မြိတ်အဝေးပြေးကားဝင်းတွင် သေနတ် မိုးပေါ်ထောင်ပစ်သူကို ဖမ်းမိ

0
510

မြိတ်မြို့အဝေးပြေးကားဝင်း အတွင်းတွင် သေနတ် မိုးပေါ် ၅ ချက် ပစ်ဖောက်ခဲ့သူအား ကော့သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဇွန်လ ၅ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဇွန်လ ၄ ရက် ညနေက လူတစ်ဦး က အဝေးပြေး ကားဝင်းထဲရှိ မင်းမျက် ဝန်းစားသောက်ဆိုင်ရှေ့တွင် သေနတ် ၂ ချက်နှင့် ယင်းဆိုင်နှင့် မျက်စောင်းထိုးရှိ မွန်မလေး စားသောက်ဆိုင်ရှေ့တွင် ၃ ချက် မိုးပေါ်ထောင် ပစ်ဖောက်ခဲ့သည်။ သေနတ်ပစ်ဖောက်သူမှာ တလေန အမျိုးအစား မော်တော်ဆိုင်ကယ်ဖြင့် ကားဝင်းမှ အေးရိပ်ချောင်းလမ်းမကြီး အတိုင်း မောင်းထွက်ပြေးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ တချို့နှင့် မြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါသေနတ်ပစ်သူအား ဓာတ်ပုံ မှတ်တမ်းအရ စုံစမ်းခဲ့ရာ တနင်္သာရီ မြို့နယ် တကူကျေးရွာအုပ်စု ပြည်အေး ကျေးရွာနေသူဟု သိရှိခဲ့ရကြောင်း ရဲစခန်းမှ သိရသည်။ယင်းရွာနေ ဓာတ်ပုံပါသူ (သေနတ် ပစ်ဖောက်သူ)၏ ဇနီးဖြစ်သူမှာ ဘုတ် ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ တောင်ငယ်ရွာတွင် နေထိုင်ဟုသိရသဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့နယ်မှရဲတပ်ဖွဲ့ ဝင်များနှင့် အမှတ်၅၆၀ ခြေမြန်တပ်ရင်း တို့နှင့်ပူးပေါင်းဆောင်ရွက်မှုဖြင့် တောင်ငယ် ရွာရှိ ဥယျာဉ်ခြံတစ်ခုတွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သေနတ်ပစ်ဖောက်သူထံမှ ဂျာမနီနိုင်ငံထုတ် ၉ မမ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ပစ္စတိုအိတ်တစ်ခု၊ ထိုင်းဘတ်ငွေနှင့် မြန်မာငွေတချို့ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။” ဖမ်းဆီးရမိသူက လက်ရှိအနေ အထားအရ အခြားအဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုမရှိပါဘူး” ဟု မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်ထွန်းက ပြောသည်။

အခင်းဖြစ်နေရာမှ တွေ့ရှိရသည့် ကျည်ခွံတို့အား စစ်ဆေးခဲ့ရာ ၉ မမ ကျည်ခွံများဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သေနတ်ပစ်ဖေါက်သူအား မြို့မရဲစခန်း က (ပ)၁၁၇၇/၂၀၁၇ လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေး ဆောင်ရွက်နေကြောင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။