အဖမ်းအဆီးများပြီးနောက် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားအချို့ နေရပ်ပြန်

0
379

အဖမ်းအဆီး များလာသည့်အတွက် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ် သမားအချို့ နေရပ်ပြန်လာနေ ကြသည်။
ထိုင်းအစိုးရသည် နိုင်ငံခြားသား အလုပ်သမားများ၏ အလုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေ စီမံချက်အရ တရားမဝင်အလုပ် လုပ်ကိုင်နေထိုင် နေသော နိုင်ငံခြားသား အလုပ်သမား များကို ဒဏ်ငွေဘတ်နှစ်ထောင်မှ လေး သိန်းအထိနှင့် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ဇွန်လ ၂၀ ရက်တွင် ကြေညာခဲ့ပြီး ဖမ်းဆီးမှုများကို စတင်ခဲ့ သည်။

ဇွန်လ ၁ ရက်တွင် ကော့သောင်း နယ်စပ်ဂိတ်မှ တဆင့် အလုပ်သမား ၇၀ ကျော် နေရပ်ပြန်လာကြပြီး နောက် ရက်များတွင် ပြန်လာမည့် မြန်မာ အလုပ်သမားရာချီ စောင့်ဆိုင်းနေ သည် ဟု ပူခက်အခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ MNP အဖွဲ့မှ သိရသည်။
“အလုပ်ရှင် အလုပ်သမား ကွဲလွဲ နေတဲ့ အချက်တွေကို ရက်ပေါင်း ၁၂၀အတွင်း ပြေလည်အောင်လုပ်ဖို့ကို လည်း ထိုင်းအစိုးရက ကြေညာထား သလို၊ အချက်အလက် ကိုက်ညီမှုမရှိရင် ဖမ်းဆီးအရေးယူမှုတွေ လုပ်မယ်လို့ ကြေညာထားတယ်။ အခု လက်ရှိအနေ အထားမှာ နေရပ်ပြန်ချင်သူတွေရှိရင်လည်း ပြန်ဖို့ ခွင့်ပြုထားတယ်”ဟု အလုပ်သမား သံအရာရှိ ဦးခင်အောင်မြင့်က ဆိုသည်။

ဇွန်လနှောင်းပိုင်းတွင် ဥပဒေသစ် အရ အဖမ်းအဆီးများ ခဲ့သော်လည်း ဇွန်လ ၃၀ ရက်က စပြီး ရက်ပေါင်း ၁၂၀ အတွင်း အဖမ်းအဆီး ရပ်ဆိုင်း ထားမည်ဟု ထိုင်းအစိုးရက အကြောင်း ကြားလာကြောင်း အလုပ်သမား ညွှန် ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချူပ် ဦးမောင်မောင်ကျော်၏ ပြောကြား ချက်ကို ကိုးကားပြီး The Voiceသတင်းစာ ဝက်ဘ်ဆိုဒ်တွင် ဇွန်လ ၃၀ ရက်က ဖော်ပြသည်။

ထားဝယ်ခရိုင် ထီးခီးနယ်စပ်ဂိတ် တွင်လည်း ဇွန်လ ၂၀ ရက်ဝန်းကျင် ကစပြီး ထီးခီးမှ ပြန်သည့် ခရီးသည် (ရွှေ့ပြောင်းလုပ်သား) ရရှိမှုမှာ ယခင် ကာလများထက် ၃ ဆခန့် မြင့်တက်လာ ကြောင်း ထားဝယ်-ထီးခီး ပြေးဆွဲနေ သည့် ယာဉ်လိုင်းအချို့ထံမှ သိရသည်။
သို့သော် တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူး ရုံး(လ၀က)မှ လ၀က ဒုတိုင်းဦးစီးမှူး ဦးစိုးလွင်ကမူ နေရပ်ပြန်လာသည့် အလုပ်သမားဦးရေ ထူးထူးခြားခြား များပြားခြင်း မရှိဟု ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမား အများစုမှာ အလုပ်ခွင်အတွင်း အဖမ်းအဆီးများသဖြင့် နေရပ် ပြန်လို သော်လည်း လမ်းခရီးတွင် ဖမ်းဆီးနေမှု များ ရှိနေသည့်အတွက် အိမ်ပြန်မရဘဲ ပိတ်မိနေကြသည့် သဘောရှိကြောင်း ထားဝယ်ခရိုင် ကံပေါက်ကျေးရွာအုပ်စု တွင် နေထိုင်သည့် ကိုစိုးနိုင်က ပြောသည်။
၎င်းမှာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့အစွန်ရှိ စက်ရုံတွင် ၃ နှစ်ခန့် အလုပ် လုပ်နေရာမှ ဖမ်းဆီးမှုများနေသည့် အတွက် ဇွန်လ ၂၉ ရက်က ထီးခီး နယ်စပ်မှတစ်ဆင့် နေရပ်ပြန်လာသူ တစ်ဦးဖြစ်သည်။
“အဖမ်းမခံရခင် ကြိုပြီး ထွက်ပြေး လာတာ၊ လမ်းမှာလည်း နယ်စပ်အထိ စစ်ဆေးမှုတွေ အရမ်း များတယ်၊ အခုက ကားကို ငွေပိုပေးပြီး လမ်းကြောင်းနဲ့ ပြန်လာရတယ်”ဟု ကိုစိုးနိုင်က ပြော သည်။
ကော့သောင်းဘက်မှတဆင့် နေရပ် ပြန်လာသည့် အလုပ်သမားများ အား လူမှုရေးအဖွဲ့များနှင့် သက်ဆိုင်ရာ များက ကူညီလျက်ရှိသည်။