အနာကြီးရောဂါ လူနာသစ် လေးပုံတစ်ပုံခန့် ထိုင်းပြန် ရွှေ့ပြောင်းလုပ်သားများဖြစ်

0
362

တနင်္သာရီတိုင်းအတွင်း အနာကြီး ရောဂါပိုး တွေ့ရှိသူ လူနာသစ် လေးပုံ တစ်ပုံ (၂၅ ရာခိုင်နှုန်း)ခန့်မှာ ထိုင်းနိုင်ငံ မှ ပြန်ရောက်လာသည့် ရွှေ့ပြောင်း လုပ်သားများဖြစ်နေကြောင်း တနင်္သာရီ တိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။

တစ်နှစ်လျှင် အနာကြီးရောဂါသည် လူနာသစ် ၂၀ ဦးခန့် ပုံမှန်တွေ့ရှိနေရပြီး ထိုင်းနိုင်ငံမှ ပြန်လာသည့် ဒေသခံ ရွှေ့ပြောင်း လုပ်သားများတွင် အတွေ့ များကာ ရောဂါပိုးရှိသူနှင့် စုပြုံနေထိုင် ရခြင်းကြောင့်ဟု ယင်းအဖွဲ့ ခေါင်းဆောင် ဆရာဝန်က ပြောသည်။ရောဂါပိုးရှိသူ အနာမှထွက်သည့် အရည်နှင့် နှပ်ရည် စသည်တို့မှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပြီး အတူနေထိုင် သော်လည်း ကိုယ်ခံအား နိမ့်ကျနေသူများ ကိုသာ ကူးစက်မှုရှိကြောင်း ၎င်းကရှင်း ပြသည်။
“ရောဂါပိုးရှိသူနဲ့ အတူနေသူ ဆယ်ဦးလောက်မှာ ကိုယ်ခံအားနည်းတဲ့ နှစ်ဦးလောက်ကကူးစက် သွားကြတယ်” ဟု အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာနန္ဒဝင်းက ပြောသည်။

အနာကြီးရောဂါမှာ ရောဂါကူး စက်ပြီး ၅ နှစ်ခန့်ကြာမှသာ ရောဂါ လက္ခဏာပြလေ့ရှိကာ ရောဂါအခြေအနေ ဆိုးရွားလာပါက ခြေလက်တိုခြင်း၊ အာရုံကြောပျက်စီးထိခိုက်ခြင်းများ ဖြစ်ပွား လေ့ရှိကြောင်း သိရသည်။အနာကြီး ရောဂါလက္ခဏာများမှာ အရေပြားပေါ် အကွက်ထခြင်း၊ ထုံခြင်း၊ အကြောကိုက်ခဲခြင်းနှင့် မျက်ခုံးမွေး ကျွတ်ခြင်းစသည့်ဖြစ်စဉ်များ ဖြစ်ပွား လေ့ရှိကြောင်း ဒေါက်တာနန္ဒဝင်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် ကျန်းမာရေး ဝန်ထမ်းများကို သင်ကြားပေးထားပြီး အနာကြီးရောဂါနှင့်ပတ်သက်၍ သံသယ ရှိပါက စစ်ဆေး ကုသပေးနေကာ ရောဂါ အခြေအနေအပေါ်မူတည်ကာ ဆေး ကုသချိန်(သောက်ဆေး) ၆ လမှ ၁ နှစ် ခန့်အထိ ကြာမြင့်ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၀၃ ခုနှစ်က မြန်မာ နိုင်ငံတွင် လူဦးရေ တစ်သောင်းတွင် ၁ ဦး အောက်နှုန်းသာ ရောဂါပိုးရှိသည့် နိုင်ငံအဖြစ် ကြေညာခဲ့ပြီး လက်ရှိအချိန် တွင် တိုင်းအတွင်း နှစ်စဉ် လူနာသစ် ၂၀ ဦးခန့် တွေ့နေရကြောင်း ၎င်းက ဆိုသည်။

ယမန်နှစ်က ထားဝယ်ခရိုင်တွင် လူနာအသစ် ၁၀ ဦးနှင့် မြိတ်ခရိုင် (ကော့သောင်းအပါအဝင်) ၁၁ ဦး တွေ့ရှိ ထားကြောင်း တိုင်းဒေသကြီး အနာကြီး ရောဂါတိုက်ဖျက်ရေးအဖွဲ့ထံမှ သိရ သည်။