သံဖြူဇရပ် မြို့လယ် ဟင်္သာရုပ်ထု ကုန်တင်ကား ၀င်တိုက်

0
415
ကုန်တင်အား ၀င်တိုက်ထားသည့် ဟင်္သာရုပ်ထု ( ဓာတ်ပုံ - Minn Latt facebook )

မွန်ပြည်နယ် သံဖြူဇရပ်မြို့လယ်အဝိုင်းရှိ ဟင်္သာရုပ်ထုအား ကုန်တင်ကားတစ်စီး ဝင်တိုက်ပြီး ဟင်္သာရုပ်ထု ပြိုကျ ပျက်စီးသွား ကြောင်း သံဖြူဇရပ်မြို့ခံ မျက်မြင်များထံမှ သိရသည်။

အဆိုပါ ဟင်္သာကို ဧပြီ ၂၆ ရက် မွန်းလွှဲ ၁ နာရီကျော်က ဘိလပ်မြေတင်ဆောင်လာသည့် ၁၂ ဘီးတပ် ကုန်တင်ယာဉ်တစ်စီးမှ ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဘိလပ်မြေတင်ဆောင်ထားတဲ့ ၁၂ ဘီးယာဉ်တစ်စီးက ဝင်တိုက်သွားတာ၊ ဟင်္သာရုပ်ကတော့ ပြိုကျသွားတာပေါ့။ အသေးစိတ် ကိုတော့ မသိသေးဘူး”ဟု သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်က ပြောသည်။

သံဖြူဇရပ် မြို့လယ်အဝိုင်းနေရာတွင် ယခင်က ရုပ်ထုတစ်စုံတစ်ရာ ထားရှိထားခြင်းမရှိဘဲ ပြီးခဲ့သည့် ဖေဖော်ဝါရီကမှ ယင်းအဝိုင်း နေရာတွင် မွန်လူမျိုးတို့၏ သင်္ကေတဖြစ်သည့် ဟင်္သာရုပ်ထုကို ထားရှိခဲ့ခြင်း ဖြစ်သည်။

အမြင့် ၁၀ ပေ၊ အရှည် ၁၀ ပေရှိသည့် အဆိုပါ ဟင်္သာရုပ်ထုကို ဖေဖော်ဝါရီလ ၈ ရက်က အဝိုင်းနေရာတွင် ထားရှိခဲ့ပြီး တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့(ဖေဖော်ဝါရီ ၁၂ ရက်နေ့)တွင် ကျရောက်သည့် ၇၀ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် အခမ်းအနားဖြင့် ဖွင့်ပွဲပြုလုပ်ခဲ့သည်။