစ် ကြောင်းတွေပဲ ကြားချင်နေတာလား မသိ။ဒီလိုဆိုရင်တော့ တရုတ်လို၊ ဗီယက်နမ်လို၊ လာအိုလို ကွန်မြူနစ် နိုင်ငံတွေရဲ့ ဝါဒဖြန့်ချိရေး လွှမ်းတဲ့ သတင်းသိပိုင်ခွင့် အဆင့်အတန်းနဲ့ ဒီမိုကရေစီပဲရမှာ ဖြစ်ပါတယ်။

အဲဒီမှာ ခေါင်းဆောင်ကြီး ဘယ် လောက်တော်ကြောင်း၊ ပြည်သူ့ပါတီ ဘယ်လို အလုပ်လုပ်ကြောင်းတွေပဲ ရွှန်းရွှန်းဝေအောင် ဖော်ပြကြတာကိုး။ ဒါပေမဲ့ စင်ကာပူတို့ ဘာတို့ကတော့ နည်းနည်း ပါးနပ်တယ်။ အဲဒါအကြောင်း တွေကို ပါးပါးလေးပုတ်ပြီး ဖော်ပြကြ တယ်။ နောက်ပြီး လွတ်လပ်တဲ့ မီဒီယာ တွေကို နည်းအမျိုးမျိုးနဲ့ နှိပ်ကွပ်ထား တယ်။

ကမ္ဘောဒီးယားမှာတော့ လွတ်လပ် တဲ့ မီဒီယာတွေကို တရားစွဲတာ၊ ခြိမ်း ခြောက်တာ၊ သတင်းထောက်တွေကို လာဘ်ပေးပြီး ဖျက်ဆီးတာ စတဲ့ နည်း အမျိုးမျိုးနဲ့ ကိုင်တွယ်ပါတယ်။မြန်မာပြည်ကတော့ ဘယ်လမ်း ကြောင်း လိုက်မှာလဲ။ ထပ်ပြောပါရစေ။
သတင်းလွတ်လပ်ခွင့်လို့ ဆိုလိုက် ရင် သတင်းထောက်တွေ၊ သတင်းမီဒီယာ အတွက် မဟုတ်ပါ။ ပြည်သူတွေ၏ သတင်းလွတ်လပ်စွာ သိပိုင်ခွင့် အတွက် ဖြစ်ပါတယ်။
သတင်းလွတ်လပ်ခွင့် ပိတ်ပင်တာ ဟာ ပြည်သူတွေရဲ့ သတင်းလွတ်လပ်စွာ သိပိုင်ခွင့်ကို ပိတ်ပင်တာပါ။
ဒီမိုကရေစီရဲ့ အောက်ဆီဂျင်ကို ပိတ်ပင်တာပါ။
ခွန်းသု

(စာရေးသူမှာ ရန်ကုန်အခြေစိုက် The Voice Weekly သတင်းဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဖြစ်သည်။)